တောင်ကြီး – ၂၀၂၄ မတ် ၁ (မော်ကွန်း)
တောင်ကြီး-ကျိုင်းတုံလမ်းပိုင်း၊ လွိုင်လင်မြို့နယ်၊ မိုင်းပွန်မြို့မှာ တိုက်ပွဲတွေကြောင့် လမ်းကြောင်းပိတ်ထားရာကနေ ဒီနေ့ ပြန်ပြီး လမ်းဖွင့်ပေးလိုက်ပြီးလို့ အဲဒီမြို့မှာပိတ်မိနေတဲ့ ကုန်ကားသမားတချို့က မော်ကွန်းကိုပြောပါတယ်။
“ အခုလမ်းဖွင့်ပေးနေပြီဗျ။ ကျွန်တော့်ကား မြို့အထွက် တံတားနားကိုရောက်လာပြီ” လို့ ဒီနေ့မနက် ၁၁ နာရီဝန်းကျင်မှာ ကုန်ကားသမားတစ်ဦးက ပြောပါတယ်။ သူ့ဟာ အဲဒီမြို့မှာ တိုက်ပွဲတွေကြောင့် ကိုးရက်ပိတ်မိနေခဲ့ရသူပါ။
ပြီးခဲ့တဲ့လ ၂၀ ရက်ကစပြီး ဟိုပုံးမြို့နယ်နဲ့ လွိုင်လင်မြို့နယ်အစပ်၊ လွိုင်လင်အပိုင်ထဲက မိုင်းပွန်မြို့မှာ စစ်ကောင်စီနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLA)၊ မဟာမိတ်တပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားကတည်းက အဲဒီ့လမ်းပိုင်းကို စစ်ကောင်စီက ပိတ်ထားခဲ့တာကြောင့် ရာပေါင်းများစွာသော ခရီးသည်ကား၊ ကုန်ကားနဲ့ အိမ်စီးကားတွေ ပိတ်မိနေခဲ့တာပါ။
“ တိုက်ပွဲကငြိမ်ပြီထင်တာပဲ။ စောစောပိုင်းကတော့ ပစ်တော့ပစ်နေကြသေးတယ်။ အခုတော့ငြိမ်သွားပြီ” လို့ မိုင်းပွန်မှာ ပိတ်မိနေခဲ့တဲ့ ကုန်ကားသမားက ပြောပါတယ်။ အခု မိုင်းပွန်ဘက်ကနေ တောင်ကြီးမြို့ဘက်ကိုသွားတဲ့ ယာဉ်တန်းကိုဖွင့်ပေးနေပြီး တောင်ကြီးဘက်ကနေ မိုင်းပွန်ဘက်တက်လာမယ့်ယာဉ်တွေကို ဖွင့်ပေး၊ မပေးတော့ မသိသေးဘူးလို့ သူက ဆက်ပြောတယ်။
ဒီလမ်းပိုင်း ပိတ်သွားခဲ့တာကြောင့် ပုပ်သိုးလွယ်တဲ့ ဖရဲ၊ သခွားမွှေးလို့ ကုန်စည်တင်ပို့သူတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ဆုံးရှုံးမှုတွေရှိခဲ့ကြတယ်လို့ အဲဒီကုန်သည်အသိုင်းအဝိုင်းက ပြောထားပါတယ်။
ဒီလမ်းပိုင်းဟာ တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးအတွက် ပွင့်နေတဲ့ တစ်ခုတည်းသောလမ်းပိုင်းဖြစ်ပြီး တိုက်ပွဲတွေကြောင့် ယာယီရပ်တန့်ခဲ့ရတာလည်း ဖြစ်ပါတယ်။
ရှမ်းမြောက်မူဆယ်လမ်းပိုင်းထက်စာရင် ခရီးပိုဝေးတဲ့ ဒီလမ်းပိုင်းကိုအသုံးပြုပြီး နိုင်ငံတွင်းက ဖရဲ၊ သခွား၊ နွားနဲ့ ရေထွက်ကုန်တွေကို တရုတ်ဘက်ကို ကုန်သည်တွေက တင်ပို့ကြသလို ပြည်တွင်းမှာ လူသုံးများတဲ့ တရုတ်ကုန်စည်တွေကိုလည်း ပြန်လည်တင်သွင်းကြပါတယ်။
ရှမ်းတောင်ပိုင်းက မြို့နယ်တွေဖြစ်တဲ့ ဟိုပုံး၊ ဆီဆိုင်မြို့နယ်တွေဘက်မှာတော့ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေဆဲပဲလို့ ဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့တွေဘက်က ထုတ်ပြန်ထားပါတယ်။
ပုံစာ- မိုင်းပွန်မြို့အထွက် တစ်နေရာ
ဓါတ်ပုံ- မော်ကွန်း