YBS စနစ် တကယ်အသစ် ဖြစ်ပြီလား

YBS စနစ် တကယ်အသစ် ဖြစ်ပြီလား

ဓာတ်ပုံ -ခင်မောင်မြင့်/မော်ကွန်းမဂ္ဂဇင်း

ဆူးလေမှတ်တိုင်သို့ ဘတ်စ်ကားတစ်စီးထိုးရပ်လာသည်နှင့် ကားစောင့်နေကြသည့် ရာနှင့်ချီသော လူအုပ်ကြီးနှင့်အတူဒေါ်နုနုလည်း တိုးဝှေ့တက်ဖို့ ကြိုးစားလိုက်သည်။ သူ့ခန္ဓာကိုယ်မှာ ပိန်ပိန်ပါးပါးဖြစ်သော်လည်း လူများပြားလွန်းသောကြောင့်မှတ်တိုင်တွင် နှစ်နာရီနီးပါးကြာမြင့်နေပြီးခုနစ်စီး မြောက်ကားရောက်လာသည်အထိ သူ ကားပေါ် မရောက်နိုင်သေး။

သူသည် ဒဂုံတောင်သို့ပြန်ရန် ညနေ ၆ နာရီကတည်းကမှတ်တိုင်သို့ ရောက်ရှိနေ ခြင်းဖြစ်သည်။ ကားတစ်စီးလာတိုင်းကားပေါ်တက်ရန် ကြိုးစားကြည့်သော်လည်း ကျန်သည့် ခရီးသည်များက သူ့ကို အတင်း တွန်းပြီး ကျော်တက်သွားကြသည်။ယင်းအပြင် ကားပေါ်တက်ရန် ပြေးလာသည့် လူငယ်တစ်ဦးနှင့်တိုက်မိသောကြောင့် လမ်းမပေါ် ဖင်ထိုင်ကျသွားပြီး တင်ပါးဆုံအရိုး နာသွားသည်ဟု ဆိုသည်။

”ဘတ်စ်ကားတွေ ပြောင်းမယ်ဆိုတော့ ကားအသစ်တွေစီးရမယ်၊ သက်သောင့်သက်သာနဲ့ စီးရမယ်ဆိုပြီး ဝမ်းသာနေတာ။ အခုက တော်တော်ဒုက္ခရောက်တာပဲ” ဟု အသက် ၅၅ နှစ်ရှိပြီးဖြစ်သည့် ၎င်းက ညဉ်းညူသည်။

မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု(ဗဟို)ကော်မတီ(မထသ)မှ Yangon Bus Service –YBS သို့ပြောင်းလဲလိုက်သောကြောင့် အခက်အခဲကြုံခဲ့ရသည့် ခရီးသည်များထဲတွင် ဒေါ်နုနုတစ်ယောက် အပါအဝင်ဖြစ်သည်။

စစ်အစိုးရလက်ထက်တစ်လျှောက် ရန်ကုန်မြို့၏သယ်ယူပို့ဆောင်ရေးတာဝန်ယူခဲ့သည့် မထသကို ဖျက်သိမ်းပြီး ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(Yangon Region Transport Authority – YRTA)ကို ဖွဲ့စည်းကာ YBS ဘတ်စ်ကားစနစ်သို့ ပြောင်းလဲရာတွင်ကြိုတင်ပြင်ဆင်မှုနှင့် ပွင့်လင်းမြင်သာမှု အားနည်းခဲ့သောကြောင့် ခရီးသွားပြည်သူများအခက်အခဲများ ကြုံတွေ့ ခဲ့ရသည်ဟု နိုင်ငံရေးသမားတချို့နှင့် ပြည်သူ့ရေးရာမူဝါဒ လေ့လာသူအချို့က ထောက်ပြကြသည်။

YBS စတင်သည့်နေ့မှ နှစ်ပတ်ကျော်ကြာလာသည့် အချိန်အထိ ကားလုံလောက်မှုမရှိခြင်း၊ ခရီးသည်များ ပြည့်ကျပ်နေခြင်း၊ တစ်စီးနှင့်တစ်စီး ပြိုင်ဆိုင်မောင်းနှင်နေခြင်း၊ ခရီးသွားပြည်သူများသွားလာရေးတွင် အဆင့်ဆင့်ပြောင်းစီးရသည့် အခက်အခဲများရှိနေကြသည်ကို ကြည့်ခြင်းအားဖြင့် ကြိုတင်ပြင် ဆင်မှုပိုင်းတွင်များစွာအားနည်းခဲ့သည်ကို တွေ့ မြင်နိုင်သည်ဟု ပြည်သူ့ရေးရာမူဝါဒလေ့လာသူ ဦးကျော်စွာဆွေက သုံးသပ်သည်။

YBS အပြောင်းအလဲကို မနှစ်သက်သည့် ယာဉ်ပိုင်ရှင်များက ၎င်းတို့ယာဉ်များကို လိုင်းမပြေးဆွဲတော့ခြင်း၊ ကားမှတ်တိုင်များတွင်ညဉ့်နက်သည်အထိခရီးသည်များစုပြုံစောင့်ဆိုင်းနေရခြင်းစသည့်အဆင်မပြေမှုများပေါ်လာရခြင်းမှာ”အစကတည်းက ဒါတွေကို မစဉ်းစားခဲ့တဲ့ အမှားတွေပဲ” ဟု ၎င်းက ထောက်ပြသည်။

မထသမှ YBS သို့

မထသ(ဗဟို)ကော်မတီ၏ လက်အောက်၌ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း ဆောင်ရွက်စဉ်က သန်းနှင့်ချီသော ခရီးသွားပြည်သူများသည် ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များ၏ရိုင်းပျစွာ ဆက်ဆံမှုကို နေ့စဉ်ကြုံတွေ့ ခဲ့ရသည်။

ယင်းအပြင် ကားတစ်စီးနှင့်တစ်စီး အပြိုင်မောင်းနှင်ကြသောကြောင့် ခရီးသွားပြည်သူများ အန္တရာယ်များနှင့်လည်း ကြုံတွေ့ခဲ့ရသလို ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အများစု၏ကိုယ်ထိလက်ရောက် ထိုးကြိတ်မှုများကိုပါ ခရီးသည်များ ကြုံတွေ့လာရသည်။

