ရန်ကုန် – ၂၀၂၄ နိုဝင်ဘာ ၈ (မော်ကွန်း)
အခုရက်ပိုင်းအဆက်မပြတ်ရွာသွန်းနေတဲ့မိုးကြောင့် စပါးခင်းတွေရိတ်သိမ်းဖို့ အခက်အခဲကြုံနေရတယ်လို့ မကွေးတိုင်း၊ ယော ဒေသက စပါးစိုက်တောင်သူတချို့က ပြောပါတယ်။
ပုံတောင်ပုံညာ တောင်တန်းနဲ့ ချင်းတောင်တန်းတွေကြားမှာရှိတဲ့ ဂန့်ဂေါ၊ ထီးလင်း၊ ဆော စတဲ့မြို့နယ်တွေ ပါဝင်တဲ့ ယောဒေသမှာ ပြီးခဲ့တဲ့ လကုန်ပိုင်းထဲက စပါးရိတ်သိမ်းဖို့အတွက် ပြင်ဆင်နေပြီး ရိတ်သိမ်းရာသီကို ရောက်ရှိလာပြီဖြစ်ပေမယ့် မိုးက မစဲနိုင်သေးဘဲ ဒီနေ့ထိ ဆက်ရွာနေတာကြောင့် ရိတ်သိမ်းချိန်နောက်ကျနေတယ်လို့ ဆောဒေသခံတစ်ဦးက ပြောပါတယ်။
” ပုံမှန်ဆိုရင်တော့ လကုန်(အောက်တိုဘာ)လောက်ကတည်းက ရိတ်ရတော့မှာ။ မိုးက တောက်လျှောက် ကောင်းနေတော့ အဓိကတော့ စပါးခင်းတွေ ပျက်မှာ စိုးတယ်။ ရိတ်သိမ်းရင်လည်း ရိတ်သိမ်းခတွေ ရှိသေးတော့ နောက်တစ်ရာသီအတွက် စိုက်ပျိုးစရိတ်ကလည်း ရှိသေးတယ်လေ။ စိုက်ပျိုးစရိတ် မကာမိမှာလည်း စိုးတာပေါ့” လို့ ဆောဒေသခံ တောင်သူတစ်ဦးက ပြောပါတယ်။
ဒီနှစ် အဲဒီဒေသမှာ စပါးတင်း ၁၀၀ ကို ကျပ် ၂၃ သိန်းဝန်းကျင် ဈေးပေါက်နေပြီး ယခင်နှစ်ထက်ဈေးကောင်းပေမယ့် အခုလို ကြုံရတာကြောင့် ရိတ်သိမ်းစရိတ်မြင့်တက်မှာနဲ့ စပါးခင်းအပျက်အစီးများမှာကို ဒေသခံတွေက ဆိုရိမ်နေကြတယ်လို့ ပြောပါတယ်။
အဲဒီဒေသက မြို့တွေနဲ့ ကျေးရွာအများစုကို စစ်ကောင်စီက ထိန်းချုပ်ထားပေမယ့် တော်လှန်ရေးအင်အားစုတွေလည်း အားကောင်းတာကြောင့် နယ်မြေတည်ငြိမ်မှုလည်း မရှိဘူးလို့ ဒေသခံတချို့က ဆိုပါတယ်။
“ ကြောက်နေရတာပဲ။ နေရာတိုင်း စစ်သားကြီးပဲ။ ပြီးတော့ ဒီဘက်မှာ ဆန်ကလွဲရင် ကျန်တာ အကုန်ဈေးကြီးတယ်” လို့ ဆောဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီဒေသမှာ စစ်ကောင်စီတပ်စခန်းတွေ၊ စစ်ဆေးရေးဂိတ်တွေ အများအပြား ရှိနေပြီး တိုက်ပွဲတချို့လည်း ယောနယ်နဲ့ ချင်းတောင်တန်းအစပ်မှာ မကြာခဏဖြစ်ပွားနေသလို စစ်ကောင်စီကလည်း မကြာခဏစစ်ကြောင်းထိုးတာတွေရှိတယ်လို့ ယောဒေသခံ တချို့က ပြောပါတယ်။
ဒါကြောင့် ကုန်စည်စီးဆင်းမှု အားနည်းပြီး ဒေသတွင်းမှာ အခြေခံစားသောက်ကုန်ဈေးနှုန်း၊ လူသုံးကုန်နဲ့ ဆေးဝါးတွေ ဈေးကြီးတယ်လို့ ဆိုကြပါတယ်။
ဒီလ ၄ ရက်မှာ စစ်ကောင်စီဟာ ဆောမြို့နယ်ထဲကို စစ်ကြောင်းထိုးသလို လေကြောင်းကနေလည်း ပစ်ခတ်ခဲ့တယ်လို့ အဲဒီနယ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ မင်းတပ်(CDF)က ထုတ်ပြန်ထားသလို ယောနယ်တစ်ခုလုံးမှာ စစ်ကောင်စီ စစ်ကြောင်းတွေ ရှိနေတယ်လို့ အသိပေးထားပါတယ်။
ပုံစာ – ပြီးခဲ့တဲ့နှစ်က ယောဒေသတစ်နေရာမှာ တော်လှန်ရေးတပ်တွေက ဒေသခံတွေရဲ့ စပါးတွေကို ကူညီရိတ်သိမ်းနေတဲ့မြင်ကွင်း။
ဓါတ်ပုံ – ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YDF

