ဒီဇင်ဘာလထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၀) မှ သတင်းဆောင်းပါး ဖြစ်ပါသည်။
တပ်မတော်အစိုးရဟာ သူတို့အာဏာတည်မြဲရေးအတွက် ဗေဒင် ယတြာကျွမ်းကျင်သူတွေကို ချဉ်းကပ်မေးမြန်းပြီး အကြံဉာဏ် တွေ ရယူလေ့ရှိခဲ့ပါတယ်။ အဲဒါကြောင့်လည်း တိုင်းပြည်ကို အုပ် ချုပ်နေတာ ဗိုလ်ချုပ်တွေမဟုတ်ဘဲ ဗေဒင်ဆရာတွေလို့တောင် ပြောစမှတ်ပြုခဲ့ကြပါတယ်။
အရပ်သားအစိုးရလို့ခေါ်ကြတဲ့ ဦးသိန်းစိန်အစိုးရလက် ထက်မှာလည်း အဆင့်မြင့်ရာထူးထမ်းဆောင်နေကြတဲ့ အရာရှိ အချို့နဲ့ တပ်မတော်အရာရှိအချို့ဟာ ဗေဒင်ယတြာတွေကို အား ကိုးနေကြဆဲပါ။
သူတို့အားကိုးယုံကြည်တဲ့ ကံကြမ္မာအရေးကူညီပေးတဲ့သူ တွေထဲမှာ ရန်ကုန်-နေပြည်တော်လမ်းမှာရှိတဲ့ ယက္ကန်းစင်တောင် ပေါ်မှာ အခြေချနေထိုင်တဲ့ ရသေ့တစ်ပါးလည်း ပါဝင်ပါတယ်။ သူ့အမည်က ဦးအောင်ဓမ္မသုခ။
ဒီရသေ့ကို ကိုးကွယ်တဲ့သူတွေထဲမှာ သာသနာရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်းဦးဆန်းဆင့်လည်း ပါဝင်ခဲ့ပါ တယ်။ ဦးဆန်းဆင့်ဟာ ယက္ကန်းစင်တောင်ပေါ်မှာ ဘုရားတည်ခဲ့ တဲ့ကိစ္စမှာ သာသနာပိုင်ငွေအလွဲသုံးစားမှု၊ နိုင်ငံတော် အကြည် ညိုပျက်စေမှုတို့နဲ့ စွဲချက်တင်ခံရပြီး ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံ ခဲ့ရတာဖြစ်ပါတယ်။
ရသေ့ဦးအောင်ဓမ္မသုခကို သာသနာရေးဝန်ကြီးဟောင်း တို့လို ဝန်ကြီးအချို့နဲ့ တပ်မတော်အရာရှိအချို့ ချဉ်းကပ်လေ့ရှိ တယ်လို့ သတင်းအစကြားရတာကြောင့် ဘာများထူးခြားသလဲဆို တာ စုံစမ်းကြည့်ဖို့ အောက်တိုဘာနောက်ဆုံးအပတ်ထဲမှာ ကျွန် တော်သွားပြီး လေ့လာဖြစ်ခဲ့ပါတယ်။
ဝိဇ္ဇာနန်းသို့ သွားရာလမ်း
ယက္ကန်းစင်တောင်ဟာ ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင် ၁၈၅ မိုင်၊ ၅ ဖာလုံမှာရှိတာပါ။ ဒီတောင်ဟာ ဝိဇ္ဇာလမ်း လိုက်စားသူတွေကြားမှာ လူသိများတဲ့နေရာဖြစ်ပါတယ်။ ဘာ ကြောင့်လဲဆိုတော့ ဒီတောင်ပေါ်မှာ ယက္ကန်းစင်တောင် ဆရာ တော်ကြီးသီတင်းသုံးခဲ့တဲ့နေရာလို့ လက်ခံထားကြလို့ပါ။
ဆရာတော်ကြီး သီတင်းသုံးခဲ့တဲ့အတွက် နေရာထူးနေရာ မြတ်ဆိုပြီး လူပုဂ္ဂိုလ်များနဲ့ ဝိဇ္ဇာလမ်းဝါသနာပါသူတို့က ဒီတောင် ပေါ်မှာ အဓိဋ္ဌာန်ကျင့်စဉ်တွေ လာရောက်အားထုတ်ကြပါတယ်။ ဒီတောင်ဟာ နှစ်မိုင်နီးပါးရှည်လျားပြီး ၁၅၈ ဧက ကျယ်ဝန်း ပါတယ်။
အဲဒီတောင်ပေါ်မှာ အပိုင်းသုံးပိုင်းရှိပါတယ်။ မြောက်ဘက် အပိုင်းမှာတော့ ဓမ္မပါလကျောင်းရှိပြီး အလယ်ပိုင်းမှာ မဟာမြိုင် ရွှေဂူကြီးကျောင်းတိုက်ရှိပါတယ်။ တောင်ဘက်အစွန်ဆုံးမှာတော့ ဓမ္မဝိဇ္ဇာနန်းရှိပြီး အဲဒီမှာ ရသေ့ကြီး ဦးအောင်ဓမ္မသုခ နေထိုင် ပါတယ်။
