ကိုဗစ်ကူးခံရတာ အပြစ်သားမဟုတ်ပါ၊ ခွဲခြားဆက်ဆံမှုတွေရပ်ကြပါ

ဗညားကျော် ရေးသည်။
ရန်ကုန် (ဧပြီ၊ ၂၀၂၀)

COVID-19 ကူးစက်ခံရသူတွေဟာ ရောဂါကြောင့် စိတ်သောကရောက်နေရသလို တစ်ဖက်မှာလည်း ပတ်ဝန်းကျင်က ခွဲခြားဆက်ဆံ ပြစ်တင်ဝေဖန်မှုတွေကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဖြစ်နေရတယ်လို့ ပိုးကူးခံရသူတချို့နဲ့ စောင့်ကြည့်ခံထားရသူတချို့က ပြောပါတယ်။

သူတို့ကို ဆိုရှယ်မီဒီယာပေါ်မှာ ဝိုင်းဝန်းအပြစ်တင်ပြောဆိုနေတာ၊ ပတ်ဝန်းကျင်ကခွဲခြားဆက်ဆံတာတွေဟာ ရောဂါထိန်းချုပ်ရေးအတွက် ကူညီရာမရောက်ဘူးလို့ မော်ကွန်းကဆက်သွယ်မေးမြန်းခဲ့တဲ့ စိတ်ပညာရှင်နဲ့ စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးသူတွေက မှတ်ချက်ပေးကြပါတယ်။

ရောဂါပိုးကူးစက်ခံရသူတွေကို ဆိုရှယ်မီဒီယာမှာ တိုက်ခိုက်နေရုံနဲ့ လိုချင်တဲ့ပန်းတိုင်ရာက်မှာမဟုတ်ဘူးလို့ ပါမောက္ခ‌ အငြိမ်းစား၊ စိတ်ပညာရှင် ဒေါက်တာခင်မြင့်ကထောက်ပြပါတယ်။

“အားလုံးက ဘယ်လိုအသိတရားရှိရှိနဲ့ ရင်ဆိုင်ကြမလဲ။ အနေအထိုင်အသွားအလာဆင်ခြင်ပြီးတော့ ရောဂါကို ဘယ်လို ကျော်လွှားမလဲလုပ်ရမှာ” လို့ သူက ဆက်ပြောပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း COVID-19 ကို တိုက်ဖို့လိုတဲ့အင်အားတွေကို ကိုယ့်အချင်းချင်းတိုက်တဲ့နေရာမှာမသုံးကြဖို့နဲ့ လူထုအနေနဲ့ဒေါသတွေဖျောက်ပေးကြဖို့ ဧပြီ ၁၄ ရက်က သူ့ရဲ့ Facebook အကောင့်ကနေ ပြောကြားခဲ့ပါတယ်။

“ပြည်သူတွေက ကျွန်မတို့အားလုံးရဲ့ ဘုံရန်သူဖြစ်တဲ့ COVID-19 ကို အောင်နိုင်ဖို့ကိုသာ ညီညီညွတ်ညွတ်နဲ့လုပ်ကြပါ” လို့ သူကတိုက်တွန်းခဲ့ပါတယ်။

၂၀၁၉ နှစ်ကုန်ပိုင်းလောက်က တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့တဲ့ COVID-19 ရောဂါပိုးဟာ ကမ္ဘာ့တဝှမ်း ကို ကပ်ရောဂါအသွင်ပျံ့နှံသွားခဲ့တာဟာ မြန်မာနိုင်ငံမှာဆိုရင် ဧပြီ ၂၈ ရက် ညနေ ၄း၀၀ အထိ ကူးစက်ခံရသူ ၁၄၆ ဦးရှိလာပြီး သေဆုံးသူ ငါးဦးရှိနေပြီ ဖြစ်ပါတယ်။ ပြန်လည်သက်သာလာသူ ၁၆ ဦးရှိပြီး စောင့်ကြည့်လူနာ ၂,၈၅၀ ရှိနေပါတယ်။