YBS စနစ်သစ်သို့မပြောင်းခင် သုံးရက်အလို ဇန်နဝါရီ ၁၃ရက်က တာမွေဗလီထိပ်မှ သန်လျင်သို့ပြေးဆွဲသည့် လိုင်းကားပေါ်မှ ခရီးသည်နှစ်ဦးကို ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်တို့က သံတုတ်ဖြင့် ရိုက်သောကြောင့် ခရီးသည်တစ်ဦး သေဆုံးခဲ့သည်။

ထို့ပြင် ငွေကြေးရှင်းသည့်နေရာတွင်လည်း ကိုယ်ရကိုယ်ယူစနစ် ဖြစ်သောကြောင့် ကားအလုအယက်မောင်းကြရာမှယာဉ်တိုက်မှုများ ဖြစ်လာသဖြင့် YBS စနစ်သို့ ပြောင်းလိုက်ရခြင်းဖြစ်သည်ဟုဒေါက်တာ မောင်အောင်က ဆိုသည်။

”ဝန်ဆောင်မှု လုံးဝမပေးနိုင်တဲ့အပြင်အထူးသဖြင့် ယာဉ်နောက်လိုက် တွေနဲ့ဖြစ်တဲ့ ပြဿ      နာတွေက အများကြီးပဲ။ မိုက်ရိုင်းတာတွေ၊ စော်ကားတာတွေ များလာတဲ့အတွက် ပြည်သူလူထုကလည်း အရမ်းပြောင်းချင်ကြတယ်”ဟု သူကဆိုသည်။

YBS စနစ်သို့ပြောင်းလဲမည်ဟု ဆိုသည့်အခါ ဘတ်စ်ကားဟောင်းများနေရာတွင် ဘတ်စ်ကားအသစ်များဖြင့် အစားထိုးလာမည်၊ ကားလမ်းများချောင်သွားမည်၊ ယာဉ်နောက်လိုက်များ၏ ရိုင်းပျစွာဆက်ဆံမှုမှ ကင်းလွတ်တော့မည်ဟု ခရီးသွားများမျှော်လင့်ခဲ့ကြသည်။

သို့သော်လည်း လက်တွေ့တွင်မူ မျှော်မှန်းထားသလို ဖြစ်မလာဘဲ မထသတံဆိပ်ကိုခွာကာ YBS တံဆိပ် ပြောင်းကပ်လိုက်ခြင်းသာဖြစ်နေသည်ဟု ခရီးသွားများက ဆိုသည်။

YBS စတင်သည့်နေ့တွင် ခရီးသည်များ၏ အခက်အခဲကို အခမဲ့ယာဉ်များဖြင့် ကူညီနေကြစဉ် ။ ဓာတ်ပုံ -ခင်မောင်မြင့်/မော်ကွန်းမဂ္ဂဇင်း

ပြင်ဆင်မှု အားနည်း

YBS စနစ်ပြောင်းလဲလိုက်သည့်နေ့တွင်ပင် ကားအစီးရေနည်းပါးသောကြောင့် မှတ်တိုင်တွင် ခရီးသည်များ စုပြုံနေခြင်း၊ကားပြေးဆွဲသည့် လမ်းကြောင်းများ ပြောင်းလိုက်သောကြောင့်အဆင့်ဆင့် ပြောင်းစီးနေရခြင်းနှင့် ယာဉ်စီးခ ပိုမိုကုန်ကျခြင်းများကို စနစ်ပြောင်းပြီး နှစ်ပတ်အကြာသည်အထိ ကြုံတွေ့နေရဆဲဖြစ်သည်။

ဒေါ်နုနုဆိုလျှင် ဘတ်စ်ကားကို နေ့စဉ်အသုံးပြုရသည်။သီရိမင်္ဂလာဈေးမှ ကွမ်းရွက်များကိုဝယ်ပြီး သူနေထိုင်သည့်တောင်ဒဂုံတွင် ပြန်ရောင်းသည့်အလုပ်ကိုလုပ်သည်။ ဈေးကိုတစ်ကြိမ်သွားလျှင် လက်ဆွဲကြွပ်ကြွပ်အိတ်ကြီးဖြင့် ကွမ်းရွက်နှစ်အိတ်သာ ဝယ်သည်။

”ဒီလိုမျိုးသာ ကားပေါ်လူကျပ်နေမယ်ဆိုရင် သွားရလာရတာ ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ဘူး။ ဈေးကိုလည်း ကားသုံးဆင့်စီးမှ ရောက်တော့မယ်။ ကားခလည်း ပိုကုန်တော့မယ်”ဟုသူက ဆိုသည်။

ယခင်ကားနှစ်ဆင့်သာ စီးလိုက်လျှင် သီရိမင်္ဂလာဈေးကိုရောက်သော်လည်း ယခုအချိန်တွင် တောင်ဒဂုံကနေ ဆူးလေ၊ဆူးလေကနေ သခင်မြပန်းခြံ၊ သခင်မြပန်းခြံကနေ သီရိမင်္ဂလာဈေး သုံးဆင့်စီးမှရောက်တော့မည်။ ကားစီးသည့် အခါတွင်လည်းကားပေါ်မှာ လူတွေ ပြည့်ကျပ်နေသောကြောင့် သွားလာဖို့ပင်မလွယ်ကူတော့ဟု သူက ဆိုသည်။

ကားခ တစ်ရက် နှစ်ရာ၊ သုံးရာ ပိုမိုကုန်ကျသည်မှာ ငွေကြေးတတ်နိုင်သူများအတွက် မသိသာလှသော်လည်း ”တကယ့်အောက်ခြေလူတွေအတွက်က အဲဒီကုန်ကျတာတွေကို ပေါင်းလိုက်ရင် မနည်းဘူး။ ဒါသူတို့စားသောက်မယ့် အာဟာရထဲကဖဲ့ပေးလိုက်ရသလိုပဲ”ဟု ဦးကျော်စွာဆွေက ပြောသည်။