အမြန်လမ်းကဆင်းဆင်းချင်းမှာ ‘သမိုင်းဝင် အင်ကြင်း မြိုင်တောင် ယက္ကန်းစင်တောင်’ဆိုပြီး စာတန်းရေးထိုးထားတဲ့ မုခ်ဦးကို တွေ့ရပါတယ်။ မုခ်ဦးအတိုင်း ခပ်ပြေပြေတောင်တက် လမ်းကို ငါးမိနစ်ခန့်လမ်းလျှောက်တက်သွားတဲ့အခါ ဘယ်ဘက် မှာ နဂါးရုံဘုရားတစ်ဆူကိုတွေ့ရပါတယ်။
တွေ့နေကျ နဂါးရုံဘုရားတွေနဲ့ မတူတာက ဒီနဂါးရုံဘုရား မှာ နဂါးရဲ့မေးက ဘုရားရဲ့ ဦးခေါင်းပေါ်မှာ တင်ထားသလိုဖြစ်နေ ပါတယ်။ ပြီးတော့ နဂါးရဲ့မျက်လုံးတွေဟာလည်း ရဲရဲတောက် လို့ပါပဲ။
တည့်တည့်ဆက်လျှောက်သွားလိုက်တော့ ‘သီရိဇဗ္ဗူ ဇေယျသိဒ္ဓိစေတီတော်’ဆိုပြီး ကမ္ပည်းထိုးထားတဲ့ မုခ်ဦးတစ်ခု ထပ် တွေ့ရပါတယ်။ မုခ်ဦးရှေ့ ညာဘက်မှာတော့ နတ်ကွန်းတစ်ခု ရှိပါတယ်။
အဲဒီဘေးမှာ လူနှစ်ရပ်ခန့်အမြင့်ရှိတဲ့ နီညိုရောင် ဖားရုပ် ကြီးခေါင်းပေါ်မှာ တည်ထားတဲ့ စေတီငယ်လေးတစ်ဆူရှိပါတယ်။ အဲဒီဖားရုပ်ကြီးဘေးက ရေအိုင်ငယ်လေးထဲမှာ ကိုယ်တစ်ပိုင်း လောက် နွံထဲမြုပ်ကာ ရွှံ့လူးနေဟန် နဂါးသုံးကောင်ရုပ်တုတွေ ရှိပါသေးတယ်။ ဘယ်ဘက်ဘေးမှာတော့ လောကနတ်ရုပ်တုနဲ့ အဘအောင်မင်းခေါင်ရုပ်တုရှိပါတယ်။
မုခ်ဦးထဲဝင်လိုက်တာနဲ့ ရွှေရောင်တဝင်းဝင်းနဲ့ စေတီသုံး ဆူကိုတွေ့ရပြီး ဘယ်ဘက်အစွန်ဆုံးစေတီကတော့ သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်တည်ခဲ့တဲ့ဘုရားဖြစ်ပါတယ်။
ဒီစေတီတည်ပြီး တစ်လခွဲခန့် အကြာမှာတော့ သာသနာ ရေးဝန်ကြီးဌာနပိုင် ငွေကျပ် ၇၂ သိန်းကျော်ကို အလွဲသုံးစားမှု ပုဒ်မ ၄ဝ၉၊ နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄(က) နဲ့ ဦးဆန်းဆင့်တရားစွဲခံခဲ့ရကာ ထောင်ဒဏ် ၁၃ နှစ်ချမှတ်ခံခဲ့ရ ပါတယ်။
အမှုဖြစ်ခဲ့တဲ့ ငွေကျပ် ၇၂ သိန်းကျော်ကို ယခုဘုရားတည် ရာမှာ အသုံးပြုခဲ့တာဖြစ်ပြီး အမှုဖြစ်တုန်းက ရသေ့ဦးအောင်ဓမ္မ သုခကိုယ်တိုင် အစစ်ဆေးခံခဲ့ရတယ်လို့ ရသေ့နဲ့အတူနေတဲ့ ဦးပဉ္စင်းတစ်ပါးက ပြောပြပါတယ်။
ဦးဆန်းဆင့် ဘုရားဘေးကပ်လျက် တည်ဆောက်ထားတဲ့ နောက်ထပ်ဘုရားတစ်ဆူရဲ့ အလှူရှင်စာရင်းထဲမှာ ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီးနဲ့ ဒုတိယဗိုလ်မှူးကြီးတချို့ရဲ့ နာမည်တွေဟာ အရပ်သားအလှူရှင်တွေရဲ့နာမည်တွေနဲ့ ရောပြီးပါဝင်နေတာကို တွေ့ ရတယ်။
ညာဘက်အစွန်ဆုံးက လေးကျွန်းစြင်္ကာဆုတောင်းပြည့် စေတီဟာလည်း တပ်မတော်အရာရှိတစ်ဦးရဲ့ မိသားစုလှူထားတဲ့ စေတီဖြစ်ပါတယ်။
ဖူးမြော်သူတွေ အရမ်းများ
အထက်ပါစေတီသုံးဆူရဲ့နောက်မှာတော့ ဓမ္မဝိဇ္ဇာနန်းလို့ ခေါ်တဲ့ ရသေ့ဦးအောင်ဓမ္မသုခနေတဲ့ တစ်ထပ်တိုက်အဆောက် အအုံရှိပါတယ်။ ဓမ္မဝိဇ္ဇာနန်းကို ကျွန်တော်ရောက်သွားတဲ့ အချိန် က မနက် ကိုးနာရီဝန်းကျင်ပါ။
