ကျွန်းလှ-၂၀၂၃ စက်တင်ဘာ ၂၂ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကျွန်းလှမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေ မကြာခဏ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးလို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အမြဲတမ်းစစ်ရှောင် သုံးသောင်းကျော်ဟာ စစ်ရှောင်ရတဲ့အချိန်ကြာလာတာနဲ့အမျှ စားဝတ်နေရေးပိုကြပ်တည်းလာနေတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူတစ်ဦးကမော်ကွန်းကို ပြောပါတယ်။
“အမြဲတမ်းစစ်ရှောင်တွေကိုကျ ကူညီမယ့်သူမျိုးက တော်တော်ရှားတယ်။ တချို့စစ်ရှောင်စခန်းတွေဆို ဘယ်လိုလုပ်နေရလဲဆိုတော့ စစ်ရှောင်စခန်းပတ်ဝန်းကျင်မှာရှိတဲ့ရွာတွေကနေပြီးတော့မှ လစဉ်ဆန်တို့ဆီတို့ အလှူခံရတာမျိုးတွေရှိတယ်၊ အဲဒီလိုအလှူခံပြီးမှ ရပ်တည်နေရတဲ့ အနေအထားပေါ့။ ဆေးဝါးမလုံလောက်တာတွေလည်းရှိတယ်” လို့ ပြောပါတယ်။
အဲဒီစစ်ရှောင်သုံးသောင်းကျော်ဟာ ရွာတွေမီးရှို့ခံရလို့ ပြန်စရာအိမ်မရှိတော့တာနဲ့ စစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့ နေရာတွေနဲ့နီးလို့ နေရပ်ပြန်မရတော့တဲ့သူတွေများတယ်လို့ သူကဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ အခုလအစောပိုင်းက ကန့်ဘလူနဲ့ကျွန်းလှမြို့နယ်ထဲက ကျေးရွာတွေကို မကြာခဏစစ်ကြောင်းထိုးပြီး ဒေသခံတွေသတ်ဖြတ်တာတွေရှိသလို စစ်ရှောင်စခန်းတွေကိုလည်း မီးရှို့ဖျက်ဆီးတာတွေရှိတာကြောင့် အခက်အခဲတွေပိုကြုံတွေ့လာရတယ်လို့ စစ်ရှောင်တစ်ဦးကပြောပါတယ်။
“အခုရက်ပိုင်းတော့ စစ်ကြောင်းထိုးတာနည်းသွားတယ်၊ သူတို့ပြန်ပြီးအရှိန်ယူနေတာထင်တာပဲ။ သတိတော့ထားနေရတာပေါ့။ သူတို့စစ်ကြောင်းထိုးပြီဆိုလည်း တစ်ရွာဝင်တစ်ရွာထွက်ထိုးတာ။ အကုန်ပြေးရတာ။ ရွာတွေကော စစ်ရှောင်တဲတွေကော တွေ့သမျှမီးရှို့တာ” လို့ ထန်းကုန်းတိုက်နယ်က ရွာခံတစ်ဦးကပြောပါတယ်။
အခုလ ၄ ရက်နဲ့ ၅ ရက်ကလည်း စစ်ကောင်စီတပ်တွေဟာ ကန့်ဘလူ၊ ကျွန်းလှနယ်ထဲက ညန်အင်းရွာကိုမီးရှို့ပြီး ထိန်တော၊ အင်းလည်ကြီးစတဲ့ရွာတွေအနီးက စစ်ရှောင်တဲတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
ကန့်ဘလူ၊ ကျွန်းလှနယ်ထဲက ကျေးရွာပေါင်းသုံးဆယ်ကျော်က အမြဲတမ်းစစ်ရှောင် သုံးသောင်းကျော်ဟာ ကိုးတောင်ဘို့၊ ချပ်သင်း၊ ပင့်သာစတဲ့တိုက်နယ်အပိုင်ကျေးရွာတွေကဒေသခံတွေဖြစ်တယ်လို့ သိရပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA ရဲ့ လွန်ခဲ့တဲ့နှစ်ရက်ကထုတ်ပြန်တဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်းမှာဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေဟာ ၁ ဒဿမ ၉ သန်းကျော်အထိရှိလာနေပြီး အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတွေမှာ အရပ်သားထိခိုက်သေဆုံးမှုတွေ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
ပုံစာ-ကန့်ဘလူ၊ကျွန်းလှနယ်အတွင်း စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံများ
ဓာတ်ပုံ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
#Dailynews