စိတ်ပိုင်းဆိုင်ရာ ထိခိုက်စရာ

COVID-19 ရောဂါပိုးကူးစက်ခံရသူတွေဟာ အရင်ဆုံး သူတို့ကိုယ်သူတို့စိုးရိမ်တာ၊ သူတို့မိသားစု၊ အသိမိတ်ဆွေ တွေအတွက် စိုးရိမ်တာမျိုးဖြစ်တတ်ပြီး သူကိုယ်တိုင်ရောဂါဖြန့်ဖြူးသူ ဖြစ်နေမလားဆိုတဲ့ စိုးရိမ်စိတ်မျိုးတွေ ဝင်နေတတ်တယ်လို့ စိတ်ပညာရှင်တွေက ဆိုပါတယ်။

လူနာအမှတ် ၃ ဆိုရင် သူဟာမြန်မာနိုင်ရဲ့ တတိယမြောက် COVID-19 ပိုးတွေ့ရှိသူလို့ သိလိုက်ရတဲ့ညမှာ စိုးရိမ် ခြောက်ခြားပြီး အိပ်လို့မရအောင်ဖြစ်ခဲ့ရတယ်လို့ ဖွင့်ဟပါတယ်။

“အရမ်းကြောက်သွားတယ်၊ ဘာတွေဆက်ဖြစ်လာမလဲဆိုပြီး အတွေးတွေအရမ်းများတာပေါ့။ ပြီးတော့ ကျွန်တော် အပြင်မှာ (ဆေးရုံမရောက်ခင်) တုန်းက စာတွေဖတ်ထားတော့ ပိုးရှိသူက လေးရက်နေရင် ရောဂါလက္ခဏာ ဘယ်လိုပြတယ်ဆိုတာတွေကအစ ကိုယ့်ကိုပြန်ဒုက္ခပေးတာပေါ့” လို့ သူခံစားခဲ့ရတဲ့စိတ်ဒုက္ခတွေကို ပြောပြပါတယ်။

သူဟာ ကာရေးဗီယန်းပင်လယ်ထဲက ကျွန်းနိုင်ငံတစ်ခုဖြစ်တဲ့ ဘာဘေးဒိုးစ်နိုင်ငံကနေပြန်လာတာဖြစ်ပြီး အပျော် စီးခရီးသည်တင် သင်္ဘောတစ်စီးပေါ်မှာ အလုပ်လုပ်ခဲ့သူဖြစ်ပါတယ်။

Photo – Htet Myat Aung          Semi Lock Downချမှတ်ထားသည့် ပန်းဘဲတန်းမြို့နယ်တွင် ရပ်ကွက်အတွင်းသို့ ပြင်ပ ဧည့်သည် မဝင်စေရန် အသွားအလာ ကန့်သတ် စောင့်ကြည့်နေကြပုံ

COVID-19 ရောဂါပိုးကူးစက်မှုဟာ ကမ္ဘာနိုင်ငံအများစုမှာ တဖြည်းဖြည်း မြင့်တက်လာတာကြောင့် နိုင်ငံတကာ ဆိပ်ကမ်းတွေကို စပိတ်လိုက်ကြတဲ့အခါ သူတို့သင်္ဘောဟာ သတ်မှတ်ထားတဲ့ဆိပ်ကမ်းကို ကပ်ခွင့်မရတော့ပါဘူး။ နောက်ဆုံးတော့ ဗြိတိန်နိုင်ငံသားအများစုပါတဲ့ သူတို့သင်္ဘောဟာ အင်္ဂလန်နိုင်ငံကို ကမ်းကပ်ခဲ့ရပါတယ်။ သူနဲ့လုပ်ဖော်ကိုင်ဖက်တစ်ဦးဟာ အင်္ဂလန်ကနေတစ်ဆင့် ထိုင်းနိုင်ငံမှာတစ်ထောက်နားပြီး မြန်မာနိုင်ငံကို လေကြောင်းနဲ့ ပြန်လာခဲ့ကြပါတယ်။

မြန်မာနိုင်ငံရောက်တဲ့အခါ နောက်ဆုံး ရောက်ခဲ့တဲ့ လေဆိပ်နေရာမှာ သူတို့က ဘာဘေးဒိုးစ်နိုင်ငံကိုပဲ ဖြည့်လိုက်တာကြောင့် သူတို့ကို လ.ဝ.က ဘာမှမပြောဘဲ သွားခိုင်းလိုက်တယ်လို့ သူကပြောပါတယ်။

