အောင်ဆန်းတပ်မတော် အသွင်ကူးပြောင်းရေး

အောင်ဆန်းတပ်မတော် အသွင်ကူးပြောင်းရေး

၂၀၁၄၊အောက်တိုဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၇)မှ သုံးသပ်ချက်ဆောင်းပါးဖြစ်ပါသည်။

သန်းစိုးနိူင် ရေးသည်။

ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းက ဘီဘီစီ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်က ”အမှန်တော့ တပ်မတော်ကို ကျွန်မအလွန် လေးစားချစ်ခင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ တပ်မတော်ကို ကျွန်မ အဖေရဲ့ တပ်မတော်ပဲလို့ အမြဲ ကျွန်မသဘောထားခဲ့လို့ပါ”ဆိုပြီး ထုတ်ဖော်ပြောဆိုလိုက်ချိန်မှာ သူမကို လေးစားချစ်ခင်စွာ ထောက်ခံခဲ့ကြတဲ့ ပြည်သူတစ်ရပ်လုံး အံ့သြမှင်တက်မိသွားခဲ့ကြရပါတယ်။တစ်ဆက်တည်းဆိုသလို ‘တပ်မတော်နေ့’လို့ ခေါ်နေကြတဲ့ မတ်လ ၂၇ ရက်နေ့က ကျင်းပခဲ့တဲ့ စစ်ရေးပြအခမ်းအနားမှာ စစ်တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ တဝီဝီ ပျံသန်းနေပြီး တင့် ကားတွေ တဝေါဝေါဆူညံစွာ ဖြတ်သန်းနေတဲ့အချိန်က ရှေ့ဆုံး တန်းမှာ နေရာယူထားတဲ့ ဗိုလ်ချုပ်ကြီးများကြားမှာ ဒေါ်အောင် ဆန်းစုကြည်တစ်ယောက် ထိုင်နေတာ မြင်လိုက်ရတော့ စိတ်မကောင်းခြင်းကြီးစွာ ခံစားခဲ့ရပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေး စိတ်ဓာတ်အခြေခံ အပေါ်မှာ မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တပ်မတော်ကို ထိပ်တိုက်ရင်ဆိုင် မှုပြုလိုတဲ့ ဆန္ဒမရှိဘူး။ ဖြစ်နိုင်ရင် တပ်မတော်ထိပ်တန်းခေါင်း ဆောင်တွေနဲ့ ပြေလည်သင့်မြတ်ချင်တယ်။ ယုံကြည်မှုတည် ဆောက်ချင်တဲ့သဘောထားရှိတယ်ဆိုတာ နားလည်လို့ရပါ တယ်။ မြန်မာ့အာဏာအဆောက်အအုံမှာ တပ်မတော်က အချက်အချာနေရာကို ရယူထားတာကိုး။ ဒါပေမဲ့ ဒေါ်အောင် ဆန်းစုကြည်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ် အတွင်းမှာ သမ္မတဦးသိန်းစိန်နဲ့အတူ ယှဉ်တွဲဓာတ်ပုံရိုက်ကူးခွင့် ရနိုင်ခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းနဲ့လည်း အတူ သတင်းစာရှင်းလင်းပွဲ ကျင်းပနိုင်ခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တော့ ဒီနေ့၊ ဒီအချိန်အထိ မျက်နှာချင်းဆိုင်ထိုင်ပြီး ဆွေးနွေးခွင့် တစ်ကြိမ်မှ မရခဲ့သေးပါဘူး။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည် တဖွဖွတောင်းဆိုနေတဲ့ လေးပွင့်ဆိုင် တွေ့ဆုံပွဲဟာ ဒီနေ့တိုင် အကောင်အထည်မပေါ်သေးတာပေါ့။

