ဆိပ်ဖြူ – ၂၀၂၂ ဇူလိုင် ၁၁ (မော်ကွန်း)
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ပိုင်းကျေးရွာက အမျိုးသမီးတစ်ဦးကို အာဏာသိမ်းစစ်တပ်အဖွဲ့တွေက လည်လှီးကာသတ်ဖြတ်သွားတယ်လို့ ဒေသခံတွေဆီက သတင်းရရှိထားပါတယ်။
အသတ်ခံရသူဟာ အသက်၃၈နှစ်အရွယ်ရှိပြီး အသက်၁၆နှစ်အရွယ်သမီးတစ်ယောက်၊ အသက် ၁၂နဲ့ အသက်ကိုးနှစ်အရွယ် သားနှစ်ယောက်ရှိတဲ့မိခင်တစ်ဦးဖြစ်ပါတယ်။
ဇူလိုင် ၉ ရက်က ပိုင်းကျေးရွာကို အာဏာသိမ်းစစ်တပ်အဖွဲ့တွေ စစ်ကြောင်းထိုးလာတာကြောင့် ရွာခံပြည်သူတွေထွက်ပြေးကြရပြီး မနှင်းဝေနဲ့အမျိုးသားဖြစ်သူတို့ကတော့ အိမ်ကို ဝက်စာကျွေးဖို့ ခဏပြန်ချိန်မှာ စစ်သားတွေနဲ့တွေ့ပြီး အသတ်ခံရတာလို့ ဒေသခံကပြောပါတယ်။
အမျိုးသားဖြစ်သူကတော့ လွတ်မြောက်လာခဲ့ပြီး မနှင်းဝေကို လည်ပင်းကို ဓါးနဲ့လှီးထားတဲ့ဒဏ်ရာတွေနဲ့အတူသေဆုံးနေတာကို ပြန်တွေ့ခဲ့ရတယ်လို့ ဒေသခံကဆိုပါတယ်။
“သေဆုံးသူက မနှင်းဝေ၊ သူ့မှာကလေးသုံးယောက်ကျန်ခဲ့တယ်၊ ရွာကိုတော့ မီးမရှို့ဘူး၊ အိမ်တွေ ဝင်မွှေပြီး ပစ္စည်းတွေယူတယ်၊ ဝက်တွေ သတ်စားတယ်၊ တန်ဖိုးကြီးပစ္စည်းသယ်လို့ရတာအကုန်သယ်တယ်၊ ကုန်စုံဆိုင်က ပစ္စည်းတေွ စားသောက် ယူသွားကြတာအိမ်တေွ ဖျက်ဆီးခံရတာရှိတယ်” လို့ အဆိုပါဒေသခံကပြောပါတယ်။
အာဏာသိမ်းစစ်တပ်က စစ်ကြောင်းက ရွာထဲကိုဝင်လာပြီးနောက်ကားအကြီးတစ်စီးပါထပ်ရောက်လာပြီး ရွာထဲနေအိမ်တွေက ပစ္စည်းတွေကို ခိုးယူကာသယ်သွားတယ်လို့ ဒေသခံကပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ပိုင်းကျေးရွာကိုဝင်ရောက်ပြီး နောက်ဒီကနေ့မှာ ဆင်ကောင်းရွာကိုဝင်ရောက်နေတယ်လို့ ဒေသခံကပြောပါတယ်။
ပုံစာ – အာဏာသိမ်းစစ်တပ် လည်လှီးသတ်သွားပြီးနောက် မနှင်းဝေအားတွေ့ရစဉ်။
ဓါတ်ပုံ – Welove Seikphyu
#Dailynews

