ရန်ကုန်- ၂၀၂၃ ဩဂုတ် ၂၅ (မော်ကွန်း)
ကျပ်နှစ်သောင်းတန် စတင်ထုတ်ဝေတဲ့ ဇူလိုင်လကစတင်ပြီး မြင့်တက်လာခဲ့တဲ့ ဆန်ဈေးနှုန်းဟာ သုံးပတ်ကျော်ကြာတဲ့အထိ ဈေးနှုန်းတွေ ဆက်လက်မြင့်တက်နေတယ်လို့ ဆန်ကုန်သည်တွေဆီက သိရပါတယ်။
လက်ရှိမှာ ရွှေဘိုပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို လက်ကားဈေး ကျပ်တစ်သိန်းခွဲထိမြင့်တက်နေပြီး ဧရာဝတီပေါ်ကျွဲဆန်တစ်အိတ်ကို ကျပ်တစ်သိန်းဝန်းကျင်၊ ဧည့်မထအုပ်စုဝင် ဆန်ကြမ်းဖြစ်တဲ့ ရက် ၉၀ ဆန်တစ်အိတ်ကို ကျပ်ကိုးသောင်းနီးပါးဖြစ်နေတယ်လို့ ကုန်စည်ဒိုင်ဈေးနှုန်းတွေအရသိရပါတယ်။
ကျပ်နှစ်သောင်းတန် မထုတ်ဝေခင်က ဇူလိုင်လကုန်ပိုင်းက ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို ကျပ် ၁၂၀,၀၀၀ ဝန်းကျင်ပဲရှိရာက တစ်လအတွင်း သုံးသောင်းကျော်ထိ မြင့်တက်လာခဲ့တာပါ။
အလားတူပဲ ဧရာဝတီပေါ်ကျွဲဆန်တစ်အိတ်ကို ဇူလိုင်လကုန်ပိုင်းမှာ ကျပ်ရှစ်သောင်းဝန်းကျင်ပဲရှိခဲ့ပြီး ရက် ၉၀ ဆန်ကတော့ ကျပ်ခုနှစ်သောင်း ဝန်းကျင်မှာပဲ ရှိနေရာက အခုလို စျေးမြင့်တက်လာခဲ့တာပါ။
ပြည်တွင်းဆန်အမျိုးအစားအသီးသီးဟာ တစ်လအတွင်းမှာပဲ တစ်အိတ်ကို ပျှမ်းမျှကျပ်နှစ်သောင်းကျော်ထိ မြင့်တက်သွားခဲ့တာလို့ ဆန်လက်လီလက်ကား ရောင်းချသူတစ်ဦးက ပြောပါတယ်။
“စတက်တာ နှစ်သောင်းတန်စထွက်တည်းက ဆက်တိုက်ပဲ၊ တစ်သောင်းတက်လိုက် ငါးထောင်တက်လိုက်နဲ့ပေါ့၊ လက်လီဈေးဆိုရင် တစ်အိတ်ကို သုံးသောင်းလောက်ထိ တက်သွားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်ဦးမင်းမင်းကတော့ ပြည်တွင်းမှာ ဆန်လက်ကျန်ဖူလှုံမှုရှိပြီး ဆန်ဈေးကျအောင် လုပ်ဆောင်သွားမယ်လို့ ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။
မြန်မာနိုင်ငံရဲ့ ဆန်လက်ကျန်ဟာ မြေပြင်တွက်ချက်မှုအရ တန်ချိန် ၃ ဒသမ ၅ သန်းကျော် ကျန်ရှိနေပြီး အဲဒီပမာဏဟာ လာမယ့် နိုဝင်ဘာလ မိုးစပါးထွက်ရှိမယ့်ကာလအထိ ပြည်တွင်းမှာ ဆန်ဖူလုံမှုရှိတယ်လို့လည်း သူကထည့်သွင်းပြောခဲ့ပါသေးတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဆန်ဈေးနှုန်းတွေ ကျဆင်းစေဖို့အတွက် သက်သာဈေးနှုန်းနဲ့ ရောင်းချပေးခဲ့ပေမယ့် လိုသလောက်မရောင်းချပေးနိုင်တာကြောင့် ပြည်တွင်းဆန်ဈေးနှုန်းဟာ ကျမသွားဘဲသိသိသာသာကို ဆက်လက်မြင့်တက်လာတာပါ။
လက်ရှိမြင့်တက်နေတဲ့ ဆန်ဈေးနှုန်းဟာလက်ကားဒိုင်ဈေးနှုန်းတွေမှာပါ မြင့်တက်နေတာဖြစ်ပြီး ဆန်ဒိုင်တွေအတွက်လည်း အရင်းအနှီးပိုများလာကာ အမြတ်နည်းလာတယ်လို့ ဆန်ကုန်သည်တွေက ပြောပါတယ်။
ဝါးတန်းလမ်းကုန်စည်ဒိုင်က ဆန်ကုန်သည်တစ်ဦးကတော့ “ဆန်က ဒီနေ့ဝယ်တဲ့ဈေးနဲ့ မနက်ဖြန်ဈေးတောင်မတူဘူး၊ နေ့စဉ်လိုလို တက်နေတော့ ကျွန်တော်လည်း ရောင်းပြီးသွားရင် အရင်းက ထက်တက်သွားပြန်ပြီဆိုတော့ အမြတ်က ပိုပိုနည်းလာတယ်” လို့ပြောပါတယ်။
လက်ရှိမြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းက ထုတ်ပြန်ထားတဲ့ ဆန်အမျိုးအစားအလိုက် လက်ကားဈေးနှုန်းမှာ ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ် ကျပ်တစ်သိန်းခွဲဝန်းကျင်၊ ဧရာဝတီပေါ်ဆန်းမွှေးဆန် တစ်အိတ်ကို ၁၀၅,၀၀၀ ကျပ်မှ ၁၂၀,၀၀၀ ကျပ်ကြား၊ ၊ ငစိန်ဆန်အမျိုးအစားမှာ ၆၇,၀၀၀ ကျပ်မှ ၇၀,၀၀၀ ကျပ်ရှိတယ်လို့ သိရပါတယ်။
ပုံစာ – ဆန်လက်လီလက်ကား ရောင်းချတဲ့ဆိုင်ကို မြင်တွေ့ရစဉ်
ဓာတ်ပုံ – ပိုင်ပိုင်
#Dailynews