အဲဒီအချိန်က အမေရိကန်ပြည်ထောင်စု၊ ဆွစ်ဇာလန်၊ ဗြိတိန်၊ နယ်သာလန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံ၊ နော်ဝေ၊ ဆွီဒင်နဲ့ ဒိန်းမိတ်နိုင်ငံတွေမှာ ၁၄ ရက်အတွင်းနေထိုင်ခဲ့သူတွေနဲ့ သွားရောက်ခဲ့တဲ့သူတွေဟာ မြန်မာနိုင်ငံကိုရောက် ရင် သတ်မှတ်ထားတဲ့နေရာတွေမှာ (၁၄) ရက် သီးသန့်ထားရှိစောင့်ကြည့်မှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၂၀ မှာ ထုတ်ပြန်ခဲ့ပါတယ်။

“လ.ဝ.က ဖြတ်တော့ ကျွန်တော်တို့ကို quarantine (သီးခြားစောင့်ကြည့်မှု) ဝင်ရမယ်လို့ မပြောလိုက်တော့ မသိလိုက်ဘူး။ တကယ်လို့ အဲအချိန်မှာ သီးခြားစောင့်ကြည့်မှုနေရမယ်ဆိုရင် ကျွန်တော်လည်း ဘယ်လျှောက် သွားမလဲ။ အဲလိုသွားမိတော့ ပြောစရာဖြစ်သွားတာပေါ့” လို့ သူက ဆိုပါတယ်။
သူဟာ မတ် ၂၁ ရက်မှာ မြန်မာနိုင်ငံပြန်ရောက်ခဲ့ပြီး နောက်တစ်ရက်မှာ ဖျားနာခဲ့တာကြောင့် အင်းစိန်ဆေးရုံမှာ သီးခြားစောင့်ကြည့်ခံခဲ့ရပါတယ်။ နှစ်ရက်အကြာမှာတော့ COVID – 19 ရောဂါပိုးတွေ့ရှိကြောင်း သိလိုက်ရတာပါ။

သူနဲ့ထိတွေကမှုရှိခဲ့တဲ့ သူ့သူငယ်ချင်းကိုလည်း မတ် ၂၆ ရက်မှာ အသွားအလာကန့်သတ်ပိတ်ပင်ထားပြီး စောင့်ကြပ်ကြည့်ရှုခဲ့ပါတယ်။ နောက်နှစ်ရက်မှာ သူ့သူငယ်ချင်းမှာလည်း ရောဂါပိုးတွေ့ရှိခဲ့တာကြောင့် လူနာအမှတ် ၆ အဖြစ် သတ်မှတ်ခဲ့ပါတယ်။ သူနဲ့ထိတွေ့ခဲ့တဲ့ တခြားသူတွေကို နေအိမ်တွေမှာ စောင့်ကြည့်ခဲ့တဲ့ အဖြေတွေအရ COVID-19 ပိုးကူးစက်ခံရတာမရှိခဲ့ပါဘူးလို့ သူကပြောပြပါတယ်။
ဝေဘာဂီအထူးကုဆေးရုံကြီးကိုရောက်တဲ့အခါမှာတော့ သူ့တို့ကို အခန်းထဲကအပြင်ကို ထွက်ခွင့်မပေးတော့ဘဲ တစ်ယောက်စီ သီးသန့်ထားလိုက်ပါတယ်။

နေရာထိုင်ခင်းနဲ့ အစားအသောက်တွေကောင်းကြပေမယ့် ဒုတိယနေ့ကစပြီး သူ့အတွက် နေရထိုင်ရကျဉ်းကျပ် လာတယ်လို့ လူနာအမှတ် ၃ ကပြောပါတယ်။ တစ်နေကုန်အောင် အခန်းထဲမနေဖူးတဲ့သူ့အတွက် အခန်းပြင် မထွက်ရတဲ့အခါ စတင်မွမ်းကြပ်လာတယ်လို့ သူကဆိုပါတယ်။

“တံခါးဖွင့်ပြီး ထွက်ပြေးချင်တာတောင် ဖြစ်တယ်ပေါ့။ ပြေးလို့ကလည်း အစောင့်တွေရှိတယ်။ အဲဒါကလည်း ကျွန်တော်အတွက် ဖိအားလိုဖြစ်နေတာ” လို့ သူ့အတွေ့အကြုံကို ဧပြီ ၁၇ ရက်က ဖုန်းနဲ့တစ်ဆင့် မော်ကွန်းကို ပြောပြပါတယ်။