၁၅ ပေပတ်လည်လောက်ရှိတဲ့ အခန်းထဲမှာ ရသေ့က သူ့ ကို ဖူးမြော်သူတွေကို တရားဟောနေပါတယ်။ ရသေ့ တရားဟော နေတဲ့အချိန်မှာပဲ ကားတွေနဲ့ ဖူးမြော်ဖို့လာတဲ့သူတွေထပ်ရောက် လာကြပါတယ်။ ဖူးမြော်သူတွေဟာ နှစ်ယောက်တစ်ဖွဲ့၊ သုံး ယောက်တစ်ဖွဲ့ ပိုက်ဆံနဲ့ လှူဖွယ်ပစ္စည်းတွေကို ကပ်လှူကြတယ်။
ရသေ့ဦးအောင်ဓမ္မသုခဟာ ယောဂီဝတ်စုံဝတ်ထားပြီး ဆံပင်ကို သျှောင်ထုံး ထုံးထားတယ်။ ရင်ညွန့်အထိရှည်တဲ့ မုတ်ဆိတ်မွေး တွေကလည်း အနက်ရောင်ထက် အဖြူဘက်ကို ကဲနေပါတယ်။ သူ့အသက်က ၇ဝ ဆယ်ကျော်ပြီလို့ ရသေ့ကြီးက ဆိုတယ်။
အခန်းထဲမှာ လူ ၁၆ ယောက်လောက်က ပုဆစ်တုပ်ထိုင်နေ ကြတယ်။ တချို့က လက်အုပ်တွေချီထားကြသလို တချို့က ရသေ့ ရဲ့ စကားသံတွေကိုနားစွင့်နေကြတယ်။ ရသေ့က ဘုရားစင်ကို ကျောပေးထိုင်ထားပြီး သူ့ရှေ့ရောက်နေသူတွေကို ပြုံးပြုံးရွှင်ရွှင်နဲ့ စကားပြောနေပါတယ်။ စီးပွားရေးအကြောင်း၊ ရုံးလုပ်ငန်းကိစ္စ အကြောင်းတွေကို အကြံပေးပြောဆိုနေတာကို ကြားရပါတယ်။
ရသေ့ကြီးအနားမှာ ဝေယျာဝစ္စလုပ်ပေးတဲ့ အသက် ၄ဝ ကျော်အရွယ် ဒေါ်မီးမီးကတော့ ဒီကနေ့ ရသေ့ကြီးနဲ့ တွေ့ရဖို့ လွယ်မှာမဟုတ်ကြောင်း ကျွန်တော့်ကိုပြောပြတယ်။ ဒီကနေ့ ရသေ့ကြီးဆီလာရောက်ဖူးမြော်ဖို့ လက်ခံရရှိထားတဲ့ ဖုန်းဆက် သွယ်မှုတွေအရ လူခုနစ်ဆယ်လောက်လာကြမှာဖြစ်တယ်လို့ ရေနွေးဓာတ်ဘူးနဲ့ လက်ဖက်အုပ်ကို လာချရင်း ပြောပြပါတယ်။
ဒီနေ့လာမယ့်အများစုက စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေး(စီးပွားကူးသန်း)ဝန်ကြီးဌာနက ဝန်ထမ်းတွေဖြစ်တယ် လို့ သူကဆိုပါတယ်။ ဒီလောက်လူများများလာရတာကလည်း အကြောင်းရှိပါတယ်။ စီးပွားကူးသန်းပြည်ထောင်စုဝန်ကြီး ဝဏ္ဏကျော်ထင်ဦးဝင်းမြင့် ဦးဆောင်တည်တဲ့ စေတီတည်ဆောက် မှုလုပ်ငန်းတွေ ရှိနေတာကြောင့်လို့ ဒေါ်မီးမီးက ပြောပြတယ်။
(ဦးဝင်းမြင့်ဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ဒီပဲယင်းမဲဆန္ဒနယ်ကနေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ အမတ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စား လှယ်လောင်း ဦးဝင်းမြင့်အောင်ကို ရှုံးနိမ့်သွားခဲ့ပါတယ်။)
ဒါကြောင့် ကျွန်တော်လည်း လူရှင်းမှ ရသေ့ကြီးဆီတစ် ခေါက်ပြန်လာမယ့်အကြောင်း သူ့ကိုပြောခဲ့ပြီး ရသေ့ကြီးနေထိုင် တဲ့ တောင်ကြောတစ်လျှောက် သူတည်ထားတဲ့ ဘုရားတွေကို လှည့်ပတ်လေ့လာခဲ့ပါတယ်။
ထူးဆန်းတဲ့ ရုပ်တုတွေ
တောင်ကြောတစ်လျှောက် ရသေ့ကြီးတည်ထားတဲ့ ဘုရား ပုံစံတွေက ကျွန်တော့်အတွက်တော့ အသစ်အဆန်းတွေချည်း ပါပဲ။
ရသေ့ကြီးကျောင်းရှေ့မှာ မြင်ခဲ့ရတဲ့ ဖားရုပ်စေတီပုံစံ နည်းတူ အခြားနေရာတွေမှာလည်း ပုံစံထူးခြားတဲ့ စေတီတွေ၊ ရုပ်ပွားတော်တွေကို တွေ့ရပါတယ်။ ပုံစံထူးခြားတဲ့ ရုပ်တုတစ်ခုကို ပြရမယ်ဆိုရင် ပင့်ကူရုပ်ကြီးပေါ်မှာ ကမ္ဘာလုံး၊ ထိုအပေါ်မှာ ထီး ဖြူဆောင်းထားတဲ့ ရုပ်တုတင်ထားတဲ့ အဆောက်အအုံပါ။ နာ မည်က ‘ပင့်ကူ + ကမ္ဘာ + မင်းခေါင်+ထီးဖြူဆောင်းရုပ်တု’လို့ ကမ္ပည်းတင်ထားတာပါ။
