စစ်တွေဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနားကျင်းပသူတွေ ဖမ်းဆီးခံရ

စစ်တွေဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနားကျင်းပသူတွေ ဖမ်းဆီးခံရ

ရန်ကုန် – ၂၀၂၃ ဩဂုတ် ၁၆ (မော်ကွန်း)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ စစ်တွေဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနား ကျင်းပရာမှာ ပါဝင်သူငါးဦးကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်တဲ့ မိသားစုဝင်တွေဆီက သိရပါတယ်။

အဲ့ဒီအခမ်းအနားကို ယခုလ ၁၃ ရက်က ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့ကဦးဆောင်ကာ စစ်တွေမြို့တစ်နေရာမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီ့အခမ်းအနားမှာ ပါဝင်သူငါးဦးကို မနေ့ကဖမ်းဆီးသွားတာပါ။

ရခိုင်ပြည်နယ်က အမျိုးသမီးအခွင့်အရေးနဲ့ လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ရခိုင်အမျိုးသမီးများကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးနဲ့ အခမ်းအနားကျင်းပရာမှာ ဦးဆောင်ပါဝင်တဲ့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့က လူတွေအပါအဝင် စုစုပေါင်းငါးဦးကို မနေ့က ဖမ်းဆီးသွားတယ်လို့ ဒေါ်ညိုအေးနဲ့ နီးစပ်တဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

“စုစုပေါင်း ငါးယောက်ကို ဖမ်းသွားတာ၊ အမျိုးသမီးက သုံးယောက်၊ အမျိုးသား နှစ်ယောက်ပေါ့၊ အရီးညိုအေးကို မနေ့က သူ့ရုံးခန်းမှာ လာခေါ်သွားတာ” လို့ သူကပြောပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံရတဲ့ ဒေါ်ညိုအေးဟာ အခမ်းအနားကို ဦးဆောင်ကျင်းပတာမဟုတ်ဘဲ ဖိတ်ကြားလို့ တက်ရောက်ခဲ့တာသာဖြစ်တယ်လို့ သူကဆက်လက်ပြောပါတယ်။

“ချက်ချင်းဖမ်းပြီး အမှုဖွင့်လိုက်တာ၊ မိသားစုနဲ့လည်းတွေ့ခွင့်မပေးဘူး၊ ဘာဖြေရှင်းခွင့်မှမရလိုက်ဘူး၊ ရမန်တန်းယူပြီး ထောင်ကိုပို့လိုက်တယ်” လို့ ပြောပါတယ်။

လက်ရှိမှာ သူတို့ကို စစ်တွေအကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) နဲ့ အမှုဖွင့်ထားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

၁၉၆၇ က ရခိုင်ပြည်နယ်မှာ ဆန်ရှားပါးမှုပြဿနာကြောင့်ဖြစ်ပွားခဲ့တဲ့ စစ်တွေမြို့ လူထုဆန္ဒပြပွဲကို စစ်အစိုးရက ပစ်ခတ်ဖြိုခွင်းခဲ့ပြီး လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့ပါတယ်။

အဆိုပါ ဖြစ်ရပ်အတွက် ဩဂုတ်လ ၁၃ ရက်နေ့မှာ နှစ်စဉ် အောက်မေ့ဖွယ်အခမ်းအနားတွေ ကျင်းပလေ့ရှိပြီး ယခုနှစ်ဟာ ၅၆ နှစ်မြောက် နှစ်ပတ်လည်နေ့လည်းဖြစ်ပါတယ်။

၁၉၆၇ က ရခိုင်ပြည်နယ်မှာ ဆန်ရှားပါးမှုဖြစ်ပွားခဲ့ပြီး ဒေသခံတွေက အစိုးရရဲ့ဆန်ဂိုထောင်တွေကဆန်တွေ ထုတ်ရောင်းပေးရေး စစ်တွေမြို့မှာတောင်းဆိုဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီ့ဆန္ဒပြပွဲကို ဩဂုတ် ၁၃ ရက်မှာ ဦးနေဝင်းရဲ့ အာဏာရှင်အစိုးရက ပစ်ခတ်ဖြိုခွဲခဲ့တာကြောင့် ဒေသခံ ၃၀၀ ခန့်သေဆုံးခဲ့ပြီး အဆိုပါဖြစ်ရပ်အတွက် ကျောင်းသားသမဂ္ဂအဖွဲ့အစည်းတွေက အဲဒီ့နေ့ကိုစစ်တွေဆန်ပြဿနာနေ့အဖြစ်သတ်မှတ်ကာ ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားတွေကို နှစ်စဉ်နှစ်တိုင်း ရခိုင်ပြည်နယ်နဲ့ နိုင်ငံတကာကရခိုင်လူမျိုးတွေ ကျင်းပကြပါတယ်။

ပုံစာ – ဩဂုတ်လ ၁၃ ရက်က ပြုလုပ်ခဲ့တဲ့ စစ်တွေဆန်ပြဿနာ အောက်မေ့ဖွယ်အခမ်းအနား
Photo – Arakan Student Union


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."