၎င်းက အများပြည်သူ ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး အပြောင်းအလဲလုပ်သည့်အခါ ပြောင်းရသည့် ရည်ရွယ်ချက်ကို မဟာဗျူဟာကျကျ ကြိုတင်ပြင်ဆင်ထားခြင်း၊ ငွေကြေး၊ လူအင်အား၊ နည်းပညာ စသည့် လိုအပ်သောအရင်းအမြစ်များကို စီမံခန့်ခွဲခြင်းနှင့် ယင်းအရင်းအမြစ်များ၏အရည်အသွေးများကို စစ်ဆေးခြင်း စသည်တို့ကို စနစ်တကျလုပ်ထားရန် လိုအပ်သည်ဟု မှတ်ချက်ပြုသည်။

YBS စနစ် ပြောင်းလဲပြီး နှစ်ပတ်အကြာတွင် ခရီးသွားပြည်သူ ၁ဝ၈ ဦး၏ သဘောထားအမြင်များကို မော်ကွန်းမဂ္ဂဇင်းမှစစ်တမ်းကောက်ယူခဲ့သည်။

စစ်တမ်းအရ ဖြေဆိုသူ ၅၇ ရာခိုင်နှုန်းက ခရီးစရိတ်ပိုကုန်ကျလာသည်ဟု ဆိုပြီး ၃၉ ရာခိုင်နှုန်းက ပိုမကုန်ကျဟုဖြေဆိုခဲ့ကြသည်။ ငွေပိုကုန်ကျသည်ဟု ဖြေဆိုသူများမှာ တစ်ရက်လျှင် ခရီးစရိတ် နှစ်ရာမှ နှစ်ထောင်ကျပ်အထိ ပိုကုန်ကျသည်ဟု ဆိုကြသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကလည်း ထိုကဲ့သို့ အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရသည်မှာအပြောင်းအလဲတစ်ခုတွင် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်မှုမရှိခြင်း၊ စနစ်တကျ စစ်တမ်းကောက်ယူထားမှု မရှိခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ပြဿ      နာများကို ထည့်သွင်း မစဉ်းစားထားခြင်းတို့ကြောင့်ဟု ထောက်ပြသည်။

”အခု YBS စတဲ့အချိန်မှာ တွေ့ရှိရတာတွေက ကြိုတင်ပြင်ဆင်မှုအပိုင်းမှာ အင်မတန်မှ အားနည်းတယ်လို့မြင်ရတယ်။အဲဒီလို အားနည်းတဲ့အတွက် အရပ်ကူပါ လူဝိုင်းပါတွေ ဖြစ်လာတယ်”ဟု သူက ဆိုသည်။

YBS စနစ်နှင့် ပတ်သက်ပြီး စစ်တမ်းဖြေဆိုသူ ၆၅ ရာခိုင်နှုန်းက ကြိုတင်ပြင်ဆင်မှု အားနည်းခဲ့သည်ဟု ဖြေဆိုခဲ့ပြီး ၂၈ရာခိုင်နှုန်းက ကြိုတင်ပြင်ဆင်မှု အားကောင်းခဲ့ဟု ဖြေဆိုခဲ့ကာ၇ ရာခိုင်နှုန်း က ကြိုတင်ပြင်ဆင်မှု ဘာမှမလုပ်ခဲ့ဟု ဖြေဆိုခဲ့သည်။

YBS စတင်သည့်နေ့ကားမှတ်တိုင်တွင် စုပြုံနေသော ခရီးသည်များ ။ ဓာတ်ပုံ -ကျော်ဇေယျ/မော်ကွန်းမဂ္ဂဇင်း

အားနည်းချက်ရှိဟု ဝန်ခံ

ရန်ကုန်မြို့၏ သယ်ယူပို့ဆောင်ရေးစနစ်ကိုပြောင်းလဲရာတွင် အမှားလုပ်မိသည်နှင့် အစိုးရကိုပါ ထိခိုက်နိုင်သည့် အနေအထားရှိသည်ကို သိသော်လည်း ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များမှာ ဥပဒေကို မထီမဲ့မြင် ပြုလာကြသောကြောင့်အဆောတလျင် ပြောင်းလိုက်ရခြင်း ဖြစ်သည်ဟု YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆိုသည်။

”မှန်ပါတယ်။ ဝန်ခံပါတယ်။ ကျွန်တော်တို့ (ပြင်ဆင်မှု)အားနည်းခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ကျင့်သုံးလာတဲ့ စနစ်ကိုပြောင်းဖို့ဆိုတာ အင်မတန်ခက်တယ်။ ကျွန်တော်တို့က လုပ်ရင်းနဲ့ပြင်သွားမှာပါ။ အားလုံးအဆင်သင့်ဖြစ်ပြီးမှ ပြောင်းမယ်ဆိုရင်နှစ်တွေ အများကြီးကြာသွားမှာ”ဟု သူက ဆက်လက်ပြောသည်။

မြို့ပြပညာရှင် ဒေါက်တာကျော်လတ်ကတော့ ရန်ကုန်မြို့စည်ပင်သာယာရေးကော်မတီတွင် သူအကြံပေးလုပ်ခဲ့စဉ်ကရန်ကုန်မြို့ အများပြည်သူသယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်ပြီးမြို့ပတ်ရထားကို အဆင့်မြှင့်တင်ခြင်း၊ အဓိကလမ်းမကြီးများကိုနှစ်ထပ်လမ်း ပြုလုပ်ခြင်း၊ မီးပွိုင့်များတစ်ခုနှင့် တစ်ခုချိတ်ဆက်ထားသည့် စနစ်ကို ပြုလုပ်ခြင်းစသည့်အချက်များကို အကြံပြုခဲ့သည်ဟု ဆိုသည်။

“ အဲဒီလမ်းတွေမှာ ခရီးတိုသွားတဲ့ကားနဲ့ ခရီးရှည်သွားတဲ့လမ်းနှစ်မျိုးရှိတယ်။ အဲဒီလိုစနစ်ကို လုပ်စေချင်တယ်။ နေ့စဉ်ဘတ်စ်ကားနဲ့ သွားနေရတဲ့ သူတွေဟာ အများကြီးသက်သာသွားမယ်။ အဲဒီလိုစနစ်ကို (သုတေသန)လုပ်လည်း လုပ်ပြီးသား။ပုံလည်း ဆွဲပြီးသား”ဟု သူက ဆက်ပြောသည်။