နောက်ပြီး ရောဂါပိုးကုသဖို့သောက်ရတဲ့ဆေးရှိန်တွေကြောင့် ရင်တုန်လာပြီး အားအင်တွေမရှိတော့ဘဲ ချိနဲ့လာလို့ “ကုတင်ပေါ်ကနေ ကြမ်းပြင်ကို မဆင်းနိုင်တော့ဘူး၊ ဆင်းဖို့လည်း အားမရှိဘူး” လို့ သူကဆိုပါတယ်။

ညရောက်လို့ လူခြေတိတ်ပြီဆိုရင် တစ်ယောက်တည်းအတွေးတွေများပြီး စိတ်ခြောက်ခြားလာတယ်လို့ သူက ဖွင့်ဟပါတယ်။

“လျှောက်ပြီးတော့ စဉ်းစားနေတာ၊ ဘာနဲ့ဘယ်လို positive ဖြစ်လဲပေါ့” လို့ သူက ပြောပါတယ်။
နောက်ပြီး Facebook ပေါ်မှာ သူ့အကြောင်းတွေကို မဟုတ်မမှန်ရေးတင်ပြီး ဆဲဆိုနေတာတွေကြားရတဲ့အခါမှာ စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ လူနာအမှတ် ၃ ကပြောပြပါတယ်။ သူဟာ လက်ဖက်ရည်ဆိုင်ထိုင်တုန်းက ရန်ဖြစ်ခဲ့သလို ဈေးဝယ်စင်တာတစ်ချို့ကိုလည်းသွားခဲ့တယ်ဆိုပြီး မဟုတ်မမှန်ရေးသားကြတယ်လို့ သူက ပြောပြပါတယ်။

အဲလိုရေးသားမှုတွေကို တွေ့လိုက်ရတဲ့အခါ “ကိုယ့်ကိုတောင်သတ်သေချင်တဲ့အထိ လုပ်ဖို့တောင်တွေးခဲ့တာ။ လူက ဘာကိုမှမစဉ်းစားနိုင်တော့ဘူး။ မနက်ဖြန် ဆိုတာတောင်မရှိချင်တော့ဘူး။ မနိုးထချင်တော့တာမျိုးတောင် ခံစားရတယ်” လို့ အသက် ၂၆ နှစ် အရွယ် လူနာအမှတ် ၃ က ပြောပါတယ်။

သူ့နေရပ်လိပ်စာအတိအကျကို သတင်းမီဒီယာတစ်ချို့မှာဖော်ပြကြတာကြောင့်လည်း စိတ်မသက်မသာဖြစ်ရတယ်လို့ သူကဆိုပါတယ်။

သီးခြားစောင့်ကြည့်မှုနောက်ကွယ်က ခွဲခြားဆက်ဆံမှု

လူနာအမှတ် ၃ ကို လေဆိပ်မှာသွားကြိုခဲ့တဲ့ ကိုလုကီနဲ့ သူ့မိသားစုဆိုရင်လည်း ရပ်ကွက်ထဲမှာ ခွဲခြားဆက်ဆံခံရတာမျိုးတွေ ကြုံတွေ့ခဲ့ရပါတယ်။ လူနာအမှတ် ၃ စဖျားပြီး အင်းစိန်ဆေးရုံကြီးမှာ သီးသန့်ထား စောင့်ကြည့်ချိန်မှာလည်း ကိုလုကီက စားစရာနဲ့အသီးအနှံတစ်ချို့ သွားပို့ပေးခဲ့ပါသေးတယ်။

သူ့သူငယ်ချင်းမှာ COVID-19 ပိုးရှိကြောင်း အစိုးရက တရားဝင်ကြေညာလိုက်တဲ့အခါ ကိုလုကီလည်း ချက်ချင်းပဲ အင်းစိန် ဆေးရုံကိုသွားခဲ့ပြီး လူနာအမှတ် ၃ နဲ့ထိတွေ့ခဲ့ကြောင်းပြောလိုက်ပါတယ်။ ဆေးရုံက သူ့ကို အိမ်မှာပဲနေဖို့ပြောပြီး ပြန်လွှတ်လိုက်တယ်လို့ ကိုလုကီက မော်ကွန်းကိုပြောပြပါတယ်။