ဒီမှာ စဉ်းစားစရာ ရှိလာတာက အမျိုးသားပြန်လည်သင့် မြတ်ရေး အခြေခံအပေါ်မှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်လိုပါတယ်ဆိုတဲ့ အာဏာပိုင်အဖွဲ့အစည်းတွေအနေနဲ့ ဘာ ကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်တို့ တွေ့ဆုံဆွေးနွေးခွင့်ရအောင် စီစဉ်မပေးနိုင်တာလဲ။ ဘာကြောင့် တပ်မတော်အာဏာပိုင်တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဆောင်ရွက်ခွင့် မပေးချင်ကြတာလဲ။ ရှင်းရှင်းပြောကြ စတမ်းဆိုရင် လက်ရှိမြန်မာ့တပ်မတော်ရဲ့ ဖခင်ဆိုသူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ထင်သလို သူ့ဖခင်ဗိုလ်ချုပ်အောင်ဆန်း မဟုတ်တော့လို့ပါပဲ။

သမိုင်းရဲ့ သရော်လှောင်ပြောင်မှု

၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ဖက်ဆစ်ဂျပန်တွေရဲ့ ဦးဆောင်မှုအောက်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ ဒီနေ့ မြန်မာ့ တပ်မတော်ဖြစ်တည်လာမယ့် ‘ဗမာ့လွတ်လပ်ရေးတပ်မတော်’ (BIA) ကို ဦးစီးထူထောင်ခဲ့တာ အမှန်ပါပဲ။ ဂျပန်ခေတ်မှာ ‘ဗမာ့ ကာကွယ်ရေးတပ်မတော်’ (BDA)အသွင် ပြောင်းလဲဖွဲ့စည်းခဲ့ တာလည်း ဗိုလ်ချုပ်အောင်ဆန်းပါပဲ။ ဂျပန်တော်လှန်ရေးကာလ ‘ဗမာ့မျိုးချစ်တပ်မတော်'(BPFၤ) ကို ဦးဆောင်တိုက်ပွဲဝင်ခဲ့တာ လည်း ဗိုလ်ချုပ်အောင်ဆန်းပါပဲ။ နောက်ဆုံး ကန္ဒီစာချုပ်အရ ‘ဗမာ့အမျိုးသားတပ်မတော်'(BNA) ဖွဲ့စည်းခဲ့ရာမှာလည်း ဗိုလ် ချုပ်အောင်ဆန်းခေါင်းဆောင်ခဲ့တာပါပဲ။ ဆိုရရင် ဒီနေ့ ‘မြန်မာ့ တပ်မတော်’ရဲ့ သွေးရင်းသားရင်း ဖခင်ရင်းအစစ်ဟာ ဗိုလ်ချုပ် အောင်ဆန်းမှတစ်ပါး အခြားမရှိပါဘူး။ ဒီအချက်ကို ဥက္ကဋ္ဌကြီး ဦးနေဝင်းကိုယ်တိုင် မ.ဆ.လပါတီညီလာခံတစ်ရပ်မှာ ဝန်ခံ ဖြောင့်ချက်ပေးခဲ့ဖူးပါတယ်။

