အရေးပေါ် လူနာတင်ယာဉ်တွေရဲ့ အရေးပေါ် ပြ ဿ နာ အပိုင်း(၁)

 အရှိန်ပြင်းပြင်းမောင်းနှင်လာတဲ့ အရေးပေါ်လူနာတင်ယာဉ်ရဲ့ အသံဟာ ရန်ကုန်-ပုသိမ်အဝေးပြေးလမ်းမတစ်လျှောက် ဆူညံ နေတယ်။ လူနာတင်ယာဉ်ပေါ်မှာတော့ ယာဉ်မောင်း၊ ယာဉ် နောက်လိုက်ဝန်ထမ်းတစ်ဦး၊ လူနာ ကိုသိန်းဇော်၊ သူ့ရဲ့ဇနီးနဲ့ သူ့ ရဲ့အစ်ကိုဖြစ်သူ ကိုကျော်ဇေယျအောင်တို့လိုက်ပါလာခဲ့ပါတယ်။

လူနာကတော့ ပက်လက်အနေအထား မလှုပ်မယှက်။ သူ့ ခေါင်းကိုလှုပ်ယမ်းမသွားအောင် ခေါင်းအုံးတွေနဲ့ ထိန်းထားရပါ တယ်။ နှာခေါင်းမှာတော့ အောက်ဆီဂျင်ပိုက်က တန်းလန်း။ သတိရနေတယ်ဆိုပေမယ့် တစ်ချက်တစ်ချက် အသက်မရှူတော့ ဘူးလို့တောင် ထင်ရတယ်။ လူနာရဲ့အစ်ကိုဖြစ်သူ ကိုကျော်ဇေယျ အောင် စိုးရိမ်နေတာတစ်ခုက ရန်ကုန်မရောက်ခင် နှာခေါင်းမှာ တပ်ထားတဲ့ အောက်ဆီဂျင်ပြတ်သွားမှာကိုပါ။

          ဒါကြောင့် ”ငါ့ညီသေမှာပဲ”လို့ သူတစ်ချိန်လုံး တွေးနေမိတယ်။

ကိုကျော်ဇေယျအောင်ရဲ့ ညီ မောင်သိန်းဇော်ဟာ ဧရာဝတီ တိုင်းဒေသကြီး၊ အိမ်မဲမြို့မှာ ဖေဖော်ဝါရီ ပထမပတ်တုန်းက ထော်လာဂျီမှောက်ပြီး ပြောင်းအိတ်တွေပိလို့ ဇက်ကျိုးသွားခဲ့တာ ပါ။ သူ့ညီကို အိမ်မဲမြို့နယ်ဆေးရုံကို ဦးစွာပို့ခဲ့ပါသေးတယ်။ ဒါပေမဲ့ အိမ်မဲဆေးရုံမှာ ကုသဖို့ ပစ္စည်းကိရိယာ မစုံတာကြောင့် ဆရာဝန်က စမ်းသပ်စစ်ဆေးမှုတချို့ လုပ်ပေးလိုက်ပြီး ရန်ကုန် ဆေးရုံကြီးကို အမြန်ဆုံးသွားဖို့ လွှဲပြောင်းပေးလိုက်တာပါ။

ဒါကြောင့် အိမ်မဲမြို့က လူမှုရေးအသင်းတစ်ခုမှ အရေးပေါ် လူနာတင်ယာဉ်ကို အကူအညီတောင်းပြီး ရန်ကုန်ကို ထွက်လာခဲ့ ပါတယ်။ အရေးပေါ်လူနာတင်ယာဉ်ပေါ်မှာ အောက်ဆီဂျင်ပိုက် ကလွဲလို့ ကျန်တဲ့ ကုသရေးပစ္စည်းတွေလည်း မပါသလို သူနာပြု လည်း မပါပါဘူး။

