တောင်ကုတ်- ၂၀၂၄ သြဂုတ် ၂၃( မော်ကွန်း)
ရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့ကို စစ်ကောင်စီစတင်ပိတ်ဆို့တဲ့ ဒီလ ၂၀ ရက်နေ့ကတည်းက အဖမ်းခံလိုက်ရတဲ့ ဒေသခံခုနစ်ဦးနဲ့ ဒီနေ့အထိအဆက်အသွယ်ပြန်မရသေးဘူးလို့ တောင်ကုတ်မြို့ခံတချို့က ပြောပါတယ်။
အဲဒီခုနစ်ဦးဟာ ဩဂုတ် ၂၀ ရက်မှာ တောင်ကုတ်မြို့၊ အဝင်အထွက်ကို စစ်ကောင်စီပိတ်ဆို့လိုက်တာမသိဘဲ မြို့ကိုတက်ပြီးဈေးလာဝယ်တဲ့ ကျေးလက်ကဒေသခံတွေလို့ မြို့ခံတချို့ကဆိုပါတယ်။
” ကြိုးကြာကွင်း စစ်ဆေးရေးဂိတ်တစ်ဖက်မှာ ရွာလေးတွေရှိကြတယ်။ အဲဒီနယ်ကလူတွေက မြို့ထဲကို ဈေးလာဝယ်နေကျပါ။ အဲဒီနေ့က မြို့အဝင်အထွက်ပိတ်တာကိုမသိဘဲ ဈေးလာဝယ်ကြရင်း အဖမ်းခံရတာလို့တော့ ယူဆတာပဲ။ ဒီနေ့အထိတော့ပြန်လွတ်သံ မကြားမိသေးဘူး” လို့ တောင်ကုတ်မြို့ခံ သတင်းရင်းမြစ်က ပြောပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေကို တောင်ကုတ်မြို့က စစ်ကောင်စီတပ်ရင်းတွေမှာ ထိန်းသိမ်းထားတယ်လို့ သတင်းတွေကြားရပြီး မြို့အဝင်အထွက်ပိတ်ထားတာကြောင့် ဖမ်းဆီးခံရသူတွေဟာ မည်သူမည်ဝါဖြစ်ကြောင်းကို သိနိုင်ဖို့ခက်ခဲတယ်လို့လည်း သတင်းရင်းမြစ်ကပြောပါတယ်။
” အဝင်အထွက်တွေပိတ်ထားလို့ မိသားစုဝင်တွေကလည်း လာပြီးမစုံစမ်းနိုင်ကြတော့ လူနာမည်တွေနဲ့ ဘယ်ရွာတွေကဆိုတာကို သိဖို့ခဲယဉ်းတယ်။ အခုအခြေနေက ဘယ်မှထွက်လို့၊ ဝင်လို့မရတော့တာ။ စစ်ရေးအခြေအနေကလည်း ဘယ်နေ့တိုက်ပွဲဖြစ်လာမယ်မှန်း မသိဘူး။ မြို့ထဲမှာရှိနေတဲ့ လူတွေအကုန်လုံးကတော့ ပိတ်မိနေတဲ့အနေအထားမှာ ရောက်နေကြပြီ” လို့ သူက ဆက်ပြောပါတယ်။
တောင်ကုတ်မြို့မှာ ပြည်- တောင်ကုတ်လမ်းပေါ်က ကြိုးကြာကွင်းဂိတ်၊ တောင်ကုတ်-မအီလမ်းပေါ်က တက္ကသိုလ်ဂိတ်၊ တောင်ကုတ်- သံတွဲလမ်းပေါ်က ဖုန်ညိုလိပ်ဂိတ်နှင့် ရေကြောင်းဆိပ်ကမ်းဂိတ်
ဆိုပြီး ဂိတ်လေးခုကို စစ်ကောင်စီက ဖွင့်လှစ်ထားပြီး တောင်ကုတ်ကို ဝင်ရောက်မယ်ဆိုရင် ဒေသခံတွေဟာ အဆိုပါ ဂိတ်အသီးသီးကို ဖြတ်သန်းကြရပါတယ်။
ဘေးကပ်လျှက်က သံတွဲမြို့နယ်ကို သိမ်းထားသလို ဂွကိုလည်းထိုးစစ်ဆင်နေတဲ့ အာရက္ခတပ်တော်(AA)ရဲ့ တိုက်စစ်ဆင်လာနိုင်မှုကို ကြိုတင်ပြင်ဆင်မှုအနေနဲ့ စစ်ကောင်စီက ဒီလ ၂၀ ရက်ကစလို့ မြို့ကို ပိတ်ဆို့ထားကာ အဝင်အထွက် လုံးဝခွင့်မပြုတော့တာလို့ ဒေသခံတချို့က ပြောပါတယ်။
ဒီလ ၂၂ ရက်တုန်းကတော့ တောင်ကုတ်မြို့အနီးက ရွာတချို့ကို တိုက်ပွဲဖြစ်တာမျိုးမရှိဘဲ စစ်ကောင်စီဘက်က ဗုံးကြဲချခဲ့တာကြောင့် အသက် ၂၇ နှစ်အရွယ် မွေးကင်းစကလေးအမေတစ်ဦး သေဆုံးခဲ့ရပြီး နေအိမ်တချို့လည်း ပျက်စီးခဲ့ပါတယ်။
ဒါအပြင် ဒီလ ၁၆ ရက်တုန်းကလည်း တောင်ကုတ်နဲ့ ရှစ်မိုင်လောက်ဝေးတဲ့ မိုးတောင်တောင်တန်းကို လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် မိုးတောင်ပညာဒါနဘုန်းကြီးကျောင်းကဆရာတော်တစ်ပါး ဒဏ်ရာရရှိကာ ကျောင်းဆောင်တချို့လည်း ပျက်စီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်တုန်းကတော့ တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်မှာ ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ AA တို့ တိုက်ပွဲဖြစ်ပွားတဲ့အခါ အဲဒီနေရာကို လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ အရပ်သားတစ်ဦး သေခဲ့ရပါသေးတယ်။
ရခိုင်တောင်ပိုင်းက တောင်ကုတ်မြို့မှာ စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ်(၅) အခြေစိုက်သလို ခမရ(၅၄၄)၊ ခမရ (၃၄၆) ရှိပြီး AA က အဲဒီမြို့ကို ပိတ်ဆို့ဝန်းရံထားတယ်လို့ ဒေသခံတချို့ကပြောပါတယ်။
ပုံစာ- တောင်ကုတ်မြို့အဝင်ဆိုင်းဘုတ်
ဓါတ်ပုံ- တောင်ကုတ်မြို့နယ်သားများဂရုပ်
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