ဒါပေမဲ့ မြန်မာ့တပ်မတော်သမိုင်းရဲ့ ထူးခြားချက်တစ်ရပ်ကတော့ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီးနောက်ပိုင်း အရေးကြီးတဲ့ နိုင်ငံရေးအချိုးအကွေ့တိုင်းမှာ ဗိုလ်ချုပ်ပြုစုပျိုးထောင်ခဲ့တဲ့ ရဲဘော်သုံးကျိပ်အပါအဝင် လုပ်ဖော်ကိုင်ဖက် ရဲဘော်ရဲဘက်အား လုံးနီးပါးဟာ တပ်မတော်ထဲက အကြောင်းအမျိုးမျိုး၊ အသွင် အမျိုးမျိုးနဲ့ ပြိုကွဲလွင့်စဉ်ထွက်သွားခဲ့ကြရပါတယ်။ အထူးသဖြင့် ပြည်တွင်းစစ်ကြီး ဖြစ်ပွားလာချိန်မှာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လရောင်နဲ့ ဗိုလ်တာရာတို့ရဲ့ ခေါင်းဆောင်မှုအောက်မှာ ဗိုလ်ချုပ် အောင်ဆန်းလွတ်လပ်ရေးတိုက်ပွဲအတွက် မွေးမြူမြေတောင် မြှောက်ထားခဲ့တဲ့ ပြည်သူ့ရဲဘော်အဖွဲ့ (PVO) တောခိုသွားခဲ့ကြ တယ်။ ဗကပတွေ တောခိုသွားချိန်မှာ ဗိုလ်ရဲထွဋ်၊ ဗိုလ်ဇေယျနဲ့ ဗိုလ်ရန်အောင်စတဲ့ ရဲဘော်သုံးကျိပ် အဖွဲ့ဝင်တွေဟာ တပ်တွင်း ပုန်ကန်မှုတွေ ပြုလုပ် ပြီး ဗကပတွေနဲ့ ဆက်သွယ်ပူးပေါင်းသွားခဲ့ ကြတယ်။ ဒါကြောင့် ၁၉၅ဝ ခုနှစ် ဝန်းကျင်ကာလမှာ ရဲဘော်သုံး ကျိပ်ထဲက ဗိုလ်နေဝင်း၊ ဗိုလ်မှူးချုပ်ကျော်ဇောနဲ့ ဗိုလ်ဗလ တို့ သုံးဦးသာလျှင် တပ်မတော်ထဲမှာ ကျန်ရစ်ပါတော့ တယ်။ ဒီအထဲက ဗိုလ်မှူးချုပ်ကျော်ဇောကို ၁၉၅၇ ခုနှစ်မှာ ဗိုလ်နေဝင်းက တပ်ထဲ မှ အရေးယူထုတ်ပစ်ခဲ့ပြန်ပါတယ်။ ဒါကြောင့်လည်း ၁၉၇၆ ခုနှစ်မှာ ဗိုလ်မှူးချုပ်ကျော်ဇောဟာ ဗကပ အရှေ့မြောက်စစ်ဒေသထဲကို ကူးပြောင်းဝင်ရောက်သွားခဲ့ခြင်းဖြစ်ပါတယ်။ ရဲဘော်သုံးကျိပ်ဝင်များဖြစ်ကြတဲ့ ဗိုလ်လကျ်ာ၊ ဗိုလ်စင်္ကြာ၊ ဗိုလ်ရန်နိုင်နဲ့ ဗိုလ်မှူးအောင်တို့လေးဦးက တော့ ၁၉၇ဝ ခုနှစ်ဝန်းကျင်မှာ ဝန်ကြီးချုပ်ဟောင်း ဦးနုခေါင်း ဆောင်တဲ့ ပြည်ချစ်အဖွဲ့ရှိရာ ထိုင်းနယ်စပ်ထဲကို ဝင်သွားခဲ့ကြ တယ်။ ဆိုရရင် ဗိုလ်ချုပ်အောင်ဆန်းဖွဲ့စည်းခဲ့တဲ့ ရဲဘော်သုံးကျိပ် ဝင်အများစုက သူပုန်ဖြစ်သွားခဲ့ကြပြီး တပ်မတော်ထဲမှာ ဗိုလ်နေဝင်းတစ်ဦးပဲ ကျန်ခဲ့တာ သမိုင်းရဲ့ သရော်လှောင်ပြောင်မှုတစ်ရပ်သာ ဖြစ်ပါလိမ့်မယ်။