နောက်တစ်ခုက နဂါးငါးကောင်က နောက်ကနေ ခြံရံထား တဲ့ ဘုရားရုပ်တု။ ဘာရည်ရွယ်ချက်နဲ့ တည်ခဲ့တယ်ဆိုတာ မသိရ ပေမဲ့ ဘုရားရုပ်တုညာဘက်က နဂါးတစ်ကောင်ကတော့ မိုးကြိုး ပစ်ခံထားရတယ်လို့ မဟာမြိုင်ရွှေဂူကြီးကျောင်းက ကျောင်းထိုင် ဆရာတော် ဘဒ္ဒ န္တတေဇဉာဏက ဆိုပါတယ်။ အပစ်ခံရတဲ့နေရာ ကတော့ နဂါးရဲ့ပါးပျဉ်းကိုပါ။
ငါးရုပ်၊ ဖျံရုပ်၊ လိပ်ရုပ်တွေ ထည့်သွင်းထားတဲ့ ဘုရားတွေ၊ ရုပ်တုတွေကိုလည်း တွေ့ရပါတယ်။
မြတ်စွာဘုရားရုပ်ပွားတော်တွေကို ကြည့်တဲ့အခါမှာလည်း မြင်ဖူးတွေ့ဖူးနေကျ မျက်နှာတော်တွေနဲ့ မတူပါဘူး။
ရသေ့နဲ့ အတူနေကြတဲ့ ဦးပဉ္စင်းငါးပါးရှိတဲ့အထဲက တစ်ပါး ပြောပြတာကတော့ ရသေ့က ပန်းရန်ပညာတတ်တာကြောင့် ဘုရားရုပ်တုတွေကို ကိုယ်တိုင်ထုလုပ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရသေ့တည်ထားတဲ့စေတီတွေရဲ့ အင်္ဂါရပ်တွေဟာ စေတီ ကျမ်းနဲ့ညီညွတ်မှုမရှိဘူးလို့ ယက္ကန်းစင်တောင် အလယ်ပိုင်းမှာ ရှိတဲ့ မဟာမြိုင်ရွှေဂူကြီးကျောင်းက ကျောင်းထိုင်ဆရာတော်က ဝေဖန်ပါတယ်။
”စေတီမှာလည်း အင်္ဂါရပ်တွေအများကြီးရှိတယ်။ အဲဒီ တော့ စေတီသည် စေတီနဲ့တူရမယ်။ ရုပ်ပွားတော်သည် ရုပ်ပွား တော်နဲ့ တူရမယ်”လို့ ကျောင်းထိုင်ဆရာတော်က မိန့်ပါတယ်။
စေတီနဲ့ ရုပ်ပွားတော်တွေကို ”စမ်းသပ်တာလိုလို၊ အသစ် အဆန်းဖြစ်အောင် ဖန်တီးတာလိုလိုဆိုရင် လုံးဝမကောင်းတော့ ဘူး။ ဖျက်ဆီးရေးပုံစံတော့ ဖြစ်သွားတယ်”လို့ ဆရာတော် ဘဒ္ဒ န္တတေဇဉာဏက မိန့်ပါတယ်။
နဂါးကိုးကွယ် တန်ခိုးကြွယ်သလား
ဥပမာအားဖြင့် နဂါးရုံဘုရားတစ်ဆူကို ဆရာတော်က နမူနာပေးထောက်ပြတယ်။ အဲဒီဘုရားမှာ ရေးထားတာက ‘နဂါး ကိုးကွယ်၊ တန်ခိုးကြွယ်၏၊ ယက္ကန်းစင်တောင် ဆရာတော် ဦးသြ ဘာသအား အမှူးထား၍ နဂါးမျိုးနွယ်စုကောင်းမှု’လို့ ကမ္ပည်း ထိုးထားပါတယ်။
ဆရာတော်က ထိုစာသားနဲ့ပတ်သက်ပြီး အခုလိုဝေဖန် ပါတယ်။
”ဘုရားဆိုတာ လုံးဝအနှိုင်းမဲ့။ နဂါးကိုးကွယ်တန်ခိုးကြွယ် ၏ဆိုတာ ဘုရားနဲ့ နဂါးနဲ့ သွားနှိုင်းပြီးတော့ ဘုရားကို အဆင့်နှိမ့် လိုက်တဲ့အတွက် ဒါက ဘုရားရဲ့သာသနာကို ဖျက်ဆီးတာ”လို့ ဆရာတော်က မိန့်ပါတယ်။
နောက်ထပ်ထောက်ပြစရာတစ်ခုရှိတာက စေတီအမျိုး အစားပါ။ စေတီတည်နည်းကျမ်းတွေဖြစ်တဲ့ စေတိယပကာသနီ ကျမ်းနဲ့ စေတီဘုရားတည်ထားနည်းကျမ်းတို့မှာ ဓာတုစေတီ၊ ဥဒ္ဒိဿ စေတီ၊ ပရိဘောဂစေတီ၊ ဓမ္မစေတီဆိုပြီး စေတီလေးမျိုးရှိ ကြောင်းဖော်ပြထားပေမယ့် ရသေ့ဦးအောင်ဓမ္မသုခ ရေးသား ထုတ်ဝေထားတဲ့ ဘုရားစေတီတည်ခြင်းစာအုပ်မှာတော့ စေတီ ခုနစ်မျိုးရှိတယ်လို့ ဖော်ပြထားပါတယ်။
