ရန်ကုန် – ၂၀၂၅ မေ ၉ (မော်ကွန်း)
တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီက ထိုးစစ်ဆင်နေပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ TNLA သတင်းနဲ့ပြန်ကြားရေးက ဒီနေ့မှာထုတ်ပြန်လာပါတယ်။
စစ်ကောင်စီဟာ ငလျင်ဘေးကယ်ဆယ်ရေးအတွက် ဒီလ ၆ ရက်ကနေ ၃၁ ရက်ထိ အပစ်အခတ်ရပ်စဲရေးကာလ သက်တမ်းတိုးမြှင့်တယ်လို့ ကြေညာထားပေမယ့် ဒီရက်ပိုင်းမှာ TNLA နဲ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာတာပါ။
မနေ့ကစပြီး စစ်ကောင်စီဟာ နောင်ချို့မြို့နယ်က TNLA တပ်တွေ စိုးမိုးထားတဲ့ သရက်ချို၊ ယာပြင်၊ နောင်လင်နဲ့ တောင်လှကျေးရွာတွေကို တစ်ပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်လာတယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားတာပါ။
၎င်းတိုက်ပွဲတွေမှာ စစ်ကောင်စီက မြေပြင်ထိုးစစ်အပြင် လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို အသုံးပြုပြီး အပြင်းအထန်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
၎င်းတိုက်ခိုက်မှုတွေမှာ ဒေသခံထိခိုက်သေဆုံးသူတွေလည်းရှိခဲ့ပြီး မနေ့က နောင်ချိုမြို့နယ် သရက်ချိုရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် အသက်ငါးနှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ဒေသခံ လေးဦးသေဆုံးကာ ခုနစ်ဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့လကုန်ပိုင်းက TNLA နဲ့ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့တွေဟာ တရုတ်နိုင်ငံကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲက နှစ်ဖက်သဘောတူညီချက်မရဘဲ ပြီးဆုံးသွားခဲ့ပါတယ်။
၎င်းဆွေးနွေးပွဲမှာ TNLA တပ်တွေကို နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေဆီကနေ နမ့်ဆန်နဲ့ မန်တုံမြို့နယ်တွေထိ တပ်ဆုတ်ပေးဖို့ စစ်ကောင်စီက တောင်းဆိုခဲ့ပေမယ့် ၎င်းတောင်းဆိုချက်ကို TNLA က လက်မခံခဲ့တာပါ။
၎င်းဆွေးနွေးပွဲပျက်ပြီးနောက်ရက်မှာပဲ စစ်ကောင်စီဟာ မိုးကုတ်၊ နောင်ချိုနဲ့ ကျောက်မဲမြို့တွေကို လေကြောင်းကနေ ဆက်တိုက်ဆိုသလို ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
လက်ရှိမှာ စစ်ကောင်စီဟာ TNLA ထိန်းချုပ်ဒေသတွေကို စစ်အင်အားဖြည့်တင်းတာ၊ ထိုးစစ်ဆင်တာတွေနဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကို လိုက်နာကြဖို့ TNLA ကလည်း ထုတ်ပြန်ထားပါတယ်။
ပုံစာ – နောင်ချိုမှာ တိုက်ပွဲဖြစ်နေတဲ့မြင်ကွင်း
ဓါတ်ပုံ – TNLA

