မုံရွာ-၂၀၂၄ မတ် ၂၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရဲ့ အနီးတဝိုက်က ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ အခုလအစောပိုင်းကစပြီး စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေတာကြောင့် မုံရွာမြို့အနီးမှာရှိတဲ့ ကျေးရွာပေါင်း ၁၃ ရွာကျော်က နေအိမ် သုံးထောင်ကျော် မီးလောင်ပျက်စီးသွားပြီလို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေက ပြောကြပါတယ်။
“ ဖေဖော်ဝါရီ ၂၉ ကနေဆက်တိုက်ရှို့တာပဲ။ အခုတော့ ရွာကြီးတွေကိုပါရှို့တာ။ အကြီးအကျယ်ရှို့ခဲ့တာဆိုရင် သက္ကယ်ကျင်းပေါ့။ တစ်ရွာလုံးရှို့ခံရတာတွေကော ရွာတွေထဲက PDF အိမ်တွေရွေးရှို့တာကောဆို ရွာအားလုံးပေါင်းရင် အိမ်ခြေ သုံးထောင်ကျော်၊ လေးထောင်လောက်တော့(မီးလောင်ပျက်စီး) ရှိပြီ” လို့ မုံရွာမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ မုံရွာမြို့ပေါ်ကို ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်လာမှာစိုးတာကြောင့် မြို့အနီးတဝိုက်ကရွာတွေကို နယ်မြေရှင်းလင်းရင်း မီးရှို့ဖျက်ဆီးတာတွေလုပ်ဆောင်နေတာလို့ မြို့ခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဆိုကြပါတယ်။
“ မြို့ရဲ့ ငါးမိုင်ပတ်လည်က ရွာတွေအကုန် ဝင်စီးပြီး မီးရှို့တာတွေလုပ်မယ်လို့ သတင်းတွေကြားနေတာပဲ။ သေချာတော့ မသိပါဘူး။ မြို့အဝင်အထွက်မှာလည်း စစ်ဆေးရေးတွေပိုကျပ်ထားတယ်။ ဒါပေမယ့် အခုလထဲ ဆက်တိုက်ရှို့နေတာပဲလေ၊ သက္ကယ်ကျင်းရှို့ခံရတဲ့နေ့တုန်းကဆို မြို့ထဲကနေပါ မီးခိုးတွေမြင်ရတယ်” လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဖေဖော်ဝါရီ ၂၉ ကနေစပြီး မုံရွာမြို့ ရဲ့ မြောက်ဘက်က ပေကုန်း၊ တဲကြီးကုန်း၊ ဘူးတောင်းကန်ရွာတွေကို စတင်စီးနင်းမီးရှို့ခဲ့ပြီး နေအိမ် ၁၅၀ ကျော် ပျက်စီးခဲ့ပါတယ်။
အခုလ ၁ ရက်နဲ့ ၅ ရက်မှာတော့ တဲကြီးကုန်းရွာအနီးက ရှေးဟောင်းအဆောက်အဦတွေ အများအပြားရှိတဲ့ ခိုးသန်းရွာကို စစ်ကောင်စီတပ်တွေက နှစ်ကြိမ်ဆက်တိုက်မီးရှို့ခဲ့ပြီး နေအိမ်နှစ်ရာကျော်မီးလောင်ပျက်စီးကာ အဘွားအိုတစ်ဦးသေဆုံးခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ ကျောက်စစ်ပုံ၊ ကော်လပြ၊ ရွာသစ်ကုန်း၊ ဂေါကြီး၊ ထနောင်းဝင်း၊ ကိုင်းတော၊ သက္ကယ်ကျင်းစတဲ့ရွာတွေ ဆက်တိုက်မီးရှို့ခံရပြီး သက္ကယ်ကျင်းရွာကတော့ တစ်ရွာလုံးနီးပါးပြာကျကာ ဒေသခံ ခုနစ်ဆယ်ကျော်ဖမ်းခံရပြီး လက်ရှိအချိန်အထိ ပြန်မလွတ်ကြသေးပါဘူး။
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်အထိ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် နိုင်ငံအနှံ့မှာ မီးလောင်ပျက်စီးခဲ့တဲ့ အိမ်ခြေပေါင်း ရှစ်သောင်းနီးပါးအထိရှိနေပြီလို့ ဆိုပါတယ်။
ပုံစာ-သက္ကယ်ကျင်းရွာ မီးရှို့ဖျက်ဆီးခံရစဉ်။
ဓာတ်ပုံ-5/Commando Force