သူထပ်ဖြည့်ထားတဲ့ စေတီသုံးမျိုးကတော့ စေတီရသ စေတီ၊ ဒိဋ္ဌဓူရေနပရိကမ္မနစေတီနဲ့ လွမ်းစေတီတို့ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဗြူးကုန်းတောရ စာသင်တိုက်က တိုက်အုပ်ဆရာတော် ဦးကုမာရကတော့ ကျမ်း ဂန်တွေမှာ ၎င်းရသေ့ရေးသားထားတဲ့ စာအုပ်ထဲက စေတီသုံးမျိုး မရှိဘူးလို့ မိန့်ပါတယ်။
ထိုသို့ စေတီတော်တွေ၊ ရုပ်ပွားတော်တွေနဲ့ပတ်သက်ပြီး ဝေဖန်ထောက်ပြစရာရှိနေပေမယ့်လည်း ရသေ့ကို ကိုးကွယ် ဆည်းကပ်သူတွေကတော့ ကျွန်တော့်မျက်စိရှေ့မှာတင် ဝင်ထွက် သွားလာနေကြပါတယ်။
ရသေ့ရဲ့ ကျောင်းဝင်းထဲမှာ သီတင်းသုံးနေထိုင်တဲ့ ဦးဇင်း ငါးပါးထဲက တစ်ပါးက လူသူနဲ့ ဝေးတဲ့ခေါင်တဲ့ တောင်ပေါ်မှာ ဘုရားတည်၊ ကျောင်းဆောက်နိုင်ပြီး အစိုးရအရာရှိတွေ လာ ရောက်ကိုးကွယ်နေကြတာဟာ ရသေ့ကြီးရဲ့ ဘုန်းရိပ်ကံရိပ်နဲ့ ပြောမှုဆိုမှုတွေကြောင့် ဖြစ်တယ်လို့ မိန့်ပါတယ်။
”သူလုပ်ပေးရင် အဆင်ပြေသွားတာပဲ။ ဒီလူကြီးတွေ (အစိုးရ အရာရှိတွေ)လည်း မအောင်မြင်ဘဲနဲ့ မလာဘူးလို့ ထင် တာပဲ။ သူတို့လိုအပ်ချက်တွေ အဆင်ပြေတယ်လို့ထင်တာပဲ”လို့ ဦးပဉ္စင်းက မိန့်ပါတယ်။
နေပြည်တော်ဦးဇင်းလို့ ခေါ်လေ့ရှိကြတဲ့ အထက်ပါဦးပဉ္စင်း ဟာ သူ့ရဲ့ပစ္စည်းလေးပါးဒါယိကာဖြစ်တဲ့ ရသေ့ဦးအောင်ဓမ္မသုခ အဆောင်ရဲ့ အနောက်ဘက် တောင်ကုန်းလေးပေါ်မှာ တစ်ပါး တည်း သီတင်းသုံးနေတာပါ။ သူက ဒီမှာသီတင်းသုံးလာတာ ငါး နှစ်လောက်ရှိပြီလို့ ဆိုပါတယ်။
ရသေ့ဆီမလာဖူးသေးတဲ့သူတွေ ဒီကိုရောက်လာရင် ရသေ့နဲ့ဘယ်လိုဆက်ဆံရမယ်ဆိုတာကို တစ်ခါတစ်ရံပြောပြ မိတ်ဆက်ပေးရတယ်လို့ ဆိုပါတယ်။
ဒီတောင်ပေါ်မှာလာရောက်နေထိုင်နေတာ ဆယ်နှစ်ရှိပြီ ဖြစ်တဲ့ ဦးအောင်ဓမ္မသုခဟာ ဓာတ်ပိုင်း၊ နတ်ပိုင်းဆိုင်ရာတွေနဲ့ ဟောပြောနေတာကို ကြားသိရကြောင်းနှင့် တစ်ခါတစ်ရံ နတ် တွေလောက် ဘုန်းကြီးတွေက ပါဝါမရှိဘူးလို့လည်း ပြောတတ် တာ ကြားသိရတယ်လို့ ဆိုပါတယ်။
”သူပြောတာ သူ့အပြစ်ပဲလေ။ ဦးဇင်းကတော့ ကိုယ့် အလုပ်ကိုယ်လုပ်တယ်”လို့ လေသံအေးအေးလေးနဲ့ ၎င်းဦးပဉ္စင်း က မိန့်ပါတယ်။
ယက္ကန်းစင်တောင်ရှေ့ အမြန်လမ်းရဲ့ ဟိုဘက်အခြမ်းမှာ တောင်ယာလုပ်ကိုင်နေကြတဲ့သူတွေကတော့ သူတို့အနေနဲ့ ရသေ့ဆီအသွားအလာနည်းကြတယ်လို့ဆိုပါတယ်။ ဘာကြောင့် လဲဆိုတော့ ဆင်းရဲသားတွေ လာကန်တော့တာကို ရသေ့က မကြိုက်ဘူးလို့ သူတို့အမြင်ကို ပြောပြပါတယ်။
”(ရသေ့နဲ့စကားပြောရင်) ကျွန်တော်လို့ပဲပြောရမလို၊ တပည့်တော်လို့ပဲပြောရမလိုဖြစ်နေတာ။ ကားနဲ့တက်လာရင် လာ၊ မလာရင်မရဘူး။ ငါကတော့ ‘တာ့တာ’ပဲ။ သွားလည်းမသွား၊ ဝင်လည်းမဝင်၊ ထွက်လည်းမထွက်ဘူး”လို့ ငှက်ပျောခြံ စောင့်တဲ့ သူတစ်ယောက်က ခပ်ပြတ်ပြတ်ပဲပြောပါတယ်။
နောက်ထပ်ဒေသခံတစ်ယောက်ဆိုရင် ရသေ့ဆီကို တစ်ခါ မှ မသွားဖူးသလို လမ်းကြုံလို့တွေ့ရင်လည်း ဦးမချဘူးလို့ ဆို ပါတယ်။