ရန်ကုန်မြို့ကိုဝင်တော့ ညဆယ်နာရီဝန်းကျင်ရှိပါပြီ။ လမ်းမတွေပေါ်မှာ ကားရှင်းနေပါတယ်။ ဒါကြောင့် ကံကောင်း စွာပဲ ရန်ကုန်ပြည်သူ့ဆေးရုံကို အချိန်မီရောက်ခဲ့ပါတယ်။

”အမြန်မရောက်ရင် သေလောက်တယ်။ လမ်းမှာပဲ အလောင်းပြန်တိုက်သွားရမှာ” လို့ ကုသမှုတွေခံယူပြီးသည့် နောက် လူနာခုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ သူ့ညီကိုကြည့်ရင်း ကိုကျော်ဇေယျအောင်က စကားတိုးတိုးဆိုပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ကုသရေးဌာနကို နေ့စဉ်လာရောက်တဲ့ လူနာစုစုပေါင်း ၄ဝဝ ဝန်းကျင်မှာ အသက် အန္တရာယ်စိုးရိမ်ရတဲ့ အရေးပေါ်လူနာက ၂ဝ ဝန်းကျင်ရှိပါတယ်။ အဲဒီအရေးပေါ်လူနာရဲ့ ၁၅ ရာခိုင်နှုန်းဟာ အချိန်နောက်ကျမှု ကြောင့် အသက်ဆုံးရှုံးမှုတွေရှိနေတယ်လို့ ရန်ကုန်ပြည်သူ့ဆေး ရုံကြီး၊ အရေးပေါ်ကုသရေးဌာနမှ တွဲဖက်ပါမောက္ခဒေါက်တာ မော်ဦးက ဆိုပါတယ်။

သဘောကတော့ အရေးပေါ်လူနာ ၂ဝ ဦးမှာ သုံးဦးကျော် ဟာ ဆေးရုံကို ရောက်တာနောက်ကျပြီး သေဆုံးနေတဲ့ သဘောပါ။

ဒီလိုဖြစ်ရတာကလည်း လူနာရဲ့ ဒဏ်ရာပြင်းထန်တာ၊ လူ နာတင်ယာဉ်တွေရဲ့ ကြံ့ခိုင်မှုအားနည်းပြီး အဆင့်မီအသက်ကယ် ကိရိယာပစ္စည်းမပါတာနဲ့ ယာဉ်လမ်းကြောပိတ်ဆို့မူဖြစ်ပြီး ဆေး ရုံရောက်တာနောက်ကျတာကြောင့်လို့ ဒေါက်တာမော်ဦးက ဆို ပါတယ်။

ဒါ့အပြင် အရေးပေါ်လူနာတင်ယာဉ်ပေါ်မှာ ရှေးဦးသူနာပြု စုနည်းကျွမ်းကျင်ဝန်ထမ်း မပါတာကြောင့် သွေးလွန်ကာ သေဆုံးခါနီးအချိန်မှ ဆေးရုံသို့ ရောက်လာတာရှိတယ်လို့ သူက ဆက် ပြောပါတယ်။

အထက်ပါအချက်အလက်တွေဟာ ပြီးခဲ့တဲ့နှစ်ကစပြီး အရေးပေါ်ကုသရေးဌာနကို ရောက်လာတဲ့ လူနာရှင်တွေကို ဒေါက်တာမော်ဦး ကိုယ်တိုင်မေးမြန်းကာ သုတေသနလုပ်ထားတဲ့ အချက်အလက်တွေပါ။

