ငါန်းဇွန်- ၂၀၂၁ အောက်တိုဘာ ၅ (မော်ကွန်း)
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ထဲက ရေလယ်သောင်အုပ်စုကျေးရွာကို ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီ တပ်တွေဝင်ရောက်အကြမ်းဖက်ပစ်ခတ်ကာ ဘုန်းကြီးတစ်ပါးနဲ့ ပြည်သူ လေးဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
ရွာထဲမှာ ဝင်ရောက်ပစ်ခတ် ဖမ်းဆီးခဲ့တာကြောင့် ရွာသားတွေဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ရေလယ်သောင်အုပ်စုကျေးရွာကို ဝင်ရောက်ပစ်ခတ်အကြမ်းဖက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ တိုက်ခိုက်ရေး ခြေမြန်တပ်မ (၉၉) လို့ ဒေသခံတွေက ပြောပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီရွာကို ဝင်ရောက်စီးနင်းစဉ်အတွင်း နေအိမ်တွေမှာ ကျန်ခဲ့တဲ့ ရွာသားတွေရဲ့ လက်ကိုင်ဖုန်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရှာဖွေယူဆောင်သွားကြပြီး ဘေးနားက လက်ပံသာကျေးရွာအုပ်စုကိုလည်း ဝင်ရောက်ပစ်ခတ်ရှာဖွေတာတွေ လုပ်ခဲ့သေးတယ်လို့ ငါန်းဇွန်ဒေသခံတွေက ပြောပါတယ်။
ရေလယ်သောင်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းနိုင်ဖို့အတွက် စစ်ကောင်စီခန့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေနဲ့ အပေါင်းအပါတွေဟာ လှည်းယာဉ်တွေနဲ့ လမ်းပြပို့ဆောင်ခဲ့တာလို့ ငါန်းဇွန်းဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာလ ၃ ရက် ညပိုင်းက ငါန်းဇွန်မြို့နယ်၊ မြေတိုင်းကျေးရွာက စစ်ကောင်စီ သတင်းပေး ကျောင်းဆရာလင်မယားနှစ်ဦး အသတ်ခံခဲ့ရတာကြောင့် အနီးနားမှာရှိတဲ့ အထက်ပါရွာတွေကို ဝင်ရောက်စီးနင်း အကြမ်းဖက်ခဲ့တာဖြစ်နိုင်ကြောင်း ဒေသခံတချို့က သုံးသပ်ကြပါတယ်။
ရေလယ်သောင်ရွာကို စီးနင်းမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က တစ်စုံတရာ ထုတ်ပြန်တာမျိုးတော့ မတွေ့ရသေးပါဘူး။
#Dailynews

