ရန်ကုန် – ၂၀၂၅ ဇန်နဝါရီ ၆ (မော်ကွန်း)
ရခိုင်ပြည်နယ်တောင်ပိုင်း ဂွ-ငသိုင်းချောင်း ကားလမ်းပေါ်မှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီနဲ့ AA တပ်တွေ တိုက်ပွဲတွေပြင်းထန်နေပြီး လက်နက်ကြီး ၊ လေကြောင်းပစ်ခတ်မှုတွေ ဒီရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်နေတယ်လို့ ဂွဒေသခံ တချို့က ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး ဂွ-ငသိုင်းချောင်းလမ်း ရခိုင်ရိုးမပေါ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်နေပြီး လေကြောင်းကလည်း ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဧရာဝတီတိုင်း လေးမျက်နှာမြို့ကို ရောက်ရှိနေတဲ့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
“လက်နက်ကြီးသံတွေတော့ ပစ်သံပေးနေတယ်။ ကျွန်တော်တို့နေတဲ့ နေရာလောက်ကနေဆိုရင် မနေ့က လက်နက်ကြီးပစ်သံတွေ ကြားရတယ်။ တစ်ချက်ချင်းအုံးကနဲ အသံတွေအပြင် အတွဲလိုက်ပစ်တဲ့ အသံတွေကြားရတယ်” လို့ ၎င်းဒေသခံက ပြောပါတယ်။
အာရက္ခတပ်တော် (AA) တပ်တွေ ပြီးခဲ့တဲ့လပိုင်းက ဂွမြို့ကိုသိမ်းပိုက်လိုက်ပြီးနောက်မှာ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းအစပ်က စစ်ကောင်စီတပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်လာတာပါ။
ဂွတောင်ကြားလမ်းလို့ နာမည်တွင်တဲ့ ဂွ-ငသိုင်းချောင်း ရိုးမဖြတ်ကျော်ကားလမ်းပေါ်မှာ စစ်ကောင်စီတပ်ရဲ့ အမြှောက်တပ်၊ စစ်ဆေးရေးဂိတ်တွေနဲ့ ကာကင်းစခန်းတွေ အများအပြားချထားပြီး ဒီစခန်းတွေကို AA တပ်တွေက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်လာတာပါ။
“တိုက်ပွဲဖြစ်တာ ဗေဒါဆိုတဲ့နေရာက သွားလို့လည်းမလွယ်ဘူး။ အောက်မှာလည်း တပ်တွေကရှိတော့ မြေပြင်မှာ ဘယ်လိုဖြစ်နေလဲဆိုတာတော့ သေချာတော့ မသိဘူးပေါ့။ ရိုးလမ်းပေါ်က လူအသွားအလာလည်းမရှိဘူး။ တိုက်ပွဲဖြစ်နေတယ်ဆိုတော့ သွားလည်းမသွားရဲကြဘူး” လို့ ဂွဒေသခံတစ်ဦးက အခြေအနေကို ရှင်းပြပါတယ်။
ဒါ့အပြင် ဂွမြို့ တောင်ပိုင်း ပုသိမ်ခရိုင်၊ ရွှေသောင်ယံကမ်းခြေတစ်လျှောက်က စစ်ကောင်စီစခန်းတွေကိုလည်း အခုလ ၃ ရက်မှာ AA တပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါသေးတယ်။
ဂွတောင်ပိုင်း တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ဒေသခံတစ်ဦးကတော့ “၂ ရက် ၃ ရက်နေ့လောက်က တိုက်ပြီးတော့ ၄ ရက်၊ ၅ ရက်မှာ တိုက်ပွဲနည်းနည်းနားသွားတယ်။ မကျီးဇင်မရောက်ခင် ကျောက်ချွန်ကမ်းခြေဆိုတာရှိတယ်။ အဲဒီမှာ တံတားလည်းရှိတယ်။ အဲဒီမှာ AA တပ်တွေ တန့်နေတယ်ထင်တယ်” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ ဂွတောင်ပိုင်းက ဧရာဝတီတိုင်းဝင်တဲ့ ကမ်းခြေတစ်လျှောက်နဲ့ ရိုးမတောင်တန်းတွေအပေါ်မှာ ခံစစ်ပြင်ထားပြီး လက်နက်ကြီးစခန်းတွေလည်း တပ်ဆင်ထားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
“သာပေါင်းသွားတဲ့လမ်းတွေမှာ လက်နက်ကြီးတွေ ဆင်နေတာတော့ ရှိတယ်။ တကယ်လို့ AA က တိုက်လို့ရှိရင် လက်နက်ကြီးက ရိုးပေါ် အမြင့်ကနေ လက်နက်ကြီးတွေနဲ့ ပစ်မယ်ပေါ့။ ကမ်းခြေမှာလည်း စစ်သားတွေ ချထားတယ်။ AA က တိုက်ရင်တော့ ရိုးပေါ်ကို ပြေးမယ်ပေါ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
AA ရဲ့ ထိုးစစ်ကြောင့် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ရခိုင်တောင်ပိုင်းအစွန်အဖျားက ဂွမြို့ကို စစ်ကောင်စီဟာ လက်လွှတ်ခဲ့ရပြီး ဂွတောင်ပိုင်းနဲ့ ဂွအနောက်ပိုင်းတွေကို တပ်ဆုတ်ကာ ဧရာဝတီတိုင်းထဲကို ခံစစ်ပြင်ထားရပါတယ်။
၂၀၂၃ နိုဝင်ဘာမှာ စတင်ခဲ့တဲ့ အာရက္ခတပ်တော်ရဲ့ ထိုးစစ်ကာလ တစ်နှစ်ကျော်အတွင်းမှာ ရခိုင်ပြည်နယ်က တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ အမ်းအပါအဝင် မြို့ပေါင်း ၁၄ မြို့ထိ သိမ်းယူနိုင်ခဲ့ပြီး မာန်အောင်၊ ကျောက်ဖြူနဲ့ စစ်တွေ မြို့တွေကိုပဲ စစ်ကောင်စီက ထိန်းထားနိုင်တော့တာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ AA အနေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ ပြဿနာတွေကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့ အသင့်ရှိတယ်လို့ ထုတ်ပြန်ထားပေမယ့် လက်ရှိအချိန်ထိတော့ တွေ့ဆုံဆွေးနွေးပွဲတွေကို မတွေ့မြင်ရသေးဘဲ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတာပါ။
ပုံစာ – ဂွမြို့သိမ်းတိုက်ပွဲမှာ AA တပ်တွေ သိမ်းဆည်းရမိခဲ့တဲ့ စစ်ကောင်စီသံချပ်ကား
ဓါတ်ပုံ – AA Info Desk