သူကနေတစ်ဆင့် တစ်အိမ်လုံးကူးစက်နိုင်သလို မိသားစုတွေကတစ်ဆင့် တခြားလူတွေကိုပါ ထပ်ပြီးကူးစက်နိုင်တာ ကြောင့် အပြင်မသွားဘဲ အိမ်ထဲမှာနေဖို့ဆုံးဖြတ်ခဲ့တယ်လို့ ကိုလုကီရဲ့အစ်ကိုဖြစ်သူ ကိုဂျွန်ကပြောပါတယ်။

ဒီလိုကျန်မားရေးအသိစိတ်နဲ့ မိသားစုလိုက်အိမ်ထဲမှာနေခဲ့ကြပေမယ့် လူနာအမှတ် ၃ နဲ့ထိတွေ့ခဲ့ကြောင်း သတင်းစကားပျံ့သွားတဲ့အခါ လမ်းထဲက အသိမိတ်ဆွေတွေရဲ့ ပြုမူဆက်ဆံပုံတွေ ပြောင်းလဲသွားတာ သတိပြုမိတယ်လို့ ကိုဂျွန်ကဆိုပါတယ်။

မိတ်ဆွေတစ်ချို့ဆိုရင် သူတို့ကလေးတွေကို လာချီပွေ့တာမျိုးမလုပ်ဖို့ သူတို့ Facebook မှာ ရေးတင်ကြသလို အရင်တုန်းက တရင်းတနှီးနေခဲ့တဲ့အိမ်နီးချင်းတွေကလည်း သူတို့အိမ်ကို မဝင်စေချင်တာကြောင့် တစ်အိမ်လုံး တံခါးတွေပိတ်ပြီးနေကြတယ်လို့ သူကပြောပါတယ်။

လမ်းထဲက အိမ်တစ်အိမ်ဆိုရင် မိသားစုလိုက် ရွာကိုပြောင်းပြေးတဲ့အထိဖြစ်ခဲ့တယ်လို့ ကိုဂျွန်ကပြောပြပါတယ်။
“မိတ်ဆွေလို၊ မိသားစုလိုနေခဲ့ပြီးမှ အခုလိုဖြစ်မှ သေတော့မယ့်လူတစ်ယောက်လိုလို၊ ကမ္ဘာပေါ်မှာ မရှိသင့်တော့ တဲ့လူတွေလိုလို ဆက်ဆံခံရတာစိတ်မကောင်းဖြစ်မိတာပေါ့” လို့ အသက် ၂၉ နှစ်အရွယ် ကိုဂျွန်ကပြောပါတယ်။

ဘာကူညီပေးရမလဲဆိုတဲ့ စကားလေးတစ်ခွန်းတောင် မေးဖော်မရခဲ့ကြဘူးလို့ သူကဖွင့်ဟတယ်။
ကျန်းမာရေးဌာနကတော့ ကိုလုကီဆီကို တစ်ရက်တစ်ခါပုံမှန်ဖုန်းဆက်ပြီး ကျန်းမာရေးအခြေအနေနဲ့ အပြင် သွားဖြစ်လားဆိုတာတွေကို မေးတာတွေရှိတယ်လို့ ပြောပါတယ်။

ဖေးမကူညီပါ

COVID-19 ရောဂါပိုးကူးစက်ခံရသူတွေနဲ့ စောင့်ကြည့်ကြပ်မတ်တာတွေကို ရွှေ့ပြောင်းနေရာချတဲ့အခါ စိုးရိမ်လွန်ကဲပြီး မြို့ထဲမဝင်ဖို့ ဝိုင်းဝန်းကန့်ကွက်ခဲ့ကြတဲ့အထိ အချို့မြို့တွေမှာဖြစ်ခဲ့ကြပါတယ်။

ဧပြီ ၁၄ ရက်တုန်းက ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ဆေးရုံက COVID-19 ပိုးကူးစက်ခံရသူ သုံးဦးကို ရေရှည်ကျန်းမာ ရေးအတွက် ပိုအဆင်ပြေနိုင်မယ့် စစ်ကိုင်းတိုင်း၊ ကလေးမြို့ဆေးရုံကိုရွေ့ပြောင်းမယ်ဆိုတာကြောင့် ကလေးမြို့ခံ တစ်ချို့နဲ့ အရပ်ဘက်အဖွဲ့ အစည်းတစ်ချို့က ကန့်ကွက်ခဲ့ကြပါတယ်။

