ရန်ကုန်- ၂၀၂၂ ၊ ဧပြီ ၂၁ (မော်ကွန်း)
ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက်မှာ ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်သားအချို့နဲ့ EPC ကဝန်ထမ်းတွေ အင်အားသုံးပြီး မီတာမဆောင်ရသေးတဲ့အိမ်တွေကိုမီးလိုက်လံဖြတ်တောက်သွားပါတယ်။
“တစ်လမ်းဝင်တစ်လမ်းထွက်စာရင်းနဲ့လာတာ။ အခုမဆောင်တဲ့အိမ်တွေမီးဖြတ်ခံလိုက်ရတယ်။ နည်းတာမဟုတ်ဘူး” လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ မီးဖြတ်ခံလိုက်ရတဲ့အိမ်တွေဟာ ရွှေဂုံတိုင်မှာရှိတဲ့ မီတာရုံးမှာ အပြေးအလွှား မီတာပေးဆောင်နေရပါတယ်။
“လမ်းထဲကအိမ်ဆို မီတာပုံးပါဖြုတ်ခံရတာ။ ၂၂ သိန်းဆောင်ရမှာ။ အခု သွားဆောင်နေပြီလို့” ရပ်ကွက်တွင်းနေထိုင်သူ တစ်ဦးကပြောပါတယ်။
တစ်ဖက်မှာလည်း တော်လှန်ရေးအင်အားစုတွေဟာ ပြည်သူတွေအနေနဲ့ စစ်ကောင်စီကို အခွန်မဆောင်ကြဖို့နဲ့ တတ်နိုင်သမျှ မီတာခမဆောင်ကြဖို့ကို မေတ္တာရပ်ခံထားတာပါ။
“မီးမရှိရင် ဘာမှ လုပ်မရဘူး။ စားဝတ်နေရေးအတွက် သွားဆောင်ရတာ” လို့ မီတာသွားဆောင်ရသူတစ်ဦးက ပြောပါတယ်။
Photo: Bahan Information page and Mawkun
ပုံစာ – မီးလိုက်လံဖြတ်တောက်နေသော စစ်ကောင်စီတပ်သားများနှင့် မီတာသွားဆောင်ရသော ရပ်ကွက်နေပြည်သူများ
#Dailynews

