ရန်ကုန်- ၂၀၂၃ ဇွန် ၂၃ (မော်ကွန်း)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအုပ်ချုပ်တဲ့ကာလ လွန်ခဲ့တဲ့ငါးနှစ် ၂၀၁၇ က ခရီးသည်တွေကိုမချေမငံဆက်ဆံပြောဆိုတဲ့ စည်းကမ်းမဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကြောင့် နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်မှုကော်မတီ (မထသ) ယာဉ်လိုင်းစနစ်မှ YBS စနစ်သို့စတင် ပြောင်းလဲခဲ့ပါတယ်။
ယာဉ်လိုင်းတွေပေါ်မှာ ယာဉ်နောက်လိုက်မပါတာတွေ၊ ယာဉ်စီးခကို ပုံးထဲထည့် (သို့) ကဒ်နဲ့ပေးချေတာတွေ၊ ခရီးသည်တွေရဲ့လုံခြုံရေးအတွက် cctv ကင်မရာတွေတပ်ဆင်ပေးတာတွေ နဲ့ သက်တောင့်သက်သာရှိမှုတွေကြောင့် အများပြည်သူတွေရဲ့ အပြုသဘောဆောင်တဲ့မှတ်ချက်တွေရှိခဲ့တာပါ။
သယ်ယူပို့ဆောင်ရေးကဏ္ဍဖြစ်တဲ့ YBS ယာဉ်လိုင်းစနစ်ဟာ အစိုးရတစ်ရပ်ရဲ့ စီမံခန့်ခွဲနိုင်စွမ်းကို ဆန်းစစ်တဲ့ပေတံတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ခဲ့တာပါ။
ပြီးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအစိုးရလက်ထက်မှာ အသစ်ပြောင်းလဲခဲ့တဲ့ YBS ယာဉ်လိုင်းစနစ်ဟာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာဘာတွေပြောင်းလဲသွားပြီလဲ၊ ရန်ကုန်မြို့နေပြည်သူတစ်ချို့က YBS စီးရတဲ့ သူတို့ရဲ့အတွေ့အကြုံကိုပြောပြထားပါတယ်။
“မလုံခြုံဘူး”
စမ်းချောင်းမြို့နယ်နေသူတစ်ဦး။ ။ကျွန်တော်ကစမ်းချောင်းကနေမြို့ထဲသွားတာများတယ်။ ကျွန်တော်ကကောင်းတဲ့ကားတွေပဲရွေးစီးတာ။ ဥပမာ လူထုမိတ်ဆွေကားတွေ ၇၈ တို့ဘာတို့ဆိုအဲကွန်းအမြဲတမ်းဖွင့်တယ်။ အဲဒီ့ကားပဲစီးတယ်။ အဲကွန်းနဲ့ဆိုတော့ သက်တောင့်သက်သာရှိပေမယ့် စိတ်မအေးရတာတစ်ခုရှိတယ်။ ဘာလဲဆိုတော့ဘယ်အချိန်ခါးပိုက်နှိုက်ခံရမလဲအမြဲတမ်းစိတ်ပူနေရတာ။ ဖုန်းနဲ့ပိုက်ဆံအိတ်ကိုအမြဲသတိထားနေရတာ၊ အိပ်တောင်မအိပ်ရဲဘူး။
“ကားစောင့်ရတာကြာတယ်။”
သုဝဏ္ဏမြို့နယ်နေသူတစ်ဦး ။ ။ တာမွေစျေးကနေသုဝဏ္ဏက်ိုအလုပ်အသွားအပြန်စီးတာပါ။ ၂၅၊ ၅၉ စီးတာများတယ်။ အရင်ကဆို တစ်စီးနဲ့တစ်စီးကို ငါးမိနစ်လောက်ပဲကြာတယ်။ အခုက နာရီဝက်၊ တစ်နာရီလောက်ကြာတယ်။ ကားတွေကနည်းသွားတာလားမသိဘူး။ စောင့်ရတာလည်းအကြာကြီးပဲ။ လူတွေလည်းပြုံတိုးနေကြတာပဲ။
“ယာဉ်နောက်လိုက်တွေပြန်ပါလာတယ်။”
တာမွေမြို့နယ်နေသူတစ်ဦး။ ။ အရင်တုန်းကဆိုစပါယ်ယာမပါဘူး။ ပိုက်ဆံပုံးထဲထည့်လိုက်ရုံပဲ။ အခုက ပုံးထဲမထည့်ခိုင်းဘူး၊ စပါယ်ယာတွေကကောက်တာတွေရှိတယ်။ တစ်ခါတစ်လေ အော်တာဆဲတာတွေကလုပ်သေး။ ဟိုးအရင်ကလိုပြန်ဖြစ်သွားပြီ။
“ပိုက်ဆံတွေပိုကောက်တယ်။”
ဗဟန်းမြို့နယ်နေသူတစ်ဦး။ ။ ယာဉ်စီးခတွေမတက်ခင်ကတည်းက ပိုကောက်တာတွေရှိတယ်။ အရင်တုန်းကဆို ယာဉ်စီးခ ၂၀၀ ကနေ ၃၀၀ ကို တရားဝင်မပြောင်းခင်ကတည်းက ၃၀၀ ကောက်တာတွေရှိတယ်။ ၇၅ ဆို ညဘက်ရောက်သွားရင် တစ်မှတ်တိုင်၊ နှစ်မှတ်တိုင်ဆို ၃၀၀ ပဲ။ နည်းနည်းဝေးသွားရင် ၅၀၀ ကောက်တာ။
“အောက်ဆိုက်ယာဉ်လိုင်းတွေများလာ။”
တက္ကစီယာဉ်မောင်းတစ်ဦး။ ။ အခုရန်ကုန်မှာအောက်ဆိုက်ကားတွေအရမ်းများလာတယ်။ ကားပေါ်လူတင်တာကတော့ ခေါင်မိုးထိပါရောက်တယ်။ လမ်းပေါ်တွေရင်သူတို့ကိုအရင်သွားခိုင်းလိုက်တယ်။ အဲ့ဒါကိုယ့်အတွက်ဘေးအကင်းဆုံးနည်းလမ်းပဲ။ ဒီကောင်တွေက မီးပွိုင့်လည်းမသိ။ ကျော်ချင်သလိုကျော်၊ ခွချင်သလိုခွ မောင်းကြတာ။ မတော်တဆဖြစ်လို့ကတော့အရင်ဆုံးမောင်းပြေးမယ့်ကောင်တွေကြီးပဲ။
Photo- Mawkun
#Dailynews

