ညီလာခံထက်က အက်သံများ

၂၀၁၆-ဖေဖေါ်ဝါရီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၃၂)မှ သုံးသပ်ချက်ဆောင်းပါး ဖြစ်ပါသည်။

သန်းစိုးနိုင် ရေးသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ သတ်မှတ်ချက် အရ ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ဇန်နဝါရီ ၁၂ ရက်ကနေ ၁၆ ရက် အထိ ကျင်းပခဲ့ကြပါတယ်။ ညီလာခံမှာ နိုင်ငံ ရေး၊ စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေး၊ မြေယာ နှင့် သဘာဝ ပတ် ဝန်းကျင်ဆိုပြီး ကဏ္ဍငါးခုကို အစုအဖွဲ့ငါးခုက ဆွေးနွေးတင်ပြကြပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို အစိုးရကိုယ်စား လှယ် ၇၅ ဦး၊ လွှတ်တော်ကိုယ်စားလှယ် ၇၅ ဦး၊ တပ်မတော်သား ကိုယ်စားလှယ် ၁၅ဝ ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ် စားလှယ် ၁၅ဝ ဦး၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် ၁၅ဝ ဦး၊ တိုင်းရင်းသားကိုယ်စားလှယ် ၅ဝ ဦးနဲ့ အခြား ဖိတ်ကြားသူ ၅ဝ ဦး၊ စုစုပေါင်း ကိုယ်စားလှယ် ၇ဝဝ ဦး တက်ရောက် ပါဝင်ဆွေးနွေး ကြပါတယ်။

သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့လက်ထက် ၂ဝ၁၁၊ ဇွန်လမှာ တပ်မတော်နဲ့ ငြိမ်းချမ်းရေးရယူထားတဲ့ KIA အဖွဲ့တွေအကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။ ဒီနောက် သြဂုတ်လထဲ မှာ အစိုးရက အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းခဲ့ပြီး တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးနဲ့ ပြည်နယ်အဆင့် ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့တယ်။၂ဝ၁၃ မှာတော့ အစိုးရနဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် ၁၄ ဖွဲ့နဲ့ ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးခဲ့ကြတယ်။

၂ဝ၁၃၊ အောက်တိုဘာ လကုန်ပိုင်းက KIO ဌာနချုပ် တည်ရှိရာ ကချင်ပြည်နယ်၊ လိုင်ဇာစခန်းမှာ UNFC အဖွဲ့ ထိပ် သီးခေါင်းဆောင်များအစည်းအဝေး ကျင်းပနိုင်ခဲ့ကြတယ်။ ဒီ အစည်းအဝေးက ဖွဲ့စည်းပေးလိုက်တဲ့ UNFC ကိုယ်စားလှယ် အဖွဲ့နဲ့ အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) တို့ နိုဝင်ဘာလထဲမှာ တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) ချုပ်ဆိုနိုင်ဖို့ စေ့စပ်ညှိနှိုင်း ခဲ့ကြတယ်။

၂ဝ၁၅၊ သြဂုတ်မှာတော့ အစိုးရနဲ့ UNFC တို့အကြား NCA စာချုပ်ကို အပြီးသတ် နှစ်ဖက်သဘောတူ ရေးဆွဲနိုင်ခဲ့ကြ ပါတယ်။ ဒါပေမဲ့ ကိုးကန့်အရေးအခင်းပြီး နောက်ပိုင်းမှာ တပ်မ တော်က ကိုးကန့်အဖွဲ့၊ တအာင်းပလောင်အဖွဲ့ (TNLA)၊ ရခိုင် တပ်မတော် (AA)တို့ကို NCA စာချုပ် လက်မှတ်ထိုးရာမှာ ပါဝင်ဖို့ သဘောမတူခဲ့ပါဘူး။ တပ်မတော်က NCA လက်မှတ်ထိုး ရာမှာ ဒီအဖွဲ့တွေကို ပါဝင်ခွင့်မပြုရင် KIA ကလည်း လက်မှတ် မထိုးနိုင်ဘူးဆိုတဲ့ သဘောထားကို ဆုပ်ကိုင်ထားခဲ့တယ်။