အရေးပေါ်လူနာတင်ယာဉ်စနစ် ဘယ်လိုလုပ်သလဲ

ရန်ကုန်ပြည်သူ့ဆေးရုံကြီးအနေနဲ့ အရေးပေါ်လူနာတွေ ဆေးရုံကို အချိန်မီရောက်ဖို့ လူနာတင်ယာဉ်တွေနဲ့ သွားရောက် ခေါ်ယူပေးတဲ့ဝန်ဆောင်မှုမျိုး မလုပ်ပေးနိုင်သေးပါဘူး။ ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ အရေးပေါ်လူနာတင်ယာဉ်တွေဟာ ရန်ကုန်ဆေးရုံကြီးက လူနာကို တခြားဆေးရုံသို့ ပြောင်းရွှေ့ဖို့ အတွက်သာ အသုံးပြုတာဖြစ်တယ်လို့  ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာအေးကိုကိုက ရှင်းပြပါတယ်။

ရန်ကုန်မြို့စည်ပင်နယ်နိမိတ်အတွင်းဖြစ်ပွားတဲ့ ယာဉ် တိုက်မှုနဲ့ပတ်သက်ရင်တော့ ဖုန်းနံပါတ် ၅ဝဝဝဝ၅ ကို ဆက်ပြီး အကူအညီတောင်းလို့ရတဲ့ အရေးပေါ်လူနာ အသက်ကယ်ဆယ် ရေးတပ်ဖွဲ့ရှိပါတယ်။ ဒီအဖွဲ့ဟာ ပြည်ထဲရေးဝန်ကြီးဌာနလက် အောက်မှာရှိတဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းရေး ဦးစီးဌာနက ဖွဲ့ထားတဲ့အဖွဲ့ပါ။

ဒါပေမဲ့ အရေးပေါ်အသက်ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် အင် အားနဲ့ ကားအရေအတွက် မလုံလောက်တာကြောင့် ရန်ကုန်မြို့ စည်ပင်ဧရိယာအတွက် အရေးပေါ်လူနာတင်ယာဉ်နှစ်စီးသာရှိ တယ်လို့ အရေးပေါ်ကယ်ဆယ်ရေးတပ်ဖွဲ့မှ ယာဉ်ထိန်းရဲအရာရှိ တစ်ဦးက ပြောပါတယ်။

ဒါကြောင့် အရေးပေါ်လူနာတွေကို အချိန်မီကယ်ဆယ်နိုင်ဖို့ လူမှုရေးအဖွဲ့အစည်းတွေ၊ မီးသတ်ဦးစီးဌာနနဲ့ မြန်မာနိုင်ငံ ကြက် ခြေနီအသင်းလို အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိက လူနာတင်ယာဉ် ဝန်ဆောင်မှုအဖွဲ့တွေ အများအပြားပေါ်ထွက်လာတာဖြစ်တယ် လို့ ဒေါက်တာမော်ဦးက ထောက်ပြပါတယ်။

သူက ဆက်ပြီး ”လူမှုရေးအသင်းအဖွဲ့တွေမှာ အရေးပေါ် လူနာတင်ယာဉ် ပေါ်ပေါက်လာတာက ကျန်းမာရေးဝန်ကြီးဌာန က မဆောင်ရွက်ပေးနိုင်တာကြောင့်”လို့ သုံးသပ်ပါတယ်။

ဒေါက်တာမော်ဦးကိုယ်တိုင် အရေးပေါ်လူနာတင်ယာဉ် တွေနဲ့ပတ်သက်တဲ့ စာတမ်းတစ်စောင်ပြုစုဖို့အတွက် မြန်မာနိုင်ငံ မှာ အရေးပေါ်လူနာတင်ယာဉ် ဘယ်နှစီးရှိတယ်ဆိုတာကို စုံစမ်း ကြည့်တဲ့အခါမှာ ပြည်ထဲရေးဝန်ကြီးဌာနမှာရော ကျန်းမာရေးဝန် ကြီးဌာနမှာပါ စာရင်းအတိအကျ မရှိဘူးလို့ သူကဆိုပါတယ်။

