ရန်ကုန်-၂၀၂၄ ဧပြီ ၉ (မော်ကွန်း)
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ပေါက်တောဝရပ်ကွက်အုပ်ချုပ်ရေးမှူး ဒီနေ့မနက် ၉ နာရီခွဲဝန်းကျင်က သေနတ်နဲ့ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်တွေ အင်းစိန်မြို့နယ်ထဲမှာ အစစ်ဆေးတင်းကြပ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“အဲဒီပစ်ခတ်မှုဖြစ်ပြီးတော့ အင်းစိန်ပေါက်တောဝဝန်းကျင်မှာ(စစ်ကောင်စီတပ်တွေနဲ့ရဲတွေ) လမ်းပိတ် စစ်ဆေးရေးလုပ်နေတယ်။ လေးဘက်လေးတန်ပိတ်စစ်နေလို့ အဲဒီနားမှာ ကားတွေပိတ်နေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပေါက်တောဝရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဌေးမြင့်ဟာ မုန့်ဟင်းခါးစားနေစဉ် သေနတ်သမားတစ်ဦးက ပစ်သတ်သွားတာလို့ အင်းစိန်ဒေသခံတွေကဆိုပါတယ်။
အဲဒီအုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီကပြဌာန်းထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်နေသူတစ်ဦးဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။
လက်ရှိအချိန်ထိတော့ ပေါတောဝအုပ်ချုပ်ရေးမှူးကို ဘယ်အဖွဲ့ကပစ်သတ်သွားတယ်ဆိုတာကို မသိရသေးသလို စစ်ကောင်စီတပ်တွေက အင်းစိန်မြို့နယ်အတွင်း ပိတ်ဆိုစစ်ဆေးနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
၂၀၂၂ ဇန်နဝါရီတုန်းကလည်း ပေါက်တောဝရပ်ကွက်၊ ရာအိမ်မှူးကျော်ဇော်ဟိန်းဆိုသူ ပစ်သတ်ခံခဲ့ရပါသေးတယ်။
ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးမှာ စစ်ကောင်စီက အတည်ပြုပြဌာန်းထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ပက်သက်ပြီး ပူးပေါင်းဆောင်ရွက်နေသူတွေကို မြို့ပြပျောက်ကြားအဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ တော်လှန်ရေးအဖွဲ့တွေက အရေးယူမယ်လို့ အသီးသီးကြေညာပြီးနောက် ပစ်သတ်ခံရတဲ့ အုပ်ချုပ်ရေးမှူး ၂၀ ကျော်အထိရှိလာနေပြီဖြစ်ပါတယ်။