သ.န.က (၄) အစိုးရ

မြန်မာ့တပ်မတော်သမိုင်းကို ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် လွတ်လပ်ရေးရအောင် တိုက်ယူပေးခဲ့တဲ့ တပ်မတော်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တပ်မတော်ဖြစ်ခဲ့ပြီး ပြည်တွင်းစစ်ကာလတစ် လျှောက်မှာ ထူထောင်ကြီးထွားလာတဲ့ တပ်မတော်ဟာ ဗိုလ်ချုပ်နေဝင်းရဲ့ တပ်မတော်လို့ ကောက်ချက်ချရပါလိမ့်မယ်။ ဒေါက်တာ မောင်မောင်ရဲ့အဆိုအရ ဗိုလ်ချုပ်နေဝင်း ၁၉၄၉ ခုနှစ်မှာ ကာ ကွယ်ရေးဦးစီးချုပ်တာဝန် စတင်ယူခဲ့စဉ်က မြန်မာ့တပ်မတော် အတွင်း ပုန်ကန်ခွဲထွက်ခဲ့မှုများကြောင့် အင်အားနှစ် ထောင်ကျော်မျှသာရှိတဲ့ အင်အားချည့်နဲ့ နေတဲ့ တပ်ရင်းတပ်ဖွဲ့တချို့သာ ကျန်ပါတော့ တယ်။ ဒီအခြေအနေကနေ ဗိုလ်ချုပ် နေဝင်းဟာ သူ့ရဲ့ လက်ရင်းတပ်ဖြစ်တဲ့ ‘သ.န.က (၄)'(4th Burma Riffle) တပ်ရင်းကို အခြေပြုပြီး မြန်မာ့တပ်မတော်ကို ပြန်လည်စုစည်းတိုးချဲ့ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတော်အရင်းအမြစ်အလုံးစုံကို သုံးစွဲကာ ပြည်တွင်းစစ်ကို အရှိန်အဟုန်မြှင့်တိုက်ခိုက်ရင်း အင်အား ကြီးထွားလာတဲ့ မြန်မာ့တပ်မတော်က ဗိုလ်ချုပ်နေဝင်းရဲ့ ဦးဆောင်မှုနဲ့ ၁၉၆၂ ခုနှစ်မှာ အာ ဏာသိမ်းလိုက်ပါတယ်။ အဲဒီအချိန်က စစ်အာဏာသိမ်းလိုက်တဲ့ တော်လှန်ရေးကောင်စီ အစိုးရကို နိုင်ငံရေးလောကမှ ‘တပ်ရင်း (၄)’အစိုးရလို့ ခေါ်ဝေါ်သမုတ်ခဲ့ကြတယ်။ အကြောင်းကတော့ တော်လှန်ရေးအစိုးရရဲ့ ထိပ်ပိုင်းရာထူးမှန်သမျှ သ.န.က (၄) ထွက် အရာရှိများကချည်း ရယူထားကြလို့ပါ။ တော်လှန်ရေး ကောင်စီ ဒု-ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်အောင်ကြီး၊ ဗိုလ်မှူးချုပ်တင်ဖေနဲ့ ဗိုလ်မှူး ကြီးကျော်စိုးတို့အားလုံးဟာ သ.န.က (၄) ထွက် အရာရှိ တွေချည်းပါပဲ။ ပညာရေးနဲ့ ကျန်းမာရေးတာဝန်ခံ ဗိုလ်မှူးကြီးလှ ဟန်တောင်မှ သ.န.က (၄) မှာ ဆေးမှူးလုပ်ခဲ့ဖူးသူပါ။

၁၉၇ဝ-၈ဝ ခုနှစ်များအတွင်း အခြားတပ်ရင်းတပ်ဖွဲ့တွေက တက်လာခဲ့ကြတဲ့ အဆင့်မြင့်အာဏာပိုင်အဖွဲ့အစည်းဝင်တွေ တဖြည်းဖြည်းအာဏာရအဝန်းအဝိုင်းထဲက ဆွဲထုတ်ခံနေရချိန် မှာတောင် သ.န.က (၄)က လာတဲ့ ပုဂ္ဂိုလ်တွေကတော့ အာဏာ အရှိန်အဝါအဆင့် တဖြည်းဖြည်း မြင့်မားကြီးထွားလာနေကြဆဲ ပါပဲ။ သ.န.က (၄)မှာ တပ်ခွဲမှူးတာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူး စိန်လွင်ဟာ ၁၉၈၈ ခုနှစ် အရေးအခင်းကာလအတွင်းမှာတင် အချိန်ပိုင်းသမ္မတကြီး ဖြစ်ခွင့်ရလိုက်ပါသေးတယ်။ ဗိုလ်မှူးကြီး အေးကိုကတော့ မ.ဆ.လပါတီကြီးရဲ့ အထွေထွေအတွင်းရေးမှူး ဘဝနဲ့ ကွယ်လွန်ခဲ့ရသူပါ။ သစ္စာတော်ခံ ဗိုလ်ချုပ်ကြီးကျော်ထင် ကလည်း ၁၉၇၆-၁၉၈၅ ခုနှစ်အထိ ကာကွယ်ရေးဦးစီးချုပ် လုပ် ခွင့်ရခဲ့ပါတယ်။ ဦးထွန်းတင်ကလည်း ဒုတိယဝန်ကြီးချုပ်အထိ တာဝန်ထမ်းခွင့်ရခဲ့ပါသေးတယ်။ နောက်ဆုံး ဦးနေဝင်းရဲ့ အိမ် တော်ပါစားဖိုမှူး ရာဂျူးဆိုတဲ့ ကုလားတောင် တပ်ရင်း (၄)ကပါ။