ဒါ့အပြင် ဧပြီ ၂၂ ကလည်း ဧရာဝတီတိုင်း၊ ပုသိမ်မြို့တစ်ဘက်ကမ်းက အမှတ် ၁၀ ရပ်ကွက်ထဲက အခြေခံပညာ အလယ်တန်းကျောင်းမှာ ရန်ကုန်ကပြန်လာသူခြောက်ဦးကို သီးခြားစောင့်ကြည့်ဖို့ထားရှိတာကို ဒေသခံ ၁၀၀ ဝန်းကျင် လောက်က လူစုလူဝေးနဲ့ကန့်ကွက်ခဲ့ကြပါတယ်။

စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုတွေ လုပ်ဆောင်ပေးသလို စိတ်ပညာဆိုင်ရာသင်တန်းတွေကိုလည်း ပို့ချပေးနေတဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ Heal The World Myanmar က စိတ်ပိုင်ဆိုင်ရာနှစ်သိမ့်ဆွေးနွေးတိုင်ပင်သူ ဒေါ်သီရိနန္ဒာက ဘယ်သူကမှ ရောဂါပိုးကူးစက်တာမခံချင်တာကြောင့် ကူးစက်ခံရသူတွေကို အပြစ်မတင်သင့်ဘူးလို့ ပြောပါတယ်။
ကူးစက်ခံရသူတွေကို အပြစ်တင်ပြောဆိုတာနဲ့ ခွဲခြားဆက်ဆံခံကြတဲ့အခါမှာ “စိတ်ပိုင်းဆိုင်ရာလုံခြုံမှု မရှိတာတွေလည်း ဖြစ်နိုင်တယ်” လို့ မှတ်ချက်ပေးပါတယ်။
ရောဂါပိုးကူးစက်ခံရသူတွေဟာ အပြစ်ရှိသူတွေမဟုတ်တာကြောင့် သူတို့ကိုစာနာပေးဖို့လို အပ်တယ်လို့ ဒေါ်သီရိနန္ဒာက ဆက်ပြောပါတယ်။

ဒီလိုမှမဟုတ်ဘဲ ဝေဖန်မှုတွေနဲ့ ခွဲခြားတာမျိုးလုပ်ဆောင်နေမယ်ဆိုရင် တခြားလူတွေကလည်း “ သူ့မှာ ရောဂါ ရှိရင်တောင် သွားအစစ်ခံတာမျိုးတွေ လုပ်ချင်မှလုပ်တော့မယ်။ သီးသန့်နေ တာမျိုးတွေဖြစ်နိုင်မယ်။ ခွဲခြားခံရမှာ ကြောက်ပြီးတော့ သူတို့ရဲ့နောက်ကြောင်းကိုလိုက်ဖို့ ပိုပြီးခဲယဉ်းသွားမှာဖြစ်တယ်” လို့ သူက မှတ်ချက်ပေးပါတယ်။
ဒီလိုနောက်ကြောင်း သေချာမပြောပြခဲ့လို့ COVID-19 ရောဂါပိုးကာကွယ်ရေးလုပ်ဆောင်နေကြတဲ့ မြောက်ဥက္ကလာပ ဆေးရုံကြီးက ဆရာဝန်တွေနဲ့ သူနာပြုတစ်ချို့ဟာ သီးခြားစောင့်ကြည့်ခံခဲ့ရတဲ့ ဥပမာတွေရှိခဲ့ပါတယ်။

