အောင်ပိုင်
ရန်ကုန် – ၂၀၂၀၊ မတ် ၁၆ (မော်ကွန်း)
ဂျပ်ဆင်ဘုရားကျောင်းတွင် ဘုရားဝတ်ပြုဆုတောင်းရက်များ၌ ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကာကွယ်မှုအဖြစ် ပိုးသတ် ဆေးဖြန်း ပိုးသတ်ပေးမည်ဟု သင်းအုပ်ဆရာတော် ဦးထွန်းထွန်းဦးက ယနေ့တွင် ပြောသည်။
“ နောက်တစ်ပတ်ဆိုရင် ကျွန်တော်တို့ ပိုးသတ်ဆေးစဖြန်းဖို့ စီစဉ်ထားပါတယ်။ အသင်းသားတွေထဲမှာ ဆေးရုံ ထောင်ထားတဲ့ လူတွေရှိတော့ ဆေးဝါးတွေရမယ်။ ကူညီမယ့်လူတွေရှိတယ်။ ဘုရားမရှိခိုးခင်မှာ ဆေးဖြန်းထားမျိုးပေါ့” ဟု ၎င်းက ပြောသည်။
မတ်လ ၁၄ ရက် ကလည်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအဖြစ် ဘုရားကျောင်းတွင် လာရောက်ဝတ်ပြုကိုးကွယ်သူများကို တစ်ဦးနှင့်တစ်ဦးသုံးပေခြားထိုင်ရန်၊ လက်ဆွဲမနှုတ်ဆက်ရန်၊ လက်သန့်ဆေးအသုံးပြုရန်၊ လိုအပ်ပါက အချိန်ခွဲဝတ်ပြု ပေးရန် အသိပေးချက်ထုတ်ပြန်ခဲ့သေးသည်။
ဂျပ်ဆင်ဘုရားကျောင်းတွင် တနင်္ဂနွေနေ့တိုင်း အိမ်ရှင်အသင်းသားနှင့် ဧည့်သည် စုစုပေါင်း လူဦးရေ ၁၈၀ မှ ၂၀၀ ကြားသည် ပုံမှန်အားဖြင့် ဝတ်ပြုဆုတောင်းလေ့ရှိကြသော်လည်း ယင်းအသိပေးချက်ထုတ်ပြန်လိုက်ပြီးနောက် အိမ်ရှင် အသင်းသား ၁၀၀ ဝန်းကျင်သာ တတ်ရောက် ဝတ်ပြုဆုတောင်းတော့သည်ဟု သင်းအုပ်ဆရာတော်က ဆိုသည်။
မတ်လဆန်းပိုင်းက တောင်ကိုရီးယားနိုင်ငံ၏ ဘုရားကျောင်းတစ်ခုအတွင်း ဝတ်ပြုဆုတောင်းရာမှ ကိုရိုနာဗိုင်းရပ်စ် စတင် ပျံနှံခဲ့သည်ဟုဆိုကာ ယင်းဘုရားကျောင်းမှ သင်းအုပ်ဆရာသည် တစ်နိုင်ငံလုံးကို ဝန်ချတောင်းပန်ခဲ့သည်ဟု နိုင်ငံတကာ သတင်းမီဒီယာများတွင် ဖော်ပြခဲ့သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မတ်လ ၁၅ ရက် ညနေပိုင်းအထိ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ မတွေ့ရသေးဘဲ စောင့်ကြည့်သံသယလူနာ ၁၃၀ ဦး ရှိပြီဖြစ်သည်။
မတ်လ ၁၅ ရက်အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည့် နိုင်ငံပေါင်း ၁၄၄ နိုင်ငံအထိ ရှိလာပြီဖြစ်ကာ ရောဂါကူးစက်ခံရသူ ၁၅၃,၀၀၀ ကျော်နှင့် သေဆုံးသူ ၅,၇၀၀ ကျော် ရှိလာပြီ ဖြစ်သည်။
Photo – Judson Church
#Dailynews

