ရန်ကုန်- ၂၀၂၁ စက်တင်ဘာ ၂၂ (မော်ကွန်း)
တွံတေးမြို့နယ် NLD ကိုယ်စားလှယ် ဦးနေနိုင်ဦး ဟာ စက်တင်ဘာ ၂၀ ရက် စစ်ကောင်စီ တပ်များရဲ့ ဖမ်းဆီးခြင်းခံ ရပြီး စစ်ကြောရေး ရောက်ရှိနေတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက မော်ကွန်းကို ပြောပါတယ်။
၎င်းဟာ တိမ်းရှောင်နေတာကြာပြီဖြစ်ပြီး စက်တင်ဘာ ၂၀ ရက် ညနေ ၄း၀၀ နာရီခန့် နေအိမ်သို့ ပြန်လာချိန် လမ်းမှာပဲ စစ်ကောင်စီတပ်တွေ ပိတ်ဆို့ ဖမ်းလိုက်တယ်လို့ ဆိုပါတယ်။
“ဘယ်မှာဖမ်းခံရတယ်တော့ သေချာမသိဘူး။ အိမ်ကို သတိရလို့ ခန ပြန်လာတဲ့ အချိန် စစ်ကောင်စီ ကဝင်ဖမ်းသွားတာ၊ ဖမ်းခံရတာ ဒီနေ့ဆို နှစ်ရက်ရှိပြီ။ အခု စစ်ကြောရေး ရောက်နေတယ်တဲ့” လို့ မိသားစုနဲ့ နီးစပ် သူတစ်ဦးက အခုလိုရှင်းပြခဲ့တာပါ။
ဦးနေနိုင်ဦးဟာ တွံတေးမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်ကနေ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရထားတဲ့ ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်ပါတယ်။
လက်ရှိ တွံတေးမြို့နယ်မှာ ဆိုရင် ညဘက် ဧည့်စာရင်းစစ်တာတွေ ဖမ်းဆီးတာတွေရှိတယ်လို့ ၎င်းကပဲပြောပါတယ်။
စက်တင်ဘာ ၉ ရက်က တွံတေးမြို့နယ်၊ ကံဘဲ့ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်သတ်ခံရပြီးနောက်ပိုင်း တွံတေးမြို့နယ်ကို လုံခြုံရေးတိုးမြှင့်ချထားပြီး တူးမြောင်း အတွင်းပါ ရေယာဉ်နဲ့ ကင်းလှည့်တာတွေရှိတယ်လို့ ဆိုပါတယ်။
ဓါတ်ပုံ – ဦးနေနိုင်ဦး Facebook စာမျက်နှာ။
#Dailynews

