ဒီပဲယင်း – ၂၀၂၂ ဇန်နဝါရီ ၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီဟာ အမျိုးသားသုံးဦးကို ပစ်သတ်ပြီး ရုပ်အလောင်းတွေကို စိုက်ခင်းထဲပစ်သွားခဲ့ကြောင်း ဒေသခံက ပြောပါတယ်။
ဇန်နဝါရီ ၇ ရက် ညနေက ဒီပဲယင်းမြို့အနောက်ပိုင်း မဲသည်ရွာကားဂိတ်နားက အရက်ဆိုင်မှာ ထိုင်နေကြတဲ့ အမျိုးသားသုံးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် မနေ့က မနက်ခင်းပိုင်းမှာတော့ ပစ်ခတ်ဖမ်းဆီးခံရတဲ့ အမျိုးသားသုံးဦးရဲ့ ရုပ်အလောင်းတွေကို ယင်းတွေရွာမြောက်ဘက်ဧက(၁၀၀)စိုက်ကွင်းအနီးဝန်းကျင်မှာ ပြန်လည်တွေ့ရှိခဲ့ရကြောင်း ဒေသခံက ပြောပါတယ်။
သတ်ဖြတ်ခံရသူတွေဟာ မဲသည်ရွာက ကိုဖြိုး ၊ ယင်းတွေရွာက ကိုရွှေပြည့်အောင်၊ ပုဂံရွာက ကိုမျိုးဝင်းတို့ ဖြစ်ကြောင်း နယ်ခံတို့ကပြောပါတယ်။
ယနေ့ မနက်ပိုင်းမှာလည်း အဆိုပါ မဲသည်ကားဂိတ်အနီးကို အာဏာသိမ်းစစ်တပ်နဲ့ရဲတွေ ရောက်ရှိနေပြီး အင်အားသုံးဆယ်ခန့်ရှိကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီဇင်ဘာလ ၃၀ ရက်နေ့ကလည်း စစ်ကောင်စီတပ်တွေဟာ ဒီပဲယင်းမြို့နယ် ရွှေဒါးကံကျေးရွာအတွင်း ဝင်ရောက်ခဲ့ပြီး မွှေနှောက်ဖျက်ဆီးမှုများ ပြုလုပ်သွားရုံသာမက ပြည်သူနှစ်ဦးကိုလည်း သတ်ဖြတ်သွားခဲ့ကြပါသေးတယ်။
#Dailynews

