ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၂၆ (မော်ကွန်း)
အမေရိကန်ဒေါ်လာလိုအပ်ချက်များပြီး ပို့ကုန်ကျဆင်းနေချိန်မှာ စစ်ကောင်စီဗဟိုဘဏ်ဟာ ပို့ကုန်ရငွေ ပြန်လည်ပေးသွင်းရမယ့် အချိန်ကာလကို ထပ်မံလျှော့ချကန့်သတ်လိုက်ပါတယ်။
အရင်က ပို့ကုန်ရငွေကို ပေးသွင်းရာမှာ အာရှနိုင်ငံတွေကပို့ကုန်အတွက် ၄၅ ရက်အတွင်းထည့်သွင်းရမှာဖြစ်ပြီး အခြားနိုင်ငံတွေကိုတော့ ရက်ပေါင်း ၉၀ အတွင်းပေးသွင်းရမယ်လို့ သတ်မှတ်ထားတာပါ။
ယခုအခါမှာတော့ အာရှနိုင်ငံတွေက ပို့ကုန်ရငွေတွေကို ရက်ပေါင်း ၃၀ အတွင်းနဲ့ အခြားနိုင်ငံတွေကိုတော့ ရက်ပေါင်း ၆၀ အတွင်း ထည့်သွင်းပေးရတော့မယ်လို့ စစ်ကောင်စီရဲ့ဝါဒဖြန့်ချိရေးသတင်းစာတွေကနေတစ်ဆင့် ဒီနေ့မှာ ဗဟိုဘဏ်က ထုတ်ပြန်ကြေညာလိုက်တာပါ။
စစ်ကောင်စီဗဟိုဘဏ်ဟာ ယခုလဆန်းပိုင်းမှာ ဒေါ်လာကို နှုန်းရှင်အဖြစ် သတ်မှတ်ဖြေလျှော့ပေးခဲ့သလို ပို့ကုန်ရငွေတွေရဲ့ ၆၅ ရာခိုင်နှုန်းကိုလည်း အပြင်ပေါက်ဈေးနဲ့ ရောင်းချခွင့်ပြုခဲ့ပါသေးတယ်။
ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးကတော့ နယ်စပ်အခြေအနေတွေကြောင့် ပြည်ပပို့ကုန်ကျဆင်းလာပြီး ပို့ကုန်ရငွေတွေလည်း ကျဆင်းလာနေတာကြောင့် အခုလို သတ်မှတ်လိုက်တာလို့ သုံးသပ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီအနေနဲ့ ပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်နှုန်းကို ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချခွင့်ပြုပေးလိုက်ပြီးနောက် ပို့ကုန်လုပ်ငန်းရှင်တွေ အနည်းငယ် အဆင်ပြေလာပေမယ့် သွင်းကုန်သမားတွေကတော့ ဒေါ်လာဝယ်ယူရတာ အခက်တွေ့နေတယ်လို့ အဲ့ဒီ ပို့ကုန်သွင်းကုန်လုပ်ငန်းလုပ်ကိုင်သူက ပြောပါတယ်။
“ပို့ကုန်သမားတွေ အဆင်ပြေလာသလို ဖြစ်နေပေမယ့် သွင်းကုန်အတွက် ဒေါ်လာကတော့ လိုသလောက်မရဘူး။ တကယ်တမ်းက ပို့ကုန်က သိပ်မရှိဘူး။ သွင်းကုန်သမားတွေကလည်း ကုန်ပစ္စည်းသွင်းဖို့ ဒေါ်လာလိုတဲ့အခါ ဝယ်မရဘူး။ အဲ့ဒီလိုဖြစ်နေတာ” လို့ သူက ပြောပါတယ်။
လက်ရှိမှာ ပြည်ပပို့ကုန်တင်ပို့သူတွေအနေနဲ့ ပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်နှုန်းကိုပဲ ပြည်ပပေါက်ဈေးနဲ့ ရောင်းချခွင့်ရှိမှာဖြစ်ပြီး ကျန်တဲ့ ၃၅ ရာခိုင်နှုန်းကိုတော့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်သတ်မှတ်ဈေးနဲ့ ဘဏ်စာရင်းမှာ ထည့်သွင်းရမှာပါ။
အဲ့ဒီလို ပို့ကုန်ရငွေကို သတ်မှတ်ချက်အတိုင်း ပြန်လည်ပေးသွင်းခြင်းမရှိတဲ့ လုပ်ငန်းတွေကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေနဲ့ အရေးယူမယ်လို့လည်း စစ်ကောင်စီဗဟိုဘဏ်က ကြေညာထားပါတယ်။
နယ်စပ်ဒေသက တိုက်ပွဲတွေကြောင့် မြန်မာနဲ့ ကုန်သွယ်နေတဲ့ ထိုင်း၊ တရုတ် စတဲ့ နိုင်ငံတွေနဲ့ နယ်စပ်ကုန်သွယ်ရေးက ရပ်တန့်နေပြီး ပင်လယ်ရေကြောင်းကနေပဲ ကုန်သွယ်လာကြတယ်လို့ ပြည်ပကို လယ်ယာထွက်ကုန်တွေ တင်ပို့နေတဲ့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ယခုဘဏ္ဍာနှစ် ရှစ်လခွဲကာလအတွင်း ပြည်ပကို ပို့ကုန် ကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ဖိုး တင်ပို့ထားပြီး ပြီးခဲ့တဲ့နှစ်ကထက် ဒေါ်လာနှစ်ဘီလီယံနီးပါး လျော့ကျနေတယ်လို့ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ကုန်သွယ်မှု အချက်အလက်တွေအရ သိရပါတယ်။
ပုံစာ – ရန်ကုန်ဆိပ်ကမ်း
ဓာတ်ပုံ – Myanmar Port Authority

