ရန်ကုန်-၂၀၂၃ စက်တင်ဘာ ၅ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ညန်အင်းရွာကို စစ်ကောင်စီတပ်တွေ မနေ့ကညနေနဲ့ ဒီနေ့မနက်ပိုင်းမှာ နှစ်ကြိမ်မီးရှို့ဖျက်ဆီးတဲ့အပြင် စစ်ရှောင်တဲတွေကိုပါမီးရှို့ဖျက်ဆီးသွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“ညန်အင်းက မနက်ခင်း သူတို့စစ်ကြောင်းထွက်ခါနီးမှာတစ်ခါထပ်ရှို့တယ်။ အဲဒါပြီးတော့ သူတို့စစ်ကြောင်းနှစ်ကြောင်းပေါင်းပြီးတော့ ထိန်တောတို့ အင်းလယ်ကြီးတို့ အဲဒီပတ်ဝန်းကျင်က စစ်ရှောင်တဲတွေကို လှည့်ပတ်ပြီးမီးရှို့နေတယ်လို့ ကျွန်တော်တို့ နောက်ဆုံးသတင်းရထားတာ” လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်တွေမီးရှို့ခဲ့တဲ့ရွာတွေဟာ စစ်ကြောင်းတွေနဲ့နီးတာကြောင့် ပျက်စီးဆုံးရှုံးမှုကိုတော့ အသေးစိတ်မသိရသေးဘူးလို့ သူကဆက်ပြောပါတယ်။
စစ်ကောင်စီတပ်တွေ ညန်အင်းရွာကို တပ်စွဲထားချိန် ဖမ်းဆီးခံရတဲ့ဒေသခံတွေရှိပေမယ့် သူတို့အခြေအနေကိုလည်း အခုထိမသိရသေးဘူးလို့ ဆိုပါတယ်။
“ရွာတွေက တစ်ရွာနဲ့ တစ်ရွာသိပ်မဝေးဘူး။ ဒေသခံတွေဖမ်းခံရတာတော့ကြားမိတယ်။ လောလောဆယ်အဲဒီက ဒေသခံတွေကို ကျွန်တော်တို့ချိတ်ဆက်မေးတဲ့အခါ အသေးစိတ်သူတို့ပြန်မပြောနိုင်သေးဘူးဖြစ်နေတာ။ အသေးစိတ်သိဖို့ကတော့ ခက်တယ်” လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ကန့်ဘလူမြို့နယ်ထဲက ရွာတွေကို အခုလအစောပိုင်းကစပြီး ရုတ်တရက်စီးနင်းတာ၊ ရွာတွေမှာတပ်စွဲပြီး မီးရှို့ဖျက်ဆီးတာတွေလုပ်ဆောင်နေတာကြောင့် ကျေးရွာ ၁၅ ရွာကျော်က ဒေသခံနှစ်သောင်းခွဲကျော် နီးစပ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကန့်ဘလူဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ကန့်ဘလူနယ်ထဲက ကျေးရွာတွေကိုမကြာခဏစစ်ကြောင်းထိုးတာဟာ နယ်မြေရှင်းလင်းရေးလုပ်တာလို့ ယူဆရကြောင်း ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးချိန် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်တာမျိုးမရှိဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၃၀ ရက်ကလည်း စစ်ကောင်စီတပ်တွေဟာ ကန့်ဘလူခရိုင်ထဲက အင်းတောပေါက်တဲတိုက်က ဒေသခံတစ်ဦး၊ ဖလံချိုင်ရွာက တစ်ဦးနဲ့ ရင်ခက်ကုန်းရွာက ဒေသခံတစ်ဦးတို့ကို သတ်ဖြတ်ခဲ့တဲ့အပြင် သရက်ခေါင်းရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
စစ်ကောင်စီတပ်တွေဟာ ရွှေဘိုမြို့နယ်ထဲက ကျေးရွာငါးရွာကိုလည်း မနေ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP Myanmar ရဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီးနှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံတစ်ဝန်းမှာ နေအိမ်ပေါင်း ရှစ်သောင်းကျော် မီးရှို့ဖျက်ဆီးခံရပြီး စစ်ကိုင်းတိုင်းကအများဆုံးဖြစ်ကာ နေအိမ်ပေါင်း ခြောက်သောင်းနီးပါးအထိ ဖျက်ဆီးခံထားရပါတယ်။
ပုံစာ-စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ ညန်အင်း၊ထိန်တောနဲ့ အင်လယ်ကြီးရွာ
ဓာတ်ပုံ-MIMU
#Dailynews