အဆဲခံရပြီ
ပတ်ဝန်းကျင်ကို နေ့လယ်ပိုင်းလေ့လာပြီး ရသေ့ရဲ့ကျောင်း ဝင်းဘက်ကို ပြန်လာခဲ့ပါတယ်။ နေ့လယ်သုံးနာရီလောက်မှာ ရသေ့ကြီးနဲ့ တွေ့ ခွင့်ရခဲ့ပါတယ်။
သူ့ကို သိချင်တာတွေ မေးမြန်းဖို့ကြိုးစားတဲ့အခါ ကျွန် တော့်ကို စကားပြောဖို့အချိန်မရှိကြောင်းနဲ့ ”မင်းမေးချင်သလို မေးပြီး ပြောချင်သလိုပြောမယ့် ရသေ့မျိုးမဟုတ်ဘူး။ သဘော ပေါက်လား”လို့ လေသံမာမာနဲ့ ဦးအောင်ဓမ္မသုခက လှမ်း ပြောတယ်။
သူက အခုလိုလည်း ကျွန်တော့်ကို ပြောပါသေးတယ်။
”ဘုန်းကြီးတောင် စိတ်မထင်ရင် ပါးဆွဲရိုက်တာ။ ဗိုလ်ချုပ် လည်း ဒီလိုပဲရိုက်လွှတ်တာ။ ဟုတ်ပြီနော်၊ စကားပြောတာ ဆင် ခြင်ပြော”လို့ လေသံမာမာနဲ့ လှမ်းဟောက်တယ်။
တကယ်တော့ ကျွန်တော်က ယက္ကန်းစင်တောင်နဲ့ သူ့ အကြောင်း သိချင်တာတွေ မေးမြန်းဖို့အတွက် ကုလားထိုင်ပေါ်မှာ ထိုင်နေတဲ့ သူ့ကို ကြမ်းပြင်ပေါ်ကနေ ကျုံ့ကျုံ့ထိုင်ပြီး ခွင့်တောင်း တာပါ။ ဒါပေမဲ့ သူ့ကို ရိုရိုသေသေ မပြောရကောင်းလားဆိုပြီး သူက လေသံမာမာနဲ့ ပြောတာပါ။
သူဟာ လှည့်လည်အလှူခံစား၊ လှည့်လည်အလှူခံဝတ်၊ လှည့်လည်အလှူခံဘုရားတည်တဲ့ ပုဂ္ဂိုလ်မဟုတ်ကြောင်းနဲ့ အဓိ ဋ္ဌာန်နဲ့သာပြောတတ်ဆိုတတ်သူလို့ဆိုပါတယ်။ ဒါကြောင့် ကျွန်တော့်ကို လက်ခံစကားမပြောနိုင်ဘူးလို့လည်း သူက ဆိုပါတယ်။
”လူတွေအများကြီး အုပ်စုလိုက် ဝိုင်းကန်တော့နေတာကို မင်းတွေ့တယ်မို့လား။ ဘုန်းကြီးတွေ မွေးထုတ်ပေးနေတာလည်း မင်းကြားပြီ။ အဲဒီတော့ ကျွန်တော်က ရန်ကုန်ကလာတယ်၊ ရန်ကုန်ကလာတော့ -ီးပေါ့ကွာ။ ဘာလုပ်ရမှာလဲ။ စာရေးဆရာ၊ ရေးတော့ -ီးပေါ့ကွာ၊ ဘာလုပ်ရမှာလဲ”လို့ပြောပါတယ်။ ကျွန်တော့်ကို အထက်ပါအတိုင်းပြောပြီးတော့ ရှေ့ဆက် မပြောတော့ပါဘူး။ သီတင်းကျွတ်လပြည့်နေ့ ထီးတင်မယ့်စေတီ အတွက် လာမည့်ဧည့်သည်တွေကို ချတ်ပြုတ်ကျွေးမွေးဖို့ သူ့ တပည့်တွေနဲ့သာ ဆက်စကားပြောနေပါတယ်။
ရသေ့အနီးမှာ ခြောက်နှစ်နီးပါး ဆွမ်းကွမ်းဝေယျာဝစ္စ တွေ ဆောင်ရွက်ပေးနေတဲ့ အသက် ၆ဝ အရွယ်ဒေါ်တူးကတော့ ရသေ့ကြီးက စိတ်မထင်ရင် ဆဲတတ်၊ ကန်ကျောက်တတ်တယ်လို့ လေသံခပ်တိုးတိုးနဲ့ ကျွန်တော့်ကိုပြောပြပါတယ်။
သူတို့လို နေ့စဉ် ရသေ့ကြီးနဲ့အတူနေပြီး အကင်းပါးပါးနဲ့ ဆောင်ရွက်ပေးနေတဲ့ သူတွေတောင် အဆဲမခံ၊ အဆူမခံရတဲ့နေ့ မရှိဘူးလို့ ဆိုပါတယ်။
ဒေါ်တူးဟာ တရားရချင်တာကြောင့် ရသေ့ဦးအောင်ဓမ္မ သုခဆီမှာ လာရောက်နေထိုင်ကာ ဝေယျာဝစ္စလုပ်ပေးနေတာ လို့ ဆိုပါတယ်။ ”အဘိုးက ဝိဇ္ဇာကြီးလေ။ ဝိဇ္ဇာရှစ်ခန်းအောင်ပြီး သားလေ။ အဘိုးက ဘုရားဆုပန်လေ။ ရသေ့ခြောက်ပါးထဲမှာ အဘိုးက အမြင့်ဆုံးလေ။ မြန်မာပြည်မှာ အဘိုးလိုရသေ့ ခြောက် ပါးပဲရှိတယ်။ မြန်မာပြည်မှာမဟုတ်ဘူး။ တစ်ကမ္ဘာလုံးမှာ”လို့ ဒေါ်တူးက သူယုံကြည်ထားတာကို ပြောပြတယ်။
