ခင်ဦး – ၂၀၂၄ စက်တင်ဘာ ၅ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မဒေါင်းလှရွာ ပျူစောထီးစခန်းတိုက်ခိုက်ခံရပြီးနောက် ကန့်ဘလူနယ်ကနေ စစ်ကူလာတဲ့ စစ်ကောင်စီတပ်နဲ့ မဘသဘုန်းကြီး ဦးဝါသဝရဲ့ လက်အောက်ခံပျူစောထီးတွေဟာ ကျေးရွာ ၁၀ ရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလ ၁ ရက်ကစလို့ စစ်ကောင်စီနဲ့ ပျူစောထီးတွေဟာ မဒေါင်းလှရွာ ပျူစခန်းအနီးက ငကြိုင်း၊ ဖန်ခါးကုန်း၊ စောကြီး၊ တဲကြီး၊ အင်ကြင်းပင်၊ သနပ်စိန်၊ ပေါက်တော၊ ပိတောက်ကုန်း၊ ဆီဆုံလေးနဲ့ နှဲတွင်းစတဲ့ ရွာတွေကို ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေရာနဲ့ချီကာပျက်စီးခဲ့ပြီလို့ ဒေသခံဆီကသိရပါတယ်။
” မဒေါင်းလှပျူစခန်းအနီးကရွာတွေကို နေ့တိုင်းလိုလို မီးပတ်ရှို့နေတာ၊ ဟိုတစ်နေ့ကဆိုရင် အင်ကြင်းပင်ရွာကို မီးရှို့တာ အိမ်ခြေ ၆၀ နီးပါး လောင်သွားတယ် ” လို့ ခင်ဦးမြို့ ဒေသခံက မော်ကွန်းကို ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ မဘသဘုန်းကြီး ဦးဝါသဝအဖွဲ့တွေဟာ ရွာတွေကို မီးရှို့ပစ်တဲ့အပြင် ဒေသခံပြည်သူတွေကိုပါ ရန်ပြုနေလို့ ထွက်ပြေးကြရတယ်လို့ ဒေသခံကပြောပါတယ်။
“ဘေးနားကရွာတွေက ဘာမှမဆိုင်ဘဲနဲ့ မီးရှို့ခံနေရတာ၊ ပြည်သူတွေလည်း အခုထိ ရွာကို ပြန်မကပ်နိုင်ကြသေးဘူး” လို့ ခင်ဦးဒေသခံကပြောပါတယ်။
စစ်အုပ်စုနဲ့ ပျူတွေဟာ မနေ့မနက်ပိုင်းမှာ မဒေါင်းလှရွာပျူစခန်းတောင်ဘက်က ပေါက်တောကျေးရွာကို မီးရှို့ပြီး ညနေပိုင်းမှာ မဒေါင်းလှရွာ မြောက်ဘက်က ဆီဆုံလေးကျေးရွာနဲ့ နှဲတွင်းကျေးရွာကို စီးနင်းဝင်ရောက် မီးရှို့တယ်လို့ ဒေသခံက ဆိုပါတယ်။
လတ်တလောစစ်ရေးအခြေနေများကြောင့် မီးလောင်ပျက်စီးတဲ့အိမ်ခြေအတိအကျကိုတော့ ဒေသခံအဖွဲ့အစည်းတွေဆီက မသိရသေးပါဘူး။
မဒေါင်းလှရွာပျူစခန်း ထပ်မံတိုက်ခိုက်မှာစိုးရိမ်ပြီး ပျူစခန်းအနီးဝန်းကျင်ကျေးရွာတွေကို စစ်ကောင်စီကမီးပတ်ရှို့နေတာဖြစ်ဖို့များတယ်လို့ ခင်ဦးပကဖအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
“ခုတိုင်းဆို စစ်ကြောင်းထိုးနေတဲ့ပုံစံတော့ မဟုတ်ဘူးဗျ။ သူတို့ရွာကို ကျွန်တော်တို့ အဖွဲ့တွေ ပြန်ဝင်လာမှာ စိုးရိမ်လို့ ဘေးပတ်ပတ်လည်ကို ကင်းထောက်တဲ့သဘောနဲ့ ရွာတွေကိုဝင်ပြီးတော့ မီးရှို့တာတွေ လုပ်နေတာ” လို့ ခင်ဦးမြို့နယ်-ပကဖ တာဝန်ရှိသူက ဆိုပါတယ်။
မဒေါင်းလှရွာ ပျူစခန်းကိုသိမ်းယူနိုင်ဖို့ ဒေသခံတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဩဂုတ် ၁၉ ရက်နဲ့ ၃၁ ရက်တွေမှာ တိုက်ခိုက်ခဲ့ပြီး စခန်းက ဘန်ကာတွေကို ဖြိုဖျက်နိုင်ခဲ့ပေမယ့် တိုက်လေယာဉ်နဲ့ ဗုံးကြဲကာ လေကြောင်းပစ်ကူလို့ တော်လှန်ရေးတပ်တွေ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။
အဲဒီနောက် စက်တင်ဘာလ ၁ ရက်မှာ ကန့်ဘလူနယ် ဇီးကုန်းသကြားစက်က စစ်ကောင်စီတပ်နဲ့ မဘသ ဘုန်းကြီး ဝါသဝရဲ့ ပျူစောထီးတွေပါတဲ့ အင်အား ၁၇၀ ဝန်းကျင်ကို မဒေါင်းလှရွာ ပျူစခန်းဘက် စစ်ကူပို့ပေးသလို Y-12 ထောက်ပို့လေယာဉ်နဲ့ ရိက္ခာ၊ ခဲယမ်းတွေ ချပေးပြီးနောက် အခုလို အနီးဝန်းကျင်ရွာတွေကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးနေတာလို့ ဒေသခံတွေက ပြောပါတယ်။
ပုံစာ – မဘသ ဘုန်းကြီး ပျူစောထီးခေါင်းဆောင် ဝါသဝနဲ့ စစ်ကောင်စီအဖွဲ့များ
ဓါတ်ပုံ – စစ်အုပ်စုဝါဒဖြန့်ချန်နယ်များ
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

