အောင်ထူးနိုင်
ရန်ကုန် ၂၀၂၀ ဇူလိုင် ၂၁ (မော်ကွန်း)
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP) အနေဖြင့် အခြားပါတီများနှင့် မိတ်ဖက်ပါတီ ဖွဲ့စည်းထားခြင်းမျိုး မရှိသေးဟု ပါတီအထွေထွေအတွင်းရေးမှူး ဦးကိုကိုနိုင်က ပြောသည်။
“မိတ်ဖက်လုပ်ထားတဲ့ ပါတီရယ်တော့ မရှိဘူးခင်ဗျ၊ တိုင်းရင်းသားပါတီတွေနဲ့ကတော့ ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးမှုတွေ ရှိပါတယ်၊ တိုင်းရင်းသားပါတီတော်တော်များများနဲ့ကတော့ သဘောထားအမြင်အရ နားလည်မှုရှိထားတယ်၊ ဒါပေမဲ့ မဟာမိတ်ရယ်လို့ ဒီလိုသတ်သတ်မှတ်မှတ်ကြီးထားတာတော့ မရှိဘူး” ဟု ၎င်းက ရှင်းပြသည်။
ပြည်နယ်များရှိဒေသခံများက ဖိတ်ခေါ်ကမ်းလှမ်းမှုများရှိသည့်အတွက် ရုံးဖွင့်ခြင်း၊ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခြင်းများ ပြုလုပ်သွားမည်ဟု ၎င်းကပြောသည်။
UBP ပါတီသည် လာမည့်ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးမဲဆန္ဒနယ်မြေ၏ လေးပုံသုံးပုံကျော်တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး လက်ရှိတွင် ကိုယ်စားလှယ်လောင်းလျှောက်ထားသူတစ်ထောင် ကျော်ရှိသည့်အနက် ၉၀၀ ကျော်ကို ရွေးချယ်သွားမည်ဖြစ်သည်။
“ကျွန်တော်တို့ သွားတဲ့သတ်မှတ်ချက်က သူ့ဒေသမှာရှိတဲ့ ဒေသခံအများစုက လိုလားလက်ခံနိုင်သူဖြစ်ရမယ်ဆိုတဲ့ သဘောထားနဲ့သွားပါတယ်”ဟု ကိုယ်စားလှယ်လောင်းရွေးချယ်ရေးနှင့်ပတ်သက်၍ ဦးကိုကိုနိုင်က ပြောသည်။
ကိုယ်စားလှယ်လောင်းအပြီးသတ်ရွေးချယ်ခြင်းကို ဆောင်ရွက်နေပြီဖြစ်ပြီး ယခုလအတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်မြေများနှင့် ကိုယ်စားလောင်းဦးရေကို တိတိကျကျထုတ်ပြန်ပေးမည်ဟု ၎င်းက ဆိုသည်။
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်းဖြစ်သူ သူရဦးရွှေမန်းက ၂၀၁၉ ဖေဖော်ဝါရီတွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။
သူရဦးရွှေမန်းသည် UBP ပါတီမတည်ထောင်မီ NLD ပါတီဝင်များ အများဆုံး အနိုင်ရထားသည့် ပြည်သူ့လွှတ်တော်တွင် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခံရပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးသူအဖြစ် လေ့လာသူများက ရှုမြင်ကြသည်။ အဆိုပါ ကော်မရှင်ဥက္ကဋ္ဌရာထူးအား လွှတ်တော်ကမဲခွဲဖယ်ရှားခံရပြီးနောက် UBP ပါတီကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
ဓာတ်ပုံ – Union Betterment Party
#Dailynews