”ဘုရားဆုပန်ကြီး”ကို စိတ်နဲ့ ပြစ်မှားပါက ငရဲအရမ်းကြီး တယ်လို့လည်း ဒေါ်တူးက အလေးအနက် သတိပေးတယ်။
သူဆိုလျှင်ရသေ့ကြီးနားမှာ အနေကြာလာပြီး ရသေ့ကြီး ဟောတဲ့ တရားတွေ နာပြီးနောက်ပိုင်း ရပ်ထဲရွာထဲက ဘုန်းကြီး တွေကို ကြည်ညိုလို့ မရတော့ဘူးလို့ ဆိုပါတယ်။
”အဘိုးက တော်ရုံတန်ရုံဘုန်းကြီးဆို ငါနဲ့ပဲတုတ်တာ။ တုတ်သင့်လို့တုတ်တာ။ ဘုန်းကြီးမသိတဲ့ဟာ အဘိုးအကုန် သိတယ်။ တရားနဲ့ပတ်သက်တာ အကုန်သိတယ်”လို့လည်း ဒေါ်တူးက ယုံကြည်နေပါတယ်။
”အဘိုးလို ပုဂ္ဂိုလ်မျိုးဖူးပြီးသွားရင် ရပ်ထဲရွာထဲ ဘုန်းကြီး က အလကားပဲ။ ငါတို့မျက်စိနဲ့ ရပ်ထဲရွာထဲဘုန်းကြီး ဦးကုန်းချလို့ တောင်မရဘူး။ တခြားစီပဲ။ အဘိုးကလည်း အဲဒါကြောင့်မို့ သာသနာက အဲ့ဒီလိုဖြစ်နေလို့ ဘုန်းကြီးတွေကို သူ့လိုဖြစ်စေချင်လို့ တရားတွေဟောနေတာ ဘုန်းကြီးတွေကလည်း ဖြစ်ကိုမလာ ဘူး”လို့ ဒေါ်တူးက ပြောပြန်တယ်။
ဘယ်လိုရသေ့လဲ
သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်တို့လို အစိုးရ အရာရှိ၊ တပ်မတော်အရာရှိအချို့ ယုံကြည်ကိုးကွယ်နေတဲ့၊ ဒေါ်တူး တို့လိုလူတွေ သက်ဝင်ယုံကြည်နေတဲ့ ရသေ့ကြီး ဦးအောင်ဓမ္မ သုခဟာ ကျမ်းဂန်တွေက ဖွင့်ဆိုထားတဲ့ ရသေ့တွေထဲမှာ ပါဝင်ရဲ့ လားဆိုတာကို သိရဖို့လေ့လာကြည့်တဲ့အခါ သုတ္တနိပါတ် အဋ္ဌ ကထာ (ပထမတွဲ) မှာ ရသေ့ရှစ်မျိုးရှိတယ်လို့ ယခုလို ပြထား ပါတယ်။
(၁) သပုတ္တဘရိယရသေ့-ပစ္စည်းဥစ္စာစုဆောင်း၍ သားမယားနှင့် နေသောရသေ့
(၂) ဥစ္ဆာစရိယရသေ့-ကောက်သင်းကောက်၍စားသော ရသေ့
(၃) အဂ္ဂိပက္ကိကရသေ-ဆန်၊ ပဲ အလှူခံ၍ ချက်စားသော ရသေ့
(၄) အသာမပါကရသေ့-ချက်ပြီး ထမင်းဟင်းကို ခံစားသော ရသေ့
(၅) အသ္မမုဋ္ဌိကရသေ့-သစ်ခေါက်ခွံကိုခွာစားသော ရသေ့
(၆) ဒန္တဝက္ကလိက ရသေ့-မိမိသွားဖြင့်သာ ကိုက်ခွာစားသော ရသေ့
(၇) ပဝတ္တဖလဘောဇနရသေ့-သစ်သီးသစ်ရွက်တို့ကို ခြွှွေဆွတ်၍ စားသောရသေ့
(၈)ပဏ္ဍုပလာသိကရသေ့-အလိုအလျောက်ကြွေကျလာသော ရွက်၊ ပွင့်၊ သီးများကိုသာ စားသောရသေ့ ဆိုပြီးတော့ ဆို ထားပါတယ်။
ထိုအဋ္ဌကထာမှာပဲ ဘုရားသာသနာတော်အတွင်း ရသေ့ မဝတ်ကောင်းဘဲ ရသေ့ဝတ်သောသူသည် သာသနာတော်ကို ဖျက်ဆီးသူဖြစ်တယ်လို့ ဆိုထားပါတယ်။
အင်းစိန်မြို့နယ်၊ ဗြူးကုန်းတောရ စာသင်တိုက်က တိုက် အုပ်ဆရာတော် ဦးကုမာရကတော့ ရသေ့များဟာ ဘုရားသာ သနာ ပြင်ပက ပုဂ္ဂိုလ်ဖြစ်ပြီး ရဟန်းတော်တွေထက် နိမ့်ကျတဲ့ အလဇ္ဇီ (အရှက်မရှိတဲ့၊ သိက္ခာပုဒ်တွေကို ထပ်ခါထပ်ခါ ကျူး လွန်တဲ့) ပုဂ္ဂိုလ်အမျိုးအစားထဲမှာ ပါတယ်လို့ မိန့်ပါတယ်။