နိုင်ငံရေးအမွေ

ဒီနေ့၊ ဒီအချိန်မှာတော့ သ.န.က (၄) တပ်ရင်းကို ကိုယ်စား ပြုအာဏာအမွေဆက်ခံသူတွေ အာဏာရအဝန်းအဝိုင်းထဲမှာ မရှိကြတော့ပါဘူး။ ဒါပေမဲ့ ဦးနေဝင်းလွှဲပြောင်းပေးခဲ့တဲ့ နိုင်ငံရေး အမွေကတော့ သူထူထောင်ခဲ့တဲ့ တပ်မတော်ထဲမှာ အခိုင်အမာ တည်ရှိနေဆဲပါ။ ‘တပ်မတော်မှာ နိုင်ငံတော်ကာကွယ်ရေးတာဝန် သာမက နိုင်ငံရေးတာဝန်ပါ ထမ်းဆောင်ဖို့ လိုအပ်တယ်’ဆိုတဲ့ အယူအဆဟာ ၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ မိတ္ထီလာတပ်မှူး များညီလာခံမှာ ဗိုလ်ချုပ်နေဝင်းဦးဆောင်ချမှတ်ခဲ့တာဖြစ်ပါ တယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပါဝင်နေတဲ့ ‘တပ်မ တော်ရဲ့ နိုင်ငံရေးဦးဆောင်မှုအခန်းကို ထိန်းသိမ်းရေး’ဆိုတာ ဗိုလ်ချုပ်နေဝင်းလက်ဆင့်ကမ်းပေးခဲ့တ ဲ့Ideology အမွေသာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ တပ်မတော်ကတော့ စစ်တပ်ရဲ့ အဓိကတာဝန်ဟာ နိုင်ငံတော်ကာကွယ်ရေးသာဖြစ်ပြီး နိုင်ငံရေး မှာ စစ်တပ်လုံးဝမပါဝင်၊ မပတ်သက်ရေးသာဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ‘တပ်မတော်ရဲ့ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့အားလုံးကို ထိန်းသိမ်းမြှင့်တင်ပေးရေးဟာ လွှတ်တော်မှာ သာ အလုံးစုံတာဝန်ရှိတယ်’လို့ အတိအလင်းပြဋ္ဌာန်းခဲ့တာ ဖြစ်ပါ တယ်။ ဒါတွေကြောင့်လည်း နိုင်ငံရေးလုပ်ချင်တဲ့ ဗိုလ်ချုပ်အောင် ဆန်းဟာ စစ်ဦးစီးချုပ်ရာထူးက လုံးဝနုတ်ထွက်ပြီး ဖ.ဆ.ပ.လ ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းရယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဗိုလ် ချုပ်အောင်ဆန်းရဲ့ သဘောထားအယူအဆနဲ့ ထူထောင်ခဲ့တဲ့ တပ်မတော်ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ ပြိုလဲသွားခဲ့ပြီ ဖြစ်ပြီး သ.န.က (၄) ကို အခြေပြုပြီး ဖွဲ့စည်းထူထောင်ခဲ့တဲ့ ဗိုလ်ချုပ်နေဝင်းရဲ့ တပ်မတော်သာ လွတ်လပ်ရေးခေတ် ပြည်တွင်းစစ်  သမိုင်းတစ်လျှောက်လုံး ကြီးစိုးလွှမ်းမိုးခဲ့တယ်ဆိုတာကို ရှင်းရှင်း လင်းလင်းနားလည်သဘောပေါက်ဖို့ လိုပါတယ်။