ဒါကြောင့် ဘယ်ဝန်ကြီးဌာနမှာ အဓိကတာဝန်ရှိပါသလဲ ဆိုတဲ့ မေးခွန်းကိုတော့ ဒေါက်တာမော်ဦးက ”ကျွန်တော်တို့ ကျန်းမာရေး (ဝန်ကြီးဌာန)ကပေါ့”လို့ ဖြေကြားပါတယ်။

လက်ရှိမှာတော့ အရေးပေါ်လူနာတင်ယာဉ် လိုအပ်တဲ့သူ တွေဟာ ပုဂ္ဂလိကဝန်ဆောင်မှုပေးနေတဲ့ အရေးပေါ်လူနာတင် ယာဉ်တွေနဲ့ နီးစပ်ရာ လူမှုကူညီရေးအသင်းတွေက လူနာတင် ယာဉ်တွေကိုသာ အသုံးပြုနေကြရပါတယ်။

ဒါပေမဲ့ လူနာတင်ယာဉ်အများစုဟာ ဆေးကုသပေးနိုင်တဲ့ စက်ပစ္စည်းကိရိယာစုံလင်တဲ့ အဆင့်မီယာဉ်တွေမဟုတ်တာ၊ အရေးပေါ်လူနာတင်ယာဉ်ကို ကောင်းကောင်းမွန်မွန် အသုံးပြု မမောင်းနှင်နိုင်တာ၊ ယာဉ်နောက်လိုက်ဝန်ထမ်းတွေက ရှေးဦး သူနာပြုစုနည်းကို မကျွမ်းကျင်တာတွေ အများကြီးရှိနေတယ်လို့ မြန်မာနိုင်ငံဆရာဝန်များအသင်းမှ အရေးပေါ်လူနာတင်ယာဉ် ဌာန အရာရှိချုပ် ဒေါက်တာလင်းအောင်က ပြောပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ အရေးပေါ်ကုသရေးဌာန အရှေ့မှာရှိတဲ့ စေတနာရှင်လို့အမည်ပေးထားတဲ့ အရေးပေါ်လူနာ တင်ယာဉ်ဝန်ဆောင်မှုလုပ်ငန်းပိုင်ရှင် ဦးစိန်တိုးကတော့ သူတို့ အနေနဲ့ လူနာတွေကို ဆေးရုံကိုသာ ပို့ဆောင်ပေးပြီး ”လမ်းမှာ ဘာမှမလုပ်ပေးနိုင်ဘူး။ ဝန်ထမ်းတွေကလည်း ကုသပေးဖို့ နား မလည်ဘူး။ ကားမှာ အောက်စီဂျင်ဘူးတော့ပါတယ်”လို့ ဆို ပါတယ်။

ဦးစိန်တိုးရဲ့ စေတနာရှင်လူနာတင်ယာဉ်ဝန်ဆောင်မှုလုပ်ငန်းမှာ လူနာတင်ယာဉ် သုံးစီးရှိပါတယ်။ တိုယိုတာအမျိုးအစား Super Custom မော်တော်ယာဉ်တွေကို ထိုင်ခုံဖြုတ်၊ အရေးပေါ် မီးတပ်ပြီး လူနာတင်ကားအဖြစ် ပုံစံပြောင်းထားတဲ့ မော်တော် ယာဉ်တွေပါ။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အနီးဝန်းကျင်မှာတော့ ဦးစိန် တိုးတို့လို ပုဂ္ဂလိက လူနာတင်ယာဉ်ဝန်ဆောင်မှုလုပ်ငန်း ဆယ်ဖွဲ့ ဝန်းကျင်လောက်ရှိပါတယ်။ ဒီအထဲမှာမှ ‘ဗဟို’ဆိုတဲ့ အရေးပေါ်လူနာတင်ယာဉ်ဝန်ဆောင်မှုလုပ်ငန်းမှာ အသုံးပြုတဲ့ မော်တော် ယာဉ်တွေသာ အရေးပေါ်လူနာတင်ယာဉ်တွေအဖြစ် ထုတ်လုပ် ထားတဲ့ မော်တော်ယာဉ်တွေဖြစ်ပါတယ်။