သူ အကြံပေးခဲ့သည့်စနစ်များကို အစိုးရသစ်က ဘာကြောင့် အသုံးမပြုသလဲ ဆိုသည်ကိုတော့ သူမသိဟု ဆိုသည်။အလုပ်အကိုင်အများစုမှာလည်း ရန်ကုန်မြို့လယ်ရှိ မြို့နယ်များကိုအခြေပြုနေကြသောကြောင့် လူအများမှာ မြို့လယ်သို့ဦးတည်ကာ သွားလာလျက်ရှိကြသည်။ ရေရှည်တွင်တော့ တခြားမြို့နယ်များတွင်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးသင့်သည်ဟု သူက အကြံပြုသည်။

သို့သော် ရန်ကုန်မြို့တွင် YBS စနစ်အကောင်အထည်ဖော်နေခြင်းနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ပြောသည့်အခါတွင်သူ့အနေဖြင့် သေသေချာချာ မသိရှိသေးသောကြောင့် ”ဘာမှမှတ်ချက်မပြုလို”ဟု ဆိုသည်။

အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်တွင် မြို့ပတ်ရထားအဆင့်မြှင့်တင်ရေးကို ဒေါက်တာကျော်လတ်က ထည့်သွင်းအကြံပြုထားသော်လည်း YBS စနစ်စတင်ချိန်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် မြန်မာ့မီးရထားနှင့် ကြိုတင်ညှိနှိုင်းခြင်းမရှိခဲ့ပေ။ သို့သော် ရထားစီးခရီးသည် တိုးလာပါက တိုးချဲ့ပြေးဆွဲနိုင်ရန် မြန်မာ့မီးရထားမှ စီစဉ် ဆောင်ရွက် ထားသည်ဟုမြန်မာ့မီးရထား၊ တိုင်းအမှတ်၇၊သွားလာရေးတိုင်းမန်နေဂျာ ဦးဇော်လွင်က ဇန်နဝါရီ ၁၆ရက်တွင် မော်ကွန်းသို့ပြောသည်။

”အကယ်၍(ခရီးသည်တွေ) အခက် အခဲဖြစ်ပြီး ပြုံနေရင် ကူညီဖို့အတွက်ပါ”ဟု သူကဆိုသည်။

ဒေါက်တာမောင်အောင်က၂ဝ၁၃က ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA- Japan International Cooperation Agency) မှ ရန်ကုန် မြို့နှင့်ပတ်သက်ပြီး ရေးဆွဲခဲ့သည့် Master Plan ထဲတွင် မော်တော်ယာဉ် သယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် ပတ်သက်ပြီး ဖော်ပြထားမှု နည်းပါးသောကြောင့် ယခု YBS ဖော်ဆောင်ရာတွင် YRTA ၏ အစီအစဉ်ဖြင့်သာ ဖော်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

”ကျွန်တော်တို့အဖွဲ့မှာ အများပြည်သူသယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်တဲ့ အတွေ့အကြုံရှိတဲ့ပညာရှင်တွေ ပါပါတယ်။ဒီလိုလူတွေနဲ့ ဖွဲ့ထားတာ ဖြစ်တဲ့အတွက် စနစ်တွေကို ပြောင်းလိုက်တာဖြစ်ပါတယ်”ဟု သူက ဆက်လက်ပြောသည်။

YBS စနစ် ပြောင်းလဲရာတွင် အစိုးရဘတ်ဂျက်ငွေထဲမှကျပ်ဘီလီယံ ၇ဝ သုံးစွဲသွားမည်ဖြစ်သလို ယာဉ်လိုင်းပြေးဆွဲရာမှကောက်ခံရရှိသောငွေများမှလည်း သုံးစွဲသွားမည်ဟု ယင်းအဖွဲ့၏အတွင်းရေးမှူးဖြစ်သူ ဒေါက်တာမောင်အောင်က ဆိုသည်။

အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းကို ကားသစ်များဖြင့် အစားထိုးခြင်း၊ ကားများတွင် GPS စနစ်တပ်ဆင်ခြင်း၊ယာဉ်စီးခပေးချေရာတွင် ကတ်စနစ် အသုံးပြုခြင်း၊ တစ်စီးနှင့်တစ်စီး ပြိုင်မမောင်းရအောင် အများပိုင်ကုမ္ပဏီစနစ် အသုံးပြုခြင်းတို့ဖြင့် ဆောင်ရွက်သွားမည်ဟု သူက ဆိုသည်။

ယခုဖွဲ့စည်းလိုက်သည့် YRTA လက်ထက်တွင် ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ၏ အချက်အလက်ကိုစနစ်တကျ မှတ်ပုံတင်ခိုင်းထားပြီး ဥပဒေစိုးမိုးရေးကို စနစ်တကျဆောင်ရွက်သွားမည်ဟု သူက ဆက်ပြောသည်။

ရန်ကုန်မြို့၏ ဘတ်စ်ကားသယ်ယူပို့ဆောင်ရေးစနစ်တွင်မော်တော်ယာဉ်စီးရေ လေးထောင်ကျော် လိုအပ်ပြီး လက်ရှိပြေးဆွဲသည့် မော်တော်ယာဉ်စီးရေမှာ သုံးထောင်ကျော်သာရှိသေးရာလို အပ်သည့် ယာဉ်အစီးအရေ ပြည့်မီအောင် ဆောင်ရွက်သွားနေသည်ဟု ဒေါက်တာမောင်အောင်က ဇန်နဝါရီ ၂၈ ရက်တွင်မော်ကွန်းသို့ ပြောသည်။

