ကနီ – ၂၀၂၁ ဒီဇင်ဘာ ၅ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က ကျေးရွာ ရှစ်ရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်မွှေနှောက်နေလို့ ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး ငွေသားနဲ့ပစ္စည်းတွေ သိမ်းယူသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ကနီမြို့နယ်ထဲက နတ်ကြီးကျေးရွာအပါအဝင် အနီးဝန်းကျင်က ကျေးရွာရှစ်ရွာကို နိုဝင်ဘာ၂၅ရက်နေ့ကနေ စတင်ဝင်ရောက်လာပြီး ကျေးရွာအတွင်း ဝင်ရောက်ရှာဖွေဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ကြောင်း၊ နတ်ကြီးရွာမှ အဖျော်ယမကာရောင်းတဲ့အိမ်က ငွေသား ၁၈သိန်းနဲ့ တခြားနေအိမ်တစ်အိမ်က ငွေသားငါးသိန်းခွဲတို့သိမ်းယူသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၃ ရက်နေ့မှ အာဏာသိမ်းစစ်တပ်ကပြန်ထွက်သွားတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာသားတချို့ အခုမှ ပြန်လာပြီး အိမ်တွေကို လာကြည့်နိုင်ကြတာပါ။
အိမ်အတော်များများကိုဝင်ရောက်မွှေ နှောက်ထားပြီး နေအိမ်တစ်အိမ်ကိုတော့ အိမ်နဲ့သုံးဘီးဆိုင်ကယ်ကိုပါဖျက်ဆီးသွားကြောင်း၊ ပစ္စည်းတွေလည်း ယူဆောင်သွားတာတွေ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။
ယမကာဆိုင်က အရက်တွေလည်းဖောက်သောက်သွားခဲ့ပြီး ရွာထဲကပြည်သူတွေမွေးမြူထားတဲ့ ကြက်နဲ့ဆိတ်တွေကိုလည်းသတ်စားသွားတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ရွာသုံးရွာက ကလေးတစ်ယောက်အပါအဝင် သုံးယောက်ကိုလည်း ဖမ်းဆီးထားကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာလ ၂ ရက်နေ့ မနက်ပိုင်းက နတ်ကြီးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ကနီ KLG PDFဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတွေရှိခဲ့ပါတယ်။
နတ်ကြီးရွာနဲ့ ဝက်ချောင်းလေးရွာကြားမှာ တစ်ကြိမ် ၊ နတ်ကြီးရွာနဲ့ ချောင်းဝကြီးရွာကြားမှာ တစ်ကြိမ် ပစ်ခတ်ခဲ့ပြီး PDF ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ စစ်ကောင်စီတပ်ဘက် ကျသွားပြီး ထိခိုက်မှုတွေရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
#Dailynews

