ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၁၀ (မော်ကွန်း)
စစ်ကောင်စီဟာ တအာင်းပလောင် လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်တွေ ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို ဒီနေ့မနက်ပိုင်းက လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံသုံးဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရသွားတယ်လို့ မိုးကုတ်ဒေသခံတချို့က ပြောပါတယ်။
ဒီနေ့မနက်အစောပိုင်း တစ်နာရီခန့်က မိုးကုတ်မြို့အနောက်ပိုင်းမှာရှိတဲ့ ကျောက်မျက်ရတနာလုပ်ကွက်တစ်ခုကို Y-12 လေယာဉ်နဲ့ ဗုံးအလုံး ၂၀ ကျော် ကြဲချခဲ့တာလို့ဆိုပါတယ်။
“ ဝင်းထရံဆိုတဲ့ ကျောက်မျက်ရတနာလုပ်ကွက်ကို ကြဲသွားတာပါ။ စုစုပေါင်း သုံးဦးသေပြီး ၂၀ ကျော်ဒဏ်ရာရတယ်” လို့ မိုးကုတ်ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့လ ၈ ရက်ကလည်း စစ်ကောင်စီဟာ မိုးကုတ်မြို့တွင်းက ဂေါက်ကွင်းနဲ့ ဘုန်းတော်ကြီးကျောင်းတစ်ခုကို လေကြောင်းကတိုက်ခိုက်ခဲ့ပြီး နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ TNLA ထိန်းချုပ်နယ်မြေတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်ပြုလုပ်လာပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ TNLA ရဲ့ ထိန်းချုပ်နယ်မြေ နောင်ချိုမြို့ကို လေကြောင်းကနေဗုံးကြဲတာကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရသွားပါသေးတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့လ ၂၂ ရက်ကလည်း နောင်ချိုမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်တာကြောင့် လူရှစ်ဦးသေဆုံးခဲ့ကာ နေအိမ်နှစ်လုံးနဲ့ နောင်ချိုရဲစခန်း ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့လကုန်ပိုင်းကလည်း TNLA ထိန်းချုပ်နယ်မြေက ကျောက်မဲပြည်သူ့ဆေးရုံနဲ့ ခရိုင်အုပ်ချုပ်ရေးတို့ကို စစ်ကောင်စီက နှစ်ရက်ဆက်တိုက် လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် CDM ဆရာမနှစ်ဦးအပါအဝင် လေးဦးသေဆုံးပြီး လူ ၂၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာသွားပါသေးတယ်။
၁၀၂၇ စစ်ဆင်ရေးကာလမှာ TNLA တပ်ဖွဲ့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲ၊ နောင်ချို၊ သီပေါနဲ့ နမ့်ခမ်းမြို့တွေအပြင် မန္တလေးတိုင်းက မိုးကုတ်မြို့တို့ကိုသိမ်းထားနိုင်ခဲ့ပြီး ဒီဒေသတွေမှာ TNLA ရဲ့ အုပ်ချုပ်ရေး ယန္တယားကိုလည်ပတ်နေပြီး စစ်ကောင်စီကလည်း ဒီမြို့တွေကို လေကြောင်းကနေ ဆက်တိုက် တိုက်ခိုက်နေတာပါ။
စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ကာ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းသတိရှိဖို့ TNLA က ထုတ်ပြန်ထားပါတယ်။
ပုံစာ – လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ အပျက်အစီးတွေကိုမြင်ရစဉ်
ဓါတ်ပုံ – မိုးကုတ်သတင်းစုံ တယ်လီဂရမ်