မသန်စွမ်းတို့အတွက် ပိုခက်ခဲ

ယခုကဲ့သို့ YBS ပြောင်းလဲလိုက်ပြီးနောက်ပိုင်း သာမန်ခရီးသွားပြည်သူများပင် အခက်အခဲကြုံတွေ့နေရချိန်တွင် မသန်စွမ်းများအတွက် ပိုမိုအခက်အခဲဖြစ်လာခဲ့သည်ဟု မြောက်ဥက္ကလာပကနေ ဝါးတန်းလမ်းအထိ နေ့စဉ်အလုပ်သွား၊ အလုပ်ပြန် ဘတ်စ်ကားစီးသွားနေရသည့် ကိုကံထူးက ဆိုသည်။

ကိုကံထူး၏ မွေးရာပါလက်နှစ်ဖက်မှာ တံတောင်ဆစ်နားအထိသာရှိသည်။ ခြေထောက်တစ်ဖက်မှာလည်း ထော့နင်းထော့နင်းဖြစ်နေသည်။ YBS စနစ်မပြောင်းခင် သူ အလုပ်ရှိရာသို့ ကားတစ်ဆင့်တည်းဖြင့် ရောက်သည်။

ယခုဆိုလျှင် မြောက်ဥက္ကလာမှ ဆူးလေ၊ ဆူးလေမှ တစ်ဆင့် မော်တင်မှတ်တိုင်သို့ စီးရသည်။ ယခင်ကဆိုလျှင် သူကားပေါ် တက်လာသည်ကို တွေ့သည်နှင့် အချို့က ထိုင်ခုံနေရာထပေးကြသည်။ ကားနှစ်ဆင့်စလုံးတွင် လူတွေ ပြည့်ကျပ်နေသောကြောင့် ဒုက္ခရောက်နေသူများ အချင်းချင်း မည်သူမျှသူ့အတွက် ထိုင်ခုံထမပေးကြတော့ဟု သူက ဆိုသည်။

ယခုဆိုလျှင် မြောက်ဥက္ကလာမှ ဆူးလေကိုရောက်သည့် YBS ယာဉ်လိုင်းမှာ ၃၆ နှင့် ၂၈ ယာဉ်လိုင်း နှစ်စီးရှိသည်။ ယင်းကားများမှာလည်း ဂိတ်စမှစတင်ကာ လမ်းတစ်လျှောက်လုံး ခရီးသည်တင်လာသည့်အတွက် ကိုကံထူး စီးသည့် မြောက်ဥက္ကလာ၅ လမ်းမှတ်တိုင် အရောက်တွင် လူများပြည့်ကျပ်နေလေ့ရှိသည်။တချို့ကားများဆိုလျှင် မှတ်တိုင်မှာပင် မရပ်တော့။ တစ်နာရီဝန်းကျင်လောက် ကားမှတ်တိုင်တွင် ရပ်စောင့်ပြီးမှ ပြည့်ကျပ်နေသည့် ကားပေါ်တက်လို့ရသည်ဟု ကိုကံထူးက ပြောသည်။

”ကျွန်တော့်မှာ သူများတွေလို တန်းကိုင်စရာ လက်လည်းမပါဘူး။ ကျွန်တော် ဘယ်လောက် အခက်အခဲဖြစ်မလဲ စဉ်းစားကြည့်ပေါ့ဗျာ။ ဆူးလေကနေ တစ်ဆင့် ပြောင်းစီးတော့လည်းဒီအတိုင်းပဲ ကြုံရတယ်” ဟု သူက ညဉ်းညူသည်။

ကိုကံထူးတို့အလုပ်မှာ မနက် ၉နာရီမှ ည ၆ နာရီအထိ ဖြစ်သည်။ သူ့လစာမှာ တစ်သိန်းနှစ်သောင်းကျော်ဖြစ်သည်။အလုပ်နောက်ကျလျှင် ပထမတစ်ရက်အတွက် ကျပ်သုံးထောင်ဖြတ်သည်။ နှစ်ရက်၊ သုံးရက် နောက်ကျလျှင် ထိုရက်များအတွက် တစ်နေ့ ၆,ဝဝဝ အထိ ဖြတ် သည်။ ဘတ်စ်ကား စနစ်ပြောင်းလဲပြီးနောက်ပိုင်း ကိုကံထူးမှာ ရုံးနောက်ကျသည့်ရက် သုံးရက်ရှိသွားပြီဟုဆိုသည်။

ကားစီးရသည်မှာလည်းပင်ပန်း၊ အလုပ်နောက်ကျလျှင်လည်း လစာ အဖြတ်ခံရသည့် အတွက် ယခုလကုန်လျှင် အလုပ်ထွက်ဖို့ သူ့အလုပ်ရှင်ကိုပြောတော့မည်ဟုသူက ဆိုသည်။

အပြောင်းအလဲကို လက်ခံသော်လည်း ပြည်သူတွေ ဒုက္ခမရောက်အောင် ယင်းအပြောင်းအလဲကို စနစ်တကျလုပ်ပေး စေချင်သည်ဟုဆိုပြီး သူက ယခုလိုလည်းတောင်းဆိုသည်။

”အပြောင်းအလဲလုပ်တိုင်း ကျွန်တော်တို့လို မသန်စွမ်းတွေအတွက် တစ်ခါတည်း ထည့်လုပ်ပေးစေချင်တယ်”

မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်းများနှင့်ကျန်း မာရေးကဏ္ဍများက ို ဆောင်ရွက်ပေးနေသည့် ရွှေမင်း သားဖောင်းဒေးရှင်းဥက္ကဋ္ဌ ဦးမြတ်သူဝင်းကလည်း ယခု YBS ဘတ်စ်ကားစနစ် အပြောင်းအလဲတွင် မသန်စွမ်းသူများအတွက် ထည့်သွင်းဆောင်ရွက်ထားခြင်း မရှိသေးသောကြောင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံ တင်ပြသွားမည်ဟု ဆိုသည်။

”အခုပြောင်းလိုက်တဲ့ လက်ရှိအနေမှာလည်း ကျွန်တော်တို့အတွက် တိုးတက်မှုမရှိဘူး။ မသန်စွမ်းတွေအတွက် ထည့်သွင်းစဉ်းစားတာ ဘာမှမရှိသေးတဲ့အတွက် ဘာမှ မကောင်းသေးဘူး”ဟု သူက ပြောသည်။

ယခုအစိုးရမှာ ပြည်သူက ရွေးချယ်တင်မြှောက်ထားသောအစိုးရဖြစ်သောကြောင့် လက်ရှိအပြောင်းအလဲကာလမှာ သူတို့အတွက် ထည့်သွင်းမစဉ်းစားမိသည်ကို နားလည်ပေးနိုင်သော်လည်း ”မလုပ်ဘဲ ကြာလာရင် ကျွန်တော်တို့ကို မေ့သွားမှာ စိုးရိမ်တယ်”ဟု ဦးမြတ်သူဝင်းက ဆက်ပြောသည်။

ပြည်သူ့ရေးရာမူဝါဒ လေ့လာသူ ဦးကျော်စွာဆွေကလည်းအပြောင်းအလဲလုပ်ခြင်းကို လက်ခံသော်လည်း အကောင်အထည်ဖော်သည့်အခါ စနစ်ကျရန် လိုအပ်သည်ဟုပြောရင်းယခုလို မှတ်ချက်ပြုသည်။

”စေတနာကောင်းရုံနဲ့ မပြီးဘူး။ အဟောင်းတွေမကောင်းဘူးဆိုရင် အသစ်လုပ်ရမယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့အဲဒီအသစ်က အဟောင်းထက်ပိုပြီး သာလွန်ကောင်းမွန်ဖို့လိုတယ်။ ပိုကောင်းအောင်မလုပ်နိုင်ရင် အဲဒါစနစ်သစ် မဟုတ်ဘူး”

YBS စီးခရီးသည်များ ။ ဓာတ်ပုံ -ကျော်ဇေယျ/မော်ကွန်းမဂ္ဂဇင်း

ပွင့်လင်းမြင်သာမှု အားနည်း

လူဦးရေ ငါးသန်းကျော်နေထိုင်သည့် ရန်ကုန်မြို့တွင်ဘတ်စ်ကားကို နေ့စဉ်အသုံးပြုနေသူ ၂ ဒသမ ၅ သန်းခန့်ရှိပြီးမြို့ပတ်မီးရထား အသုံးပြုသူအရေအတွက်မှာ တစ်သိန်းခန့်ရှိသည်ဟု ဒေါက်တာမောင်အောင်က ပြောသည်။

နေ့စဉ် ဘတ်စ်ကားအသုံးပြုသည့် ခရီးသွားပြည်သူ ၂ဒသမ ၅ သန်းဝန်းကျင်ကို လူတစ်ယောက် တစ်နေ့ယာဉ်စီးခငွေကျပ် လေးရာနှင့်သာခန့်မှန်း တွက်ချက်မည်ဆိုပါက တစ်ရက်ကျပ်သန်းတစ်ထောင် ဝန်းကျင်အထိရရှိနေသည်။ တစ်လဆိုလျှင်ကျပ်သန်းပေါင်း သုံးသောင်းဝန်းကျင်အထိ ရှိနေမည်ဖြစ်သည်။

YRTA အဖွဲ့အနေဖြင့် ထိုကဲ့သို့ငွေကြေးမြောက်မြားစွာဖြင့် လည်ပတ်နေသည့် YBS စနစ်တွင်ပါဝင်သည့် ကုမ္ပဏီရှစ်ခု၏ပိုင်ရှင်များ၊ ဒါရိုက်တာအဖွဲ့ဝင်များ၊ ကုမ္ပဏီ၏ရင်းနှီးမြှုပ်နှံမှုများ၊ကုမ္ပဏီများက မည်ကဲ့သို့ လုပ်ကိုင်ကြသည်များကို အများပြည်သူသို့ ရှင်းလင်းတင်ပြရန်လိုအပ်သလို အစိုးရအဖွဲ့မှ ယခုစနစ်တွင် မည်ကဲ့သို့ စီမံခန့်ခွဲ နေသည်ကိုလည်း အများပြည်သူသို့တင်ပြရန်လိုအပ်ပြီး ပြည်သူများ၏ အသံကို နားထောင်သင့်သည်ဟုဒေါက်တာရန်မျိုးသိမ်းက ဆိုသည်။

ပြည်သူလူထု၏ ငွေကြေးကို သုံးစွဲအကောင်ထည်ဖော်ရခြင်းဖြစ်သောကြောင့် ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်း ရှင်းပြမှသာ ကောင်းမွန်သောအစိုးရတစ်ရပ်ဖြစ်မည်ဟု သူက သုံးသပ်သည်။

”ပါဝင်နေတဲ့ ကုမ္ပဏီတွေက ပုဂ္ဂလိက ကုမ္ပဏီတွေဖြစ်နေတယ်။ ခရိုနီတွေပိုင်တဲ့ ကုမ္ပဏီတွေ ဖြစ်နေတယ်။ အစိုးရနဲ့ကုမ္ပဏီတွေရဲ့ ဆက်နွှယ်မှုကလည်း ပွင့်လင်းမြင်သာမှု မရှိဘူး။အများပြည်သူ၊ စေတနာ့ဝန်ထမ်းတွေ ဝိုင်းဝန်းကူညီပေးခဲ့တာတွေဟာ ဒီကုမ္ပဏီရှစ်ခုရဲ့ အကျိုးအတွက်လား” ဟု သူက မေးခွန်းထုတ်သည်။

နောက်ပိုင်း၌ YBS စနစ်တွင် မော်တော်ယာဉ်အစီးရေအနည်းငယ်ပိုင်ဆိုင်သည့် ပိုင်ရှင်များကို ကိုယ်ရကိုယ်ယူစနစ်ဖြင့်လိုင်းဆွဲခွင့်ပြုတော့မှာမဟုတ်ဘဲ အများပိုင်ကုမ္ပဏီများဖြင့်ပူးပေါင်းမှသာ ပြေးဆွဲခွင့်ပေးမည်ဆိုသော်လည်း အမြတ်ရှယ်ယာကို မည်သို့ခွဲဝေမည်ဆိုသည်ကို ယခုအချိန်ထိ ရှင်းရှင်းလင်းလင်းမသိရသေးဟု YBS လိုင်း ၂၂ တွင် ပြေးဆွဲနေသည့် မီနီဘတ်စ်သုံးစီးပိုင်ရှင် ဒေါ်ချောစုက ဆိုသည်။

သူပိုင်ဆိုင်သည့် ကားသုံးစီးဆိုလျှင် ကားကုမ္ပဏီမှ အရစ်ကျ အကြွေးဆပ်စနစ်ဖြင့် ဝယ်ခဲ့ခြင်းဖြစ်ပြီး ဘတ်စ်ကားဆွဲလို့ရသည့် ငွေများဖြင့် ကားကုမ္ပဏီသို့ လစဉ်အကြွေးဆပ်နေသည်ဟုဆိုသည်။

”အစ်မတို့လို ကားအုံနာ(ပိုင်ရှင်)တွေလည်း အများကြီးရှိမှာပဲ။ အများပိုင်ကုမ္ပဏီမှာ ဝင်လိုက်မယ်ဆိုရင် အဲဒီအကြွေးကိုဘာနဲ့ သွားဆပ်မှာလဲ”ဟု ဒေါ်ချောစုက ပြောသည်။

YBS ကို အများပိုင်ကုမ္ပဏီစနစ်ဖြင့် ပြေးဆွဲသွားမည်ဖြစ်ပြီး ၂ဝဝ၇ မော်ဒယ်လ်အောက် ကားများကို လက်ခံတော့မည့်မဟုတ်ဘဲ ယင်းမော်ဒယ်လ်အောက် ကားပိုင်ရှင်များ မနစ်နာရအောင် ကားစလစ်များဖြင့် လဲပေးမည်ဖြစ်သလို နယ်များကိုလည်း ရောင်းချခွင့်ပြုထားသည်ဟု ဒေါက်တာမောင်အောင်ကဆိုသည်။

ယင်းအပြင် သတ်မှတ်မော်ဒယ်လ်နှင့်ကိုက်ညီသည့် ကားပိုင်ရှင်များကိုလည်း အများပိုင်ကုမ္ပဏီတွင် ပါဝင်မည်ဆိုပါကကား၏တန်ဖိုးကို ရှယ်ယာဖြင့်သာ တန်ဖိုးဖြတ်တော့မည်ဟုသူက ဆက်ပြောသည်။ ဥပမာ-ကားတစ်စီး သိန်းတစ်ရာတန်ကြေးရှိလျှင် ၎င်းနှင့်ကိုက်ညီသည့် အစုရှယ်ယာကိုသာ ပိုင်ဆိုင်ခွင့် ပေးမည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ဒေါက်တာရန်မျိုးသိမ်းက YBS စနစ်တွင် ပြေးဆွဲမည့်ကားတင်သွင်းခြင်းများ၊ ကားများတွင် GPS စနစ် တပ်ဆင်ခြင်း၊အခြားသော ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းများတွင်လည်းပြည်သူလူထုသို့ ပွင့်လင်းမြင်သာမှုရှိစွာ ချပြရန်လိုအပ်သည်ဟုဆိုသည်။

”ကားတွေကလည်း တရုတ်က သုံးပြီးသား ကားတွေ တင်သွင်းမယ်။ ဒီဘက်မှာ ဈေးမြင့်မြင့်ပြမယ်ဆိုရင် အရင်အစိုးရအဆက်ဆက်လုပ်ခဲ့တဲ့ လုပ်ရိုးလုပ်စဉ်အတိုင်းပဲလို့ မြင်တယ်”ဟုဒေါက်တာရန်မျိုးသိမ်းက ဆိုသည်။

YBS စနစ်တွင် ပုဂ္ဂလိကကဏ္ဍမှ လုပ်ဆောင်ရမည့်အပိုင်းများအတွက် တင်ဒါခေါ်သည့် စနစ်ကိုကျင့်သုံးသွားမည်ဖြစ်သော်လည်း တရုတ်နိုင်ငံမှ ကားအစီးရေတစ်ထောင် ဝယ်ယူရန် သွားရောက်ညှိနှိုင်းခဲ့သည်မှာ နှစ်နိုင်ငံ အစိုးရအချင်းချင်းချိတ်ဆက်ပြီး ဆောင်ရွက်ခြင်းသာဖြစ်သောကြောင့် တင်ဒါခေါ်စရာ မလိုအပ်ဟု ဒေါက်တာမောင်အောင်က ဆိုသည်။

တင်သွင်းမည့်ကားအမျိုးအစားနှင့်ပတ်သက်ပြီး သူက”ကျွန်တော်တို့ မူကတော့ ဘယ်မောင်းပေါ့။ ကိုရီးယားနဲ့ တရုတ်နိုင်ငံက ကားပဲဖြစ်ပါတယ်။ ဂျပန်ကတော့ ညာမောင်းတွေ ဖြစ်နေတယ်။ တရုတ်နဲ့ ကိုရီးယားက ဘယ်မောင်း ဖြစ်လို့ပဲ” ဟု ဆိုသည်။

မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်း ချရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကတော့ YBS စနစ်အတွက် မော်တော်ယာဉ်တင်သွင်းသည့်အခါ တရုတ်က ယာဉ်ဟောင်းများကို တင်သွင်းမည့်အစား ဂျပန်နှင့်ကိုရီးယား ယာဉ်များကိုသာ တင်သွင်းသင့်သည်ဟု အကြံပြုသည်။”ဂျပန်ကားဆိုရင်လည်း စက်ရုံကနေ မှာမယ်ဆိုရင်တော့ဗျာ ဘယ်(မောင်း)ဖြစ်ဖြစ်၊ ညာ(မောင်း)ဖြစ်ဖြစ်မှာလို့ ရပါတယ်”ဟု သူက ဆိုသည်။

တရုတ်ပြည်မှ တင် သွင်းမည့်မော်တော်ယာဉ်များသည် လမ်းမပေါ်တွင် ပျက်တာမျိုး ဖြစ်နိုင်ပြီးကားလမ်းကျပ်တာမျိုး ဖြစ်လာနိုင်မည်ကို သတိထားရမည်ဟု ဒေါက်တာစိုးထွန်းက ထောက်ပြသည်။