ဘုရားရှင်လက်ထက်က ရသေ့ဝတ်သွားကြတဲ့ ရဟန်း အချို့ဟာ ရဟန်းသိက္ခာပုဒ်တွေကို မစောင့်စည်းနိုင်တော့လို့ ရဟန်းအဖြစ်မှ ရသေ့ဘဝကို ကူးပြောင်းကြတာဖြစ်တယ်လို့ မိန့်ပါတယ်။ သို့ပေမဲ့လည်း ရသေ့တွေထဲမှာ ဘုရားတည် ကျောင်း ဆောက် သာသနာပြုချင်တဲ့အတွက် ရသေ့ဝတ်ခဲ့တဲ့ ရသေ့ကြီး ဦးခန္တီလို ရည်ရွယ်ချက်ကောင်းတဲ့ ရသေ့မျိုးလည်း ရှိတယ်လို့ ဆရာတော်က ရှင်းပြပါတယ်။
ဆရာတော်အဆိုအရ ရသေ့ဆိုသည်မှာ ဒေါက်ခြာ (ရသေ့ များဆောင်းသောအရာ) ဆောင်းပြီး သင်္ကန်းကဲ့သို့ ဖန်ရည်ဆိုးတဲ့ အဝတ်ကို ဝတ်ဆင်ထားသူများ ဖြစ်တယ်လို့ဆိုပါတယ်။ ကျွန်တော်တွေ့ ခဲ့ရတဲ့ရသေ့ကတော့ ဒေါက်ခြာလည်း ဆောင်း မထားသလို ဖန်ရည်ဆိုးတဲ့အဝတ်ကိုလည်း ဝတ်မထားပါဘူး။
ရသေ့တောင်မှ ရသေ့အစစ်မဖြစ်နိုင်ဘူးလို့ ဆရာတော်က မိန့်ပါတယ်။ ဒါပေမဲ့လည်း ရသေ့ကြီးမှာ ကိုးကွယ်ဆည်းကပ် သူတွေက ရှိနေဆဲပါပဲ။
ဘာကြောင့် ကိုးကွယ်
ဒီလိုရသေ့မျိုးကို မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်မှာ ပါဝင်ပြီး အရေးပါတဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်နေရသူအချို့က ဘာကြောင့် ကိုးကွယ်နေကြပါသလဲ။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ဘဒ္ဒ န္တဝိမလာ စာရ(မြောင်းမြ)က ယခုလို မိန့်ပါတယ်။
”သူတို့(အရာရှိအချို့)က သံသရာရဲ့ ထွက်ပေါက်ကို မလို ချင်ဘူးလေ။ ပစ္စုပ္ပန်မှာ ထင်ရှားပေါ်လွင်ဖို့၊ ကြီးပွားချမ်းသာဖို့ အဲဒီဟာပဲ ရှေ့တန်းထားတာပဲ။ အဲဒီလိုပဲမြင်တယ်”
သံဃမဟာနာယက အဖွဲ့ဆိုတာက သာသနာတော်ပြန့် ပွားသန့်ရှင်းရေးအတွက် ပညာရေး၊ သာသနာရေးနှင့် ဝိနစ္ဆိယ (ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ)ကို ဖြေရှင်းပေးတဲ့ ကိစ္စ တွေကို ဆောင်ရွက်နေရပြီး မဂ်ဖိုလ်နိဗ္ဗာန်နဲ့ ဖီလာဆန့်ကျင်တဲ့ အဟောအပြော၊ အရေးအသားတွေ တွေ့ရှိပါက ပိတ်ပင်တားဆီး တာတွေကို ဆောင်ရွက်ရတယ်လို့ ဆရာတော်က မိန့်ပါ တယ်။
”အာဏာရထိပ်တန်းပုဂ္ဂိုလ်တွေက အဲဒါတွေကို သူ့အဖေ လောက်မကဘူး၊ အားကိုးအားထားပြုနေတော့ ခရီးမပေါက် အရာမရောက်(ပိတ်ပင်တားဆီးလို့မရ)တဲ့ အခြေအနေတွေ ရှိ တယ်”လို့ ဆရာတော်က မိန့်ပါတယ်။
”ဗုဒ္ဓဘာသာတွေရဲ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ ဒုက္ခခပ် သိမ်းငြိမ်းရာ အိုခြင်း၊ နာခြင်းသေခြင်းကင်းရာ နိဗ္ဗာန်ကို ရည်မှန်း ချက်ထားပြီး ရောက်ရှိနေတဲ့ ပဋိပတ်၊ ပရိယတ်၊ ပဋိဝေဒဆိုတဲ့ ဟာတွေကို ရှေ့တန်းမထားဘဲနဲ့ ဥုံဖွချီးတုံးမတ်တတ်ထဆိုတဲ့ ဟာမျိုးတွေကို”အရာရှိအချို့က လိုက်အားကိုးနေတယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။
”အဲဒီပုဂ္ဂိုလ်တွေက အားကိုးနေသမျှ ကာလပတ်လုံး ဒါ (ပိတ်ပင်တားဆီးရေးလုပ်တာ)တွေက သိပ်ခရီးပေါက်မှာ မဟုတ်ဘူး”
ကျမ်းဂန်လာရသေ့မျိုးနဲ့ ဘယ်လိုပဲ ဆန့်ကျင်နေပါစေ၊ ဦးအောင်ဓမ္မသုခကို အားထားကိုးကွယ်သူတွေကတော့ ဝင်လာ မစဲ တသဲသဲပါပဲ။ ။