ဒီလိုနဲ့ UNFC အဖွဲ့ထဲမှာ အားလုံးပါဝင်ခွင့်မရရင် NCA လက်မှတ် မထိုးနိုင်ဘူးဆိုတဲ့ အဖွဲ့တွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါကြောင့် ၂ဝ၁၅၊ အောက်တိုဘာ ၁၅ ရက်မှာ တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့အစည်း ၂၁ ဖွဲ့ ရှိတဲ့အနက် ရှစ်ဖွဲ့သာ အစိုးရနဲ့ NCA စာချုပ် လက်မှတ်ရေးထိုးရာမှာ ပါဝင်နိုင်ခဲ့ကြပါတယ်။

အကျိုးဆက်ကတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုပြီးခဲ့ပေမယ့် သေနတ်သံတွေ ဆက်လက်ဟိန်းညံ နေခဲ့သလို စစ်ဘေးဒုက္ခသည်တွေလည်း ယမ်းငွေ့ကြားမှာ ပြေး လွှားနေကြရဆဲပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် NCA စာချုပ်ပါ သဘော တူညီချက်တွေအရ အစိုးရနဲ့ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့ တွေဟာ နိုင်ငံရေးမူဘောင် ချမှတ်ရေးလုပ်ငန်းစဉ်တွေ ဆက် လက်လုပ်ဆောင်ခဲ့ကြရသလို နိုင်ငံရေးဆွေးနွေးပွဲအတွက် ပြည် ထောင်စုငြိမ်းချမ်းရေး ညီလာခံကိုလည်း ဆက်တိုက် အကောင် အထည်ဖော်ခဲ့ကြပါတယ်။

အက်ကြောင်းများ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးဆိုပေမယ့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး ပါဝင်နိုင်ခြင်း မရှိတဲ့ အတွက် ပြည်ထောင်စုလက္ခဏာ မဆောင်နိုင်သေးဘူးလို့ အချို့ က အကဲဖြတ်ခဲ့ကြပါတယ်။ ညီလာခံကျင်းပရေးအဖွဲ့က NCA လက်မှတ်ရေးထိုးခြင်း မပြုသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို ဖိတ်ကြားခဲ့ပါတယ်။

ဒါပေမဲ့ လေ့လာသူဧည့်သည်တွေအနေနဲ့ ဖိတ်ကြားတာ သာဖြစ်လို့ ပါဝင်ဆွေးနွေးခွင့်မရှိတဲ့အတွက် တန်းတူမှုမရှိ၊ ခွဲခြား ဆက်ဆံတာဖြစ်တယ်ဆိုပြီး ညီလာခံတက်ရောက်ဖို့ ငြင်းဆန်ခဲ့ ကြပါတယ်။ ညီလာခံကိုယ်စားလှယ်စုဖွဲ့ မှု ပုံစံမှာလည်း တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေက အစိုးရ၊ လွှတ်တော်၊ တပ်မတော် တစ်စု၊ တိုင်းရင်းသားလက်နက်ကိုင်တစ်စု၊ နိုင်ငံရေးပါတီများ တစ်စု အားလုံးသုံးစုသာ စုဖွဲ့လိုတဲ့ ဆန္ဒရှိခဲ့ကြပေမယ့် အစိုးရက တပ်မတော်ကို သီးခြားတစ်စုအဖြစ် ခွဲထုတ်ပြီး အစုအဖွဲ့ ငါးဖွဲ့ စုစည်းစေခဲ့ပါတယ်။

ဒီအစုအဖွဲ့တွေရဲ့ ကိုယ်စားလှယ် အချိုးအစား၊ ဖွဲ့စည်းပုံက လည်း ညီညွတ်မျှတမှုမရှိဘူးလို့ ဆိုပါတယ်။ ညီလာခံမှာ အရေး ကြီးတဲ့ နိုင်ငံရေးနဲ့ လုံခြုံရေး ပြဿ      နာတွေ ဆွေးနွေးမယ်ဆိုရင် တက်ရောက်သူ စုစုပေါင်းရဲ့ အနည်းဆုံး ၇၅ ရာခိုင်နှုန်းအထက် ထောက်ခံမဲရမှသာ ဆုံးဖြတ်ချက်ချနိုင်မှာဖြစ်ပါတယ်။ ဒီသဘော အရ ကိုယ်စားလှယ်ပေါင်း ၇ဝဝ ရှိတဲ့အထဲ ၅၅ဝ (၇၅ ရာခိုင်နှုန်း အထက်) ထောက်ခံမဲရဖို့ လိုအပ်ချိန်မှာ တပ်မတော်ကိုယ်စား လှယ်က ၁၅ဝ ပါဝင်နေပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံရဲ့ ပုဒ်မ ၄၃၆ လိုပဲ တပ်မတော်က မထောက်ခံရင် ဘယ်အရေးကြီးတဲ့ ဆုံးဖြတ်ချက် မှ ချလို့မရအောင် စုဖွဲ့ထားတဲ့ ပုံစံဖြစ်ပါတယ်။