ဒီလိုမှ ရှင်းရှင်းလင်းလင်း နားလည်သဘောမပေါက်ထား ရင်  ဘာကြောင့် မြန်မာပြည်မှာ စစ်အာဏာရှင်စနစ် ရေရှည်ကြီး စိုးလွှမ်းမိုးခဲ့တာလဲ။ ဘာကြောင့် ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာနဲ့ ပြည်သူတွေကို နှိမ်နင်းသတ်ဖြတ်နေကြတာလဲ။ ဘာကြောင့် အမျိုး သားနိုင်ငံရေးဦးဆောင်မှုအခန်းကို တပ်မတော်က ရယူချင်တာလဲ။ ဘာကြောင့် ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ပေးဖို့ တောင်း ဆိုနေကြတယ်ဆိုတဲ့ ပြဿနာတွေရဲ့ သမိုင်းဇာစ်မြစ်၊ နိုင်ငံရေး ဇာစ်မြစ်ကို သိမြင်နားလည်နိုင်ကြမှာ မဟုတ်ပါဘူး။ ဒီပြဿနာ အလုံးစုံကို ဖြေရှင်းနိုင်ဖို့ အရင်ဆုံးလုပ်ကြရမှာ တပ်မတော်ကို ဗိုလ်ချုပ်အောင်ဆန်းတပ်မတော်အဖြစ် ပြုပြင်ပြောင်းလဲနိုင် အောင်ကြိုးပမ်းကြရမှာပါ။

ယခုအချိန်မှာ ဒီအနေအထားကို သဘောပေါက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ လူထုဟောပြောပွဲတွေမှာ တပ်မတော်ကို ၂ဝဝ၈ ဖွဲ့စည်းပုံပြုပြင် ပြောင်းလဲရေးလှုပ်ရှားမှုမှာ ရဲဝံ့သတ္တိရှိစွာ ပါဝင်လာဖို့ စိန်ခေါ် တောင်းဆိုလာခဲ့ခြင်းဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် အရေး ပါတဲ့ ခြေလှမ်းသစ်တစ်ရပ် လှမ်းလိုက်တာပါပဲ။ ပခုက္ကူက သိန်းချီ ရှိနေတဲ့ လူထုရှေ့မှောက်မှာ ”သေနတ်ရှိလို့ သတ္တိရှိတယ်ဆိုတာ တကယ့်သတ္တိမဟုတ်ပါဘူး။ တပ်မတော်အနေနဲ့ သတ္တိရှိရှိနဲ့ မှန် ကန်တဲ့ လမ်းကြောင်းပေါ်ကို ရဲရဲလှမ်းတက်လိုက်ပါ”ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲဝံ့တဲ့ စိန်ခေါ်တောင်းဆိုသံဟာ မြန်မာ့ ဒီမိုကရေစီမိုးယံတိုင် လှုပ်ရှားလွင့်ပျံနေပါလိမ့်မယ်။ ဒါဟာ မြန် မာ့တပ်မတော်ကို စစ်အာဏာရှင်ကြီးများရဲ့ လက်ကိုင်တုတ် အဖြစ်ကနေ ပြည်သူလူထုလေးစားယုံကြည်ချစ်ခင်တဲ့ ‘အောင် ဆန်းတပ်မတော်’အဖြစ် ပြုပြင်ပြောင်းလဲရေးမှာ အလွန်အရေးပါ တဲ့ ခြေလှမ်းသစ်တစ်ရပ်ကို ဒေါ်အောင်ဆန်းစုကြည်က ရဲရဲတက် လှမ်းလိုက်တာဖြစ်ပါတယ်။

[ ပြီးပါပြီ။ ]

 

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."