ရန်ကုန်-၂၀၂၃ မေ ၁၆ (မော်ကွန်း)
ဆိုင်ကလုန်းမိုခါကြောင့် ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့-မတူပီရဲ့ဌာနချုပ်တစ်ခုလုံး နေစရာမရှိတော့အောင် ပျက်စီးသွားတယ်လို့ CDF-မတူပီရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူက မော်ကွန်းကိုပြောပါတယ်။
“ကျွန်တော်တို့ဌာနချုပ်ပျက်စီးတာ လုံးဝနေမယ့်နေစရာတောင်မရှိတဲ့ အခြေအနေထိဖြစ်လာတော့ မိုးကာတဲတွေဖုံးပြီး ပြန်လုပ်နေရတယ်။ သစ်ပင်တွေအကုန်လဲ၊ အိမ်တစ်အိမ်မှ မကျန်အောင်သစ်ပင်တွေပိထားတော့ ကျွန်တော်တို့ကတော့ ဗုံးခိုကျင်းမှာနေရတယ်။ လူတွေတော့ဘာမှမဖြစ်ဘူးပေါ့ ၊ အန္တရာယ်ကင်းတယ်။ဒါပေမယ့် အဆောက်အဦတွေကတော့ လုံးဝဆုံးရှုံးမှုတွေရှိတာပေါ့။ အသစ်ပြန်ဆောက်မှ အဆင်ပြေမယ့်ဟာတွေဖြစ်နေတယ်” လို့ ပြောပါတယ်။
မုန်တိုင်းဝင်ရောက်စဉ်လေပြင်းကြောင့် သစ်ပင်အများအပြားလဲပြိုပြီး စခန်းအဆောက်အဦတွေပေါ်ကိုပိနေတာကြောင့် လူအားနဲ့ ရှင်းလင်းရေးလုပ်ဖို့တောင်မလွယ်ဘူးလို့ ဆိုပါတယ်။
မုန်တိုင်းအရှိန်ကြောင့် စခန်းပျက်စီးမှုအပြင် မတူပီမြို့နယ်ထဲကကျေးရွာတွေမှာ လူနေအိမ်တွေထိခိုက်ပျက်စီးမှုတွေရှိပေမယ့် လက်ရှိအချိန်ထိတော့ စာရင်းအတိအကျမသိရသေးဘူးလို့ ပြောပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ရေးလုပ်နေတဲ့ ချင်းပြည်နယ်မှာ စစ်တပ်က အင်တာနက်ဖြတ်တောက်ထားတဲ့အတွက် အခုလို သဘာဝဘေးအန္တရာယ်ကျရောက်ချိန်မှာ ကူညီကယ်ဆယ်ရေးဆောင်ရွက်ရတာ အခက်အခဲတွေဖြစ်တယ်လို့ ကူညီဆောင်ရွက်နေသူတချို့ကပြောထားပါတယ်။
မုန်တိုင်းဝင်ရောက်ဖြတ်ကျော်ခဲ့တဲ့ ချင်းပြည်နယ်ထဲက မြို့နယ်တွေရဲ့ ထိခိုက်ပျက်စီးမှုစာရင်းကိုသိရဖို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ အဖွဲ့တွေကို မော်ကွန်းသတင်းဌာနအနေနဲ့ ဆက်သွယ်နေပေမယ့် လက်ရှိအချိန်အထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။
#Dailynews