ဗဟိုလူနာတင်ယာဉ်ဝန်ဆောင်မှုလုပ်ငန်းမှာတော့ မော် တော်ယာဉ် ရှစ်စီးရှိပါတယ်။ ယာဉ်ပေါ်မှာတော့ အောက်ဆီဂျင် ဘူး သုံးဘူး၊ ဆေးသေတ္တာတို့ပါရှိပါတယ်။ ဒါပေမဲ့ ဝန်ထမ်းတွေ ကတော့ ရှေးဦးသူနာပြုစုနည်းသင်တန်း တက်မထားဘူးလို့ ဗဟို လူနာတင်ယာဉ်ဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ခံ ဦးအောင်သူက ဆိုပါတယ်။

အခုလို ပုဂ္ဂလိက အရေးပေါ်လူနာတင်ယာဉ်တွေ ပုံစံမျိုးစုံရှိနေတာနဲ့ပတ်သက်လို့ ဒေါက်တာမော်ဦးကို မေးကြည့်တဲ့အခါ မှာတော့ သူက ”ဥပဒေရှိရင်တော့ သူတို့ကို စည်းကမ်းတွေနဲ့ လုပ်ပေးနိုင်မယ်။ အဆင့်မမီတာ၊ မှားတာရှိရင်လည်း အရေးယူ လို့ရမယ်”လို့ ရှင်းပြပါတယ်။

ဥပဒေရှိပါက လုပ်ငန်းလိုင်စင်ချပေးနိုင်သလို ယာဉ်မောင်း နဲ့ အကူဝန်ထမ်းတွေကိုလည်း ရှေးဦးသူနာပြုနည်းသင်တန်းတွေ  ပို့ချပေးနိုင်မယ်၊ မော်တော်ယာဉ်တွေအပေါ်မှာလည်း ဘယ်လို ပစ္စည်းတွေ ပါရမယ်ဆိုတာမျိုးတွေ သတ်မှတ်ပေးနိုင်မယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ လွှတ်တော်ကိုတင်ပြနိုင်ဖို့ အရေးပေါ် လူနာတင်ယာဉ် ဥပဒေမူကြမ်းကို ကျန်းမာရေးဝန်ကြီးဌာနက ရေးဆွဲထားပြီးပြီလို့လည်း သူက ဆိုပါတယ်။

လတ်တလောမှာတော့ ဥပဒေမရှိသေးတဲ့အတွက် လူနာ တင်ယာဉ်တွေက လူနာရှင်တွေထံမှာ ဈေးနှုန်းအဆမတန် တောင်းတာကစလို့ ပြဿ      နာတွေတက်နေပြီး ပုဂ္ဂလိကလူနာတင် ယာဉ်တွေဟာ ရန်ကုန်ဆေးရုံကြီးနဲ့ မသက်ဆိုင်ကြောင်းကို မကြာခဏ ဖြေရှင်းပြောပြနေရတယ်လို့ အရေးပေါ်ကုသရေးဌာန မှ တွဲဖက်ပါမောက္ခဒေါက်တာမော်ဦးက ပြောပါတယ်။

လူနာတင်ယာဉ်တွေထဲမှာ အခုလို အခကြေးငွေယူပြီး ပို့ ဆောင်ပေးတဲ့ ပုဂ္ဂလိကလူနာတင်ယာဉ်တွေရှိသလို အခမဲ့ပို့ ဆောင်ပေးပြီး ကုသိုလ်ယူတဲ့ လူမှုကူညီရေးအသင်းတွေက လူနာ တင်ယာဉ်တွေလည်း ရှိပါသေးတယ်။

၂၀၁၆ ဧပြီ-မေလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၄) မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

 

မောင်သင်တုန်း ရေးသည်။

အပိုင်း(၂)သို့

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."