ငဖဲ- ၂၀၂၅ ဖေဖော်ဝါရီ ၂၅ ( မော်ကွန်း)
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းကားလမ်းဘေးကနေခွဲဝင်သွားရတဲ့ လင်းဒဲ(ချင်းတိုင်းရင်းသားရွာ)ရွာ ဘုန်းကြီးကျောင်းကို မနေ့ကနေ့လယ်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲခဲ့တာကြောင့် နှစ်ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ငဖဲဒေသခံသတင်းရင်း မြစ်တစ်ဦးက ပြောပါတယ်။
” တစ်ယောက်က မျက်နှာတစ်ခုလုံး စုတ်ပြတ်သတ်ပြီး သေသွားတယ်။ နောက်တစ်ယောက်က ခေါင်းမှာဗုံးစထိပြီးသေတယ်။ ဘုန်းကြီးကျောင်းဆိုရင် မတိုက်ခိုက်လောက်ဘူးအထင်နဲ့ စုပြီးပုန်းနေကြတာကို ဘုန်းကြီးကျောင်းတည့်တည့်လာချသွားတာပါ” လို့ အထက်ပါသတင်းရင်းမြစ်က ပြောပါတယ်။
တောကြောပေါ်မှာတည်ထားတဲ့ လင်းဒဲရွာဝန်းကျင် တောင်ကြောတွေပေါ်မှာတော့ စစ်ကောင်စီရဲ့ နတ်ရေကန်တောင် ဗျူဟာစခန်း ရှိပြီး အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တပ်တွေဟာ အဲဒီစခန်းကို ထိုးစစ်ဆင်နေတာ ရက်သတ္တပတ်ကြာမြင့်နေပြီ ဖြစ်ပါတယ်။
လေကြောင်းဗုံးကြဲခံရတာကြောင့် ဒဏ်ရာရသွားတဲ့သူတွေကို မြေပြန့်ဘက်၊ မကွေးတိုင်းထဲက မင်းဘူးမြို့ဆေးရုံကို ပို့ဆောင်ကုသစေပေမယ့် လမ်းခရီးအခြေအနေအကြောင့် ခက်ခက်ခဲခဲ ပို့ဆောင်ခဲ့ကြရတယ်လို့ ငဖဲဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
” ဒဏ်ရာရသူတွေထဲမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့သူတွေ အများကြီး ပါတယ်။ လူနာတွေကို တိုက်ပွဲကြားကနေ ဆေးရုံပို့ရတာဆိုတော့ လမ်းမှာ ပုန်းလျှိူးကွယ်လျှိူးနဲ့ အချိန်ကြန့်ကြာသွားတယ်။ ဒါကြောင့် သွေးထွန်လွန်ထားတဲ့ လူနာတွေပါနေတယ်” လို့ သူက ပြောပါတယ်။
မကွေး-မင်းဘူး-ပဒါန်း-အမ်းလမ်းကြောင်းပေါ်မှာ စစ်ကောင်စီရဲ့ အရေးပါတဲ့နတ်ရေကန်ဗျူဟာကို AA နဲ့ မဟာမိတ်တွေက ထိုးစစ်ဆင်နေသလို ရခိုင်-ပဲခူးတိုင်းအစပ်၊ ရခိုင်ရိုးမပေါ်က စစ်ကောင်စီစခန်းတွေကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ရခိုင်ဒေသတွင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။

ပုံစာ- ဗုံးကြဲခံရတဲ့ လင်းဒဲရွာ ဝေဟင်မြင်ကွင်းနဲ့ ထိခိုက်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်း
ဓါတ်ပုံ- Google နှင့် ဒေသခံပေးပို့