စိတ်ပညာရှင်ဒေါက်တာခင်မြင့်က ရပ်ကွက်ထဲသီးခြားစောင့်ကြည့်မှုထားရှိတာဟာ ရောဂါကိုတိုက်ဖျက်ဖို့လို့ ရှုမြင်စေချင်တယ်လို့ ဆိုပါတယ်။
“သူတို့ (ရပ်ကွက်မှာနေသူတွေ) အတွက်အကျိုးရှိအောင်၊ (ရောဂါကူးစက်တာ) မဖြစ်အောင် ကြိုတင်ကာကွယ် စောင့်ရှောက်တဲ့သဘောပေါ့။ တကယ်လို့ဖြစ်လာရင်လည်း အဓိကဆေးကုမှုက ချက်ချင်းရနိုင်တယ်လေ၊ အဲလို သာမဟုတ်ဘူးဆိုရင် မိသားစုတင်မကဘူး၊ ပတ်ဝန်းကျင်လည်း ဒုက္ခရောက်သွားနိုင်တယ်လေ။ ထိန်းမနိုင်သိမ်း မရတွေဖြစ်သွားနိုင်တယ်” လို့ သူက ရှင်းပြပါတယ်။

လူထုအနေနဲ့ သူတို့အပေါ်မှာခွဲခြားဆက်ဆံတာတွေ၊ နှိမ်ချဆက်ဆံတာမျိုးတွေမလုပ်ဘဲ သူတို့ကို သီးခြားထားပြီး စောင့်ရှောက်နေတယ်လို့မြင်လိုက်ရင် ဒီပြဿနာက ပြေလည်သွားမယ်လို့ ပြောပါတယ်။

စိုးရိမ်စိတ်တွေ လျော့ချဖို့လို

အခုလိုကပ်ရောဂါဖြစ်တဲ့အချိန်မှာ စိတ်ဖိစီးမှုနဲ့ကြောက်ရွံမှုတွေ ဖြစ်ပေါ်တတ်တယ်လို့ ဒေါက်တာခင်မြင့်ကဆိုပါတယ်။
ရောဂါပိုးကို ကြောက်ရွံ့ထိတ်လန့်နေတာထက် စိန်ခေါ်မှုတစ်ခုအနေနဲ့ သဘောထားပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အတိုင်း စနစ်တကျနေထိုင်မယ်ဆိုရင် ကျော်လွှားသွားနိုင်မဲ့ ကပ်တစ်မျိုးဖြစ်တယ်လို့ သူကပြောပါတယ်။

“ ပြဿနာကိုအဓိကပစ်မှတ်ထားပြီး ဘယ်လိုဖြေရှင်းမလဲဆိုတာ အရေးကြီးတာပေါ့” လို့ သူကပြောပါတယ်။
ဒေါ်သီရိနန္ဒာကလည်း လူတွေအနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို သိရှိလိုက်နာမယ်၊ ကိုယ်တိုင်လည်း အိမ်မှာနေမယ်ဆိုရင် စိုးရိမ်စရာ မရှိပါဘူးလို့ ဆိုပါတယ်။

“ ကြောက်တာက ဆိုးတာကိုဖြစ်စေသလို၊ ကောင်းတာကိုလည်းဖြစ်စေတာပေါ့။ သောကများသွားရင် စိတ်ကျပိုင်း ကိုရောက်စေတာပေါ့။ စိုးရိမ်တာကောင်းတဲ့အချက်လည်းရှိပါတယ်။ အဲဒါက သူကိုယ်တိုင်လည်း အိမ်မှာနေမယ်၊ ကျန်းမာအားရှိအောင်နေမယ်၊ စားမယ်သောက်မယ်ဆိုရင် ကိုယ်ခံအားစနစ်ကောင်းမွန်လာမှာပေါ့။ ဒါက ကောင်း တဲ့စိုးရိမ်မှုပေါ့” လို့ သူက ရှင်းပြပါတယ်။

ဆေးရုံမှာ ကုသမှုခံယူနေကြတဲ့ လူနာတွေအနေနဲ့လည်း စိတ်ပိုင်းဆိုင်ရာဖိအားတွေလျော့ကျအောင် ကိုယ်စိတ်ဝင်စားတာတွေကိုလုပ်နေရင်းနဲ့ လျှော့ချနိုင်တယ်လို့ စိတ်ပညာကျွမ်းကျင်သူတွေက အကြံပြုကြပါတယ်။ ကုသမှုခံယူနေတဲ့အချိန် ကိုယ်ပြောချင်တာတွေကို စာရွက်ပေါ်ချရေးနိုင်သလို အသက်ရှူလမ်းကြောင်းဆိုင်ရာ လေ့ကျင့်ခန်းတွေလည်းလုပ်နိုင်တယ်လို့ အကြံပြုပါတယ်။