”တရုတ်ပြည်မှာ ကားတွေကရှစ်နှစ်ဆိုရင် ဖျက်ပစ်လိုက်ရ တယ်။အဲဒီလို တရုတ်က ကားတွေကို သွင်းမယ်ဆိုရင်တော့ ကားတွေ လမ်းမှာပျက်မယ်ဆိုတာသတိထားရမယ်”ဟု ဆိုပါသည်။

ထို့အပြင် YBS အတွက် မော်တော် ယာဉ်များကိုတင်သွင်းခွင့်ပြုသည့်အခါ လည်း မည်သူက ဝယ်ယူ တင်သွင်းသည်ကို အစိုးရ အနေဖြင့် ပွင့်လင်းမြင်သာမှုရှိရှိ တင်ဒါစနစ်ဖြင့် ဆောင်ရွက်သင့်ပြီး ပွင့်လင်းမြင်သာမှု မရှိပါက ”မေးခွန်းတွေ အများကြီးနဲ့ရင် ဆိုင်လာရနိုင်တယ်။ ပြဿ      နာရှိနိုင်တယ်”ဟု သူက ထောက် ပြသည်။

ဘယ်အတိုင်းတာထိ သည်းခံနိုင်မှာလဲ

YBS စပြောင်းလဲသည့်နေ့ကစပြီး နှစ်ပတ်ကြာသည့်အချိန်ထိ ခရီးသွားပြည်သူများ အခက်အခဲများနှင့် ကြုံတွေ့နေရသော်လည်း ပြည်သူများက အစိုးရကို သည်းခံခဲ့ကြသည်။ နားလည်ပေးခဲ့ကြသည်။ အကူအညီများပင် ပေးခဲ့ကြသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေး စနစ်ကို ပြောင်းနိုင်ဖို့ အစိုးရတစ်ခုတည်း၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ တစ်ခုတည်းဖြင့် အောင်မြင်အောင် မဆောင်ရွက်နိုင်ဟု YBS စနစ် ပြောင်းလဲပြီး ဒုတိယနေ့တွင် ယာဉ်လိုင်းသစ်များပြေးဆွဲမှုအခြေအနေကို လေ့လာစဉ် ပြောဆိုခဲ့သည်။

ထို့အပြင် သူက ”ခရီးသည်တွေရဲ့ စိတ်ရှည်သည်းခံပြီးဒီပြုပြင်ပြောင်းလဲမှုကို အင်တိုက်အားတိုက် ဝိုင်းဝန်းကူညီခဲ့တဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်”ဟု ဆိုသည်။

ယင်းနှင့်ပတ်သက်၍ ပြည်သူ့ရေးရာမူဝါဒ လေ့လာသူဦးကျော်စွာဆွေကတော့ ဒီမိုကရေစီနိုင်ငံများတွင် ပြည်သူများက မိမိတို့အတွက် အကောင်းဆုံးလုပ်ပေးနိုင်မည့်သူကိုသာ မဲပေးကြပြီ။ ထိုသူက အကောင်းဆုံးမလုပ်ပေးနိုင်လျှင် ကန့်ကွက် ဆန္ဒပြကြသည်။ မြန်မာနိုင်ငံတွင် ထိုကဲ့သို့မဟုတ်ဘဲ သည်းခံနေကြခြင်းမှာ ထူးခြားသည့်ယဉ်ကျေးမှုတစ်ရပ်ဖြစ်သည်ဟုဆိုသည်။

”အစိုးရနဲ့ ပြည်သူဆက်ဆံရေးဆိုတာ သည်းခံဖို့၊ အချိန်အကြာကြီးစောင့်ဖို့ မရှိဘူး။ ပြည်သူကို Professional ဝန်ဆောင်မှုကိုပဲ လုပ်ရမယ်” ဟု သူက ဆက်ပြောသည်။

YBS စနစ်ပြောင်းလဲရာတွင် ပြည်သူများအခက်အခဲများနှင့် ကြုံတွေ့နေရသည်များကို လေ့လာဆန်းစစ်ခြင်း၊ ပြန်လည်သုံးသပ်ခြင်းများ ပြုလုပ်ပြီး လိုအပ်ချက်များကို အမြန်ဆုံးပြန်လည် ပြင်ဆင်သင့်သည်ဟု ပြည်သူ့ရေးရာ မူဝါဒလေ့လာသူအချို့နှင့် နိုင်ငံရေးသုံးသပ်သူအချို့က ဆိုသည်။

”လိုအပ်ချက်တွေကို ပြင်ဆင်တာ နောက်ကျလေလေ၊ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုး ဖြစ်လေပဲ။ ပြည်သူလူထု အဆင်မပြေဘူးဆိုရင် စီမံကိန်းက အနုတ်လက္ခဏာပြတယ်လို့ သုံးသပ်တယ်”ဟု ဒေါက်တာရန်မျိုးသိမ်းက ဆိုသည်။

လောလောဆယ် အကူးအပြောင်းကာလတွင် တောင်ဒဂုံကနေ သီရိမင်္ဂလာဈေးထိ နေ့တိုင်းလိုလို သွားနေရသည့်ဒေါ်နုနုကတော့ မထသ မှ YBS စနစ်သို့ ပြောင်းလဲပြီးနောက် ယခင်ထက်ငွေကျပ် ၄၀၀ ပိုမိုသုံးစွဲနေရပြီး ခရီးသွားချိန်လည်း လည်းပိုမိုကြာမြင့်မှုနှင့် ကြုံတွေ့နေရသည်ဟု ဆိုသည်။

YBS စနစ်ပြောင်းလဲခဲ့ခြင်းနှင့် ပတ်သက်ပြီး သူက ယခုလို မှတ်ချက်ပြုသည်။

”ပြောင်းလဲတာကို ကြိုဆိုပါတယ်။ ဒါပေမဲ့ အသစ်ကအဟောင်းထက် ပိုပြီးဆိုးမသွားဖို့လိုတယ်။ ကောင်းလာလိမ့်မယ်လို့ လည်း မျှော်လင့်ပါတယ်။ ။

၂၀၁၇-ဖေဖေါ်ဝါရီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၃)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

ခင်မောင်မြင့် ရေးသည်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."