ရန်ကုန် – ၂၀၂၃ ဇွန် ၇ (မော်ကွန်း)
ရန်ကုန်မြို့တွင်းမှာ နယ်အသီးသီးကနေ အလုပ်လုပ်အတွက်၊ သင်တန်းတက်ကြဖို့အတွက် ရောက်နေကြတဲ့ လူငယ်တွေ အခုကာလမှာ နေစရာအဆောင်ရဖို့ ခက်ခဲလာတယ်လို့ အဆောင်နေလူငယ်အများစုက ပြောကြပါတယ်။
စစ်ကောင်စီတပ်တွေက ရန်ကုန်မြို့တွင်းမှာ ဧည့်စာရင်းအကြောင်းပြ အဆောင်တွေကို ဝင်စစ်ပြီး လူငယ်တွေကိုဖမ်းဆီးတာမျိုးတွေ ရှိလာတဲ့နောက်ပိုင်း အဆောင်ငှားရာမှာ ပိုခက်ခဲလာကြတာလို့ လူငယ်တွေကပြောကြပါတယ်။
“အဆောင်ကအရင်ကထက် ရှာရပိုခက်သွားတယ်။ အလုပ်က နေရာပြောင်းသွားတော့ အလုပ်နဲ့နီးအောင် အဆောင်ထပ်ရှာတာ။ အခုထိ မရသေးဘူး။ လူငယ်ဖြစ်နေတော့ ပိုဆိုးတယ်။ အလုပ်ရှိမရှိမေးပြီး အလုပ်ရှိမှ၊ ဝန်ထမ်းဖြစ်မှ လက်ခံတာများတာ။ ဒါတောင် တချို့အဆောင်တွေဆို နယ်ကသန်းခေါင်စာရင်းလည်းတောင်းတယ်။ ဧည့်စာရင်းတိုင်ဖို့အတွက် လက်တလောရိုက်ထားတဲ့ ကာလာပါတဲ့ဓာတ်ပုံတစ်ပုံပါပေးရတာ” လို့ နယ်ကနေ ရန်ကုန်ကကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောပါတယ်။
အဆောင်ပိုင်ရှင်တွေအနေနဲ့လည်း လူတိုင်းကို အဆောင်မှာ မထားရဲသလို လူသစ်ရောက်လာတိုင်းလည်း သေချာအောင်မေးမြန်းပြီးမှ လက်ခံနေရတာလို့ တာမွေမြို့နယ်ထဲက အဆောင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
“အခုကလေ PDF တွေပြန်ရောက်နေတယ်ဆိုပြီး သတင်းတွေထွက်နေတော့ အစ်မတို့ဘက်က အဆောင်နေမယ့်သူ လူသစ်တစ်ယောက်လာတိုင်း ဝန်ထမ်းလား၊ ဘာအလုပ်လုပ်နေသူလဲဆိုတာ သေချာအောင်မေးရတာ။ တစ်မျိုးထင်မှာလည်းစိုးရတယ်။ ဒါကအစ်မတို့ဘက်က ဂရုစိုက်ရတဲ့ အခြေအနေကိုပြောပြတာပါ” လို့ ပြောပါတယ်။
အဆောင်အခန်းရဖို့ခက်ခဲတာကြောင့် တိုက်ခန်းစပ်တူငှားကြရာမှာလည်း လူငယ်တွေစုနေတာမျိုးဖြစ်တဲ့အတွက် တိုက်ခန်းပိုင်ရှင်အများစုကလည်း အခန်းငှားဖို့ လက်မခံကြတာများတယ်လို့ ဆိုကြပါတယ်။
“ကျွန်တော်တို့ တိုက်ခန်းငှားဖို့လုပ်တုန်းက ပွဲစားကရှာပေးတာ၊ မိသားစုတွေနေမှာလားမေးတယ်။ သင်တန်းတက်ကြတဲ့သူငယ်ချင်းတွေ ငါးယောက်စုနေမှာပြောတော့ လူငယ်တွေချည်းပဲမို့ လက်မခံဘူးပြောတယ်” လို့ လားရှိုးကနေ ရန်ကုန်ကို ကိုရီးယားဘာသာစကားသင်တန်းလာတက်နေတဲ့ ကိုမင်းနိုင်ကပြောပါတယ်။
လက်ရှိရန်ကုန်မြိုက အဆောင်တွေနဲ့ တိုက်ခန်းငှားသူတွေဟာ ရပ်ကွက်ရုံးတွေမှာ နှစ်ပတ်တစ်ကြိမ် ပုံမှန်ဧည့်စာရင်းတိုင်ရပြီး စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ မြို့နယ်တွေမှာတော့ ဧည့်စာရင်းတိုင်တဲ့အခါ မှတ်ပုံတင်၊ နယ်ကသန်းခေါင်စာရင်း၊ လတ်တလောရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံနဲ့ ဧည့်စာရင်းတိုင်ရတယ်လို့ သိရပါတယ်။
အမျိုးသားရေးတက်ကြွလှုပ်ရှားသူလို့ နာမည်ကြီးတဲ့ အဆိုတော်လီလီနိုင်ကျော်ကို လုပ်ကြံသတ်ဖြတ်တယ်လို့ စွပ်စွဲခံရတဲ့ လူငယ်နှစ်ဦးကို အခုလ ၄ ရက်က ကမာရွတ်မြို့နယ်က အမျိုးသားအဆောင်တစ်ခုမှာ ဖမ်းဆီးရမိခဲ့တာလို့ စစ်ကောင်စီက မနေ့ကထုတ်ပြန်ထားပါတယ်။
ပုံစာ – ရန်ကုန်မြို့မှတိုက်ခန်းများ
Photo -mawkun
#Dailynews