နိုင်ငံရေးအစုအဖွဲ့ဆိုရာမှာလည်း ရွေးကောက်ပွဲမှာ တောင် ပြိုကမ်းပြိုအနိုင်ရထားတဲ့ NLD ပါတီက ငါးယောက်သာ ကိုယ် စားပြုခွင့်ရတယ်ဆိုတာတော့ အတော်ရယ်စရာကောင်းတဲ့၊ တရားမျှတမှုမရှိတဲ့ အချိုးအစားနဲ့ စုဖွဲ့ မှုလို့ ပြောရမှာပါပဲ။

ဒီညီလာခံမှာ အဓိက သိသာထင်ရှားတဲ့ သဘောထားကွဲ လွဲမှုအက်ကြောင်းကို နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင် ရာ အခြေခံမူတွေ ဆွေးနွေးရာမှာ မြင်တွေ့ကြရပါတယ်။

တပ်မတော်ကိုယ်စားလှယ် ၁၅ဝ အနက် တစ်ဦးတည်း သော အရပ်သား ကိုယ်စားလှယ်ဖြစ်တဲ့ အငြိမ်းစား ဒုတိယဗိုလ် ချုပ်ကြီး ဦးခင်ဇော်ဦးက နိုင်ငံတိုင်းမှာ တပ်မတော်တစ်ရပ်တည်း ရှိရမယ်။ တချို့နိုင်ငံတွေမှာ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်း ခြင်းလုပ်ငန်းကို တစ်ပြည်လုံးအတိုင်းအတာနဲ့ လုပ်ကြတာရှိပေ မယ့် မြန်မာနိုင်ငံမှာတော့ ဒီလိုလုပ်စရာမလိုဘဲ လိုအပ်တဲ့ နေရာ လောက်မှာပဲ လုပ်မှာပါ။ ဒီလုပ်ငန်းကို လုပ်တဲ့နေရာမှာ တပ်မ တော်အနေနဲ့ (DDR/SSR) လက်နက်စွန့်၊ တပ်ဖျက်၊ ပြန်လည် ပေါင်းစည်းခြင်းမူအတိုင်း ကျင့်သုံးသွားမှာဖြစ်ပါတယ်။ ဒါကို ချက်ချင်းလုပ်ဖို့ မဟုတ်ဘဲ Timeline တော့ ရှိပါလိမ့်မယ်။ အမြင် မတူတာတွေ ရှိနိုင်ပေမယ့် ယုံကြည်မှုတည်ဆောက်သွားဖို့တော့ လိုပါလိမ့်မယ်လို့ ဆွေးနွေးတင်ပြသွားပါတယ်။

တစ်ချိန်တည်းမှာ KNU အဖွဲ့အစည်းဘက်ကလည်း နောင်လာမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံဆိုင်ရာ အခြေခံမူသဘောတွေကို တင်ပြသွားမယ်။ နောက် မှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ လုံခြုံရေးဆိုင်ရာမူတွေ၊ တပ်မတော်အပါ အဝင် လက်နက်ကိုင်အင်အားတွေ စုဖွဲ့ မှုပုံစံတွေကို ဆက်လက် ဆွေးနွေးသွားရမှာဖြစ်ပါတယ်။ တချို့တိုင်းပြည်တွေမှာ တပ်မ တော်ရှိသလို ပြည်နယ်လုံခြုံရေးတပ်တွေလည်း ရှိတတ်ပါတယ်။ အဲဒါတွေက နိုင်ငံရေးအာမခံချက်ရှိလာတဲ့ အခြေအနေအောက် မှာ တစ်