တွံတေးမြို့နယ်ရှိ ရွှေနဂါးဓာတ်မြေသြဇာစက်ရုံကို ယာယီရပ်ထားရန် တိုင်းအစိုးရညွှန်ကြား

တွံတေးမြို့နယ်ရှိ ရွှေနဂါးဓာတ်မြေသြဇာစက်ရုံကို ယာယီရပ်ထားရန် တိုင်းအစိုးရညွှန်ကြား

ပုံစာ – တွံတေး – မအူပင်ကားလမ်းနဘေးရှိ ရွှေနဂါးဓာတ်မြေသြဇာစက်ရုံ
ဓာတ်ပုံ – ဦးရဲဝင်းထွဋ်

ဂေထော
ရန်ကုန်၊၂၀၂၀ ဇန်နဝါရီ ၂၇ (မော်ကွန်း)

ပတ်ဝန်းကျင်ညစ်ညမ်းစေသည့် တွံတေးမြို့နယ်ရှိ ရွှေနဂါးဓါတ်မြေဩဇာစက်ရုံကို ယနေ့တွင် တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦး ကွင်းဆင်းစစ်ဆေးခဲ့ပြီး စက်ရုံကို ယာယီရပ်ထားရန် ညွှန်ကြားခဲ့ကြောင်း တွံတေးမြို့နယ်၊ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦးက ပြောသည်။

တွံတေးမြို့နယ်၊ မအူပင်-တွံတေးကားလမ်းမဘေးရှိ ယင်းစက်ရုံကြောင့် လေထု၊ ရေထုနှင့်မြေဆီလွှာ ညစ်ညမ်းမှုဒဏ်ခံနေကြရသည့်အတွက် ဇန်နဝါရီ ၂၆ ရက်တွင် ဒေသခံများက တိုင်းအစိုးရအဖွဲ့ရုံးအထိ လာရောက်တောင်းဆိုခဲ့ရာ တိုင်းအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

” အခုလောလောဆယ် ရပ်ခိုင်းလိုက်တယ်။ ဒီဟာကို အစိုးရအဖွဲ့ကနေပြန်ပြီးတော့ စစ်‌ဆေးလို့ အနံမပျောက်မချင်း ပိတ်ထားဖို့ ဆုံးဖြတ်ချက်ပေးသွားတယ်။ လောလောဆယ် စက်ရုံလည်ပတ်မှု၊ မလည်ပတ်မှုကို စောင့်ကြည့်ဖို့ အဖွဲ့ဖွဲ့ခိုင်းသွားတယ်”ဟု ဒေါက်တာကျော်ဇင်ဦးက ပြောသည်။

ထိုစက်ရုံကို ဥပဒေအတိုင်း အရေးယူမှုများ လုပ်ဆောင်ပေးရန် ဒေသခံများက လိုလားနေသည်ဟု ရွာသားများကို ကူညီဆောင်ရွက်ပေးနေသည့် ဦးရဲဝင်းထွဋ်က ပြောသည်။

“ ဥပဒေချိုးဖောက်ခဲ့တဲ့သူကို ဥပဒေအရ အရေးယူရမယ်။ ပြီးရင် သူ့ကို အမည်ပျက်စာရင်းသွင်းသင့်ရင်သွင်းရမယ်။ ပြီးတော့မှ အစကနေပြန်ပြီး လိုင်စင်တွေ ချထားပေးတာမျိုးဖြစ်ရမှာ။ ဒါမျိုးတွေ မတွေ့ရဘူး။ အဲဒီအပေါ် ရွာသားတွေလည်း မကျေနပ်ဘူး”ဟု ယနေ့တွေ့ဆုံပွဲ အခြေအနေကို သူက ပြောသည်။

စက်ရုံမန်နေဂျာတစ်ဦးဖြစ်သူ ဦးဆန်းထွန်းဦးက “ လုပ်ငန်းပေါ့လျော့တာတွေရှိမယ်။ ဒါကြောင့်မို့လို့လည်း အနံတွေထွက်တယ်။ အမှုန်တွေထွက်တာရှိသွားတယ်။ ဒါကြောင့်မို့ အဲဒါတွေကို ကျွန်တော်တို့ ပြန်ကုစားရမှာပေါ့”ဟု ပြောသည်။

ထို့ကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စက်ရုံနှင့် ဆက်စပ်သည့်ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ သတ်မှတ်ထားသည့် စည်းကမ်းချက်များ၊ စက်ရုံ၌ လိုအပ်သည့် ကိရိယာများကို တပ်ဆင်ကာ ဒေသခံနှင့် အာဏာပိုင်အဖွဲ့အစည်းများ ကွင်းဆင်းစစ်ဆေးပြီး ကျေနပ်မှုရရှိမှသာ ပြန်လည်ပတ်ခွင့်ရရှိမည်ဟု ဦးဆန်းထွန်းဦးက ပြောသည်။

ယင်းစက်ရုံသည် ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပိုင်မြေ ဧက ၂၇.၇၇ ကို ဓာတ်မြေသြဇာများ သိုလှောင်ခြင်း၊ တင်ချခြင်းတို့ကို ပြုလုပ်မည်ဟုဆိုကာ တစ်နှစ် ကျပ်သိန်း ၆၀၀ ဖြင့် ငှားရမ်းလည်ပတ်နေသည့် စက်ရုံဖြစ်သည်။

သို့သော် သိုလှောင်ရုံအဖြစ်သာမက ကုန်ချောထုတ်လုပ်နေသည့် စက်ရုံအဖြစ်လည်ပတ်နေကြောင်း ဒေသခံများက ပြောသည်။ ထို့ကြောင့် ဘေးပတ်ဝန်းကျင်ရွာများရှိ သောက်သုံးရေကန်များ၊ စိုက်ပျိုးရေးခြံများနှင့် လေထုအတွင်း ညစ်ညမ်းမှုများနှင့် ကြုံနေရခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

ယနေ့ ကွင်းဆင်းစစ်ဆေးခဲ့သည့်အခြေအနေကိုမေးမြန်းနိုင်ရန် ဝန်ကြီး ဒေါ်မိုးမိုးစုကြည်ကို မော်ကွန်းက ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိပါ။


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."