နောင်ချို – ၂၀၂၃ နိုဝင်ဘာ ၂ (မော်ကွန်း)
မန္တလေး PDF ရဲ့ တောင်သမန်စစ်ဆင်ရေးမှာ စစ်သုံ့ပန်းတွေဖမ်းဆီးရမိထားတာရှိပြီး လက်နက်ချအလင်းဝင်လိုတဲ့ စစ်သားတွေရှိရင်လည်း ဂုဏ်သိက္ခာရှိစွာနဲ့ထားမယ်လို့ မန္တလေး PDF သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က မော်ကွန်းကိုပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်ကစတဲ့ တောင်သမန်စစ်ဆင်ရေးဟာ ရှမ်းပြည်နဲ့ မန္တလေးတိုင်းနယ်စပ်ဖြစ်တဲ့ နောင်ချိုမြို့နယ်ဝန်းကျင်မှာ လှုပ်ရှားနေပြီး အာဏာသိမ်းစစ်တပ်ဘက်က ဗိုလ်မှူးအဆင့်၊ ဗိုလ်ကြီးအဆင့်၊ ဗိုလ်အဆင့်အပါအဝင် စုစုပေါင်း ကိုးဦးကို စစ်သုံ့ပန်းအနေနဲ့ မန္တလေး PDF က ဖမ်းဆီးရမိထားပါတယ်။
“လက်ရှိမှာ သူတို့ကိုဆေးကုဖို့လိုတဲ့သူတွေကို ဆေးကုပေးထားတယ်၊ ကျန်တဲ့သူတွေကိုလည်းကောင်းကောင်းမွန်မွန်ပဲထိန်းသိမ်းထားပါတယ်”လို့ မန္တလေး PDF ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ၊ ကိုအော်စမွန်ကပြောပါတယ်။
မန္တလေး PDF ဟာ နောင်ချိုတဝိုက်တင်မကဘဲ မိုးကုတ် – ပြင်ဦးလွင်လမ်းပိုင်း၊ မတ္တရာမြို့နယ်တွေဘက်မှာပါ ပြီးခဲ့တဲ့ ဇူလိုင်က “ကနောင်စစ်ဆင်ရေး”အမည်နဲ့ လှုပ်ရှားတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်က အရာရှိတွေအပါအဝင် ၈၀ နီးပါးကို ချေမှုန်းနိုင်ခဲ့ပါတယ်။
“ကနောင်စစ်ဆင်ရေး”မှာတော့ မန္တလေး PDF ဘက်က ၁၀ ဦးကျဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
အခုလည်း ရှမ်းပြည်မြောက်ပိုင်းက မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ တအောင်းတပ်ဖွဲ့ (TNLA)၊ ကိုးကန့်တပ်ဖွဲ့(MNDAA) နဲ့ ရက္ခိုင့်တပ်တော်(AA) တို့ရဲ့ စစ်ဆင်ရေးဖြစ်တဲ့ “၁၀၂၇ စစ်ဆင်ရေး”စတင်ပြီးမှာပဲ မန္တလေး PDF ဟာ “တောင်သမန်စစ်ဆင်ရေး”အနေနဲ့ပါဝင်လာကာ အာဏာသိမ်းစစ်တပ်ဘက်က အလင်းဝင်လိုတဲ့စစ်သားတွေကိုလည်း ဂုဏ်သိက္ခာရှိစွာထားမယ်လို့ ကိုအော်စမွန်ကပြောပါတယ်။
“ကျွန်တော်တို့ တောက်လျောက်ပြောနေတာ တစ်ခုရှိပါတယ်၊ အဓိကပြည်သူဘက်ကိုမျက်နှာမူဖို့၊ ပြည်သူ့ရင်ခွင်ခိုလှုံဖို့၊ လက်နက်ချအလင်းဝင်ဖို့ပြောချင်ပါတယ်၊ ဒီအချိန်မှ မလုပ်ဘူးဆိုရင်နောက်ထပ်အခွင့်ရေးမရှိတော့ပါဘူး”လို့သူကပြောပါတယ်။
လက်နက်ချအလင်းဝင် CDM ဝင်လိုတဲ့ စစ်သားတွေကိုလမ်းဖွင့်ပေးထားပြီး အသက်ရှင်လုံခြုံဖို့နဲ့ လူ့ဂုဏ်သိက္ခာမထိခိုက်ဖို့ အပြည့်အဝအာမခံတဲ့အပြင် ဆုကြေးလည်းပေးအပ်သွားမယ်လို့ သူကပြောပါတယ်။
လတ်တလော ရှမ်းပြည်မြောက်ပိုင်းမှာ အောက်တိုဘာ ၂၇ ရက်က စတင်တဲ့ “၁၀၂၇ စစ်ဆင်ရေး”ဟာ ဆက်လက်တိုက်ပွဲတွေဖြစ်ပွားနေပြီး အာဏာသိမ်းစစ်တပ်ဘက်က စစ်စခန်းတွေနဲ့ ကျဆုံးမှုတွေ၊ လက်နက်၊ ခဲယမ်းဆုံးရှုံးမှုတွေနဲ့အတူ ရှုံးနိမ့်နေပြီး တင့်ကားနဲ့သံချပ်ကာယာဉ်တွေပါ ဆုံးရှုံးမှုတွေရှိနေပါတယ်။
အာဏာသိမ်းစစ်တပ်ဘက်ကတော့ လေကြောင်းထိုးစစ်နဲ့ စစ်အင်အားတိုးချဲ့ပေးပို့မှုတွေရှိပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် ထပ်မံသေဆုံးမှုတွေရှိနေပါတယ်။
မနေ့ကလည်း ပြင်ဦးလွင်ကနေ နောင်ချိုကို စစ်ကူလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ယာဉ်တန်းကို မန္တလေး PDF က ကြားဖြတ်တိုက်ခိုက်လို့ သံချပ်ကာယာဉ်တစ်စီးပျက်စီးသွားပြီး လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရမိတယ်လို့ မန္တလေး PDF က ထုတ်ပြန်ထားပါတယ်။
ပုံစာ – အာဏာသိမ်းစစ်တပ်ဘက်မှ စစ်သုံ့ပန်းတစ်ဦးအား ဆေးကုသမှု ပြုလုပ်ပေးနေကြောင်းမန္တလေး PDF က ထုတ်ပြန်ထားသည့် ဓါတ်ပုံ။