“အဓိကတော့ ဆိုရှယ်မီဒီယာတွေမှာပြန့်နေတဲ့ ကောလာဟလတွေ မယုံကြဖို့ပေါ့၊ ရောဂါကူး စက်ခံရတိုင်းလည်း သေတာမှမဟုတ်တာ” လို့ ဒေါ်သီရိနန္ဒာကပြောပါတယ်။
လူနာအမှတ် ၃ ကလည်း ကုသမှုခံယူနေတဲ့အတောအတွင်း ရောဂါသက်သာလာတဲ့အခါ ကိုယ်ခန္ဓာကြံ့ခိုင်လာအောင် ကာယလေ့ကျင့်ခန်းတွေလုပ်ပြီး ကိုယ့်ကိုယ်ကို သန်မာအောင်နေထိုင်ခဲ့တယ်လို့ ပြောပါတယ်။

” ကျွန်တော်တစ်ယောက်တည်း ဒီရောဂါဖြစ်တာမဟုတ်ဘူး။ ကမ္ဘာမှာလည်း သိန်းနဲ့ချီဖြစ်နေတယ်ဆိုပြီး ကိုယ့်ဖာသာကိုယ် ပြန်အားပေးရတာပေါ့။ အရှုံးပေးလို့ မဖြစ်သေးဘူးဆိုပြီးပေ့ါ” လို့ သူကပြောပါတယ်။

နောက်ပြီး အပေါင်းလက္ခဏာဆောင်တဲ့ အတွေးတွေအများကြီးထည့်ပြီး ကိုယ့်စိတ်ကိုထိန်းလိုက်တယ်လို့ သူက ပြောပါတယ်။ နေ့နဲ့ညအိပ်ချိန်တွေလည်းမှားခဲ့တယ်လို့ သူကပြောပါတယ်။

သူဟာ ဝေဘာဂီအထူးကုဆေးရုံကြီးမှာ တစ်လနီးပါး ကုသမှုခံရယူခဲ့ပြီး နောက်ထပ်နှစ်ကြိမ်ဆေးစစ်ခဲ့ရာမှာ ပိုးမတွေ့တာကြောင့် ဧပြီ ၂၁ ရက်မှာ ဆေးရုံကဆင်းခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ အိမ်ပြန်ခွင့်မရသေးဘဲ အစိုးရသတ်မှတ် ထားတဲ့ သီးခြားစောင့်ကြည့်မှုနေရာမှာ နောက်ထပ် ၂၁ ရက်ထားရှိပြီး ဆက်လက်စောင့်ကြည့်မှာဖြစ်ပါတယ်။
လတ်တလောတော့ သီးခြားစောင့်ကြည့်မှုနေရာတွေမှာ လူပြည့်နေတာကြောင့် သူနဲ့ဆေးရုံဆင်းသူတစ်ချို့ဟာဝေ ဘာဂီဆေးရုံမှာပဲ နေရတယ်လို့ သူက ဧပြီ ၂၆ ရက်မှာ မော်ကွန်းကို ပြောပြပါတယ်။

ကိုဗစ်ကူးစက်ခံလူနာတွေကို ဘာပြောချင်သလဲလို့ သူ့ကိုမေးကြည့်တဲ့အခါ “အကောင်းဆုံးက ဆိုရှယ်မီဒီ ယာမသုံးနိုင်ရင် ပိုကောင်းမယ်ထင်ပါတယ်” လို့ အကြံပေးပါတယ်။ အကြောင်းကတော့ လူနာတိုးလာတဲ့သတင်း တွေနဲ့ ဝေဖန်အပြစ်တင်တာတွေက သူ့ကို စိတ်ဓာတ်ကျစေခဲ့တယ်လို့ ဆိုပါတယ်။
ပြီးတော့ ဆိုရှယ်မီဒီယာမှာ ဝေဖန်ကဲ့ရဲ့နေသူတွေကိုလည်း သူကအခုလိုဆိုလိုက်ပါတယ်။

“အကြောင်းအရာမခိုင်လုံဘဲ ရေးထားတာတွေကို ရှယ်ပြုပြီးဆဲနေကြတာကတော့ အထဲမှာနေတဲ့ လူနာတွေကို သတ်နေသလိုပဲ”


#Feature

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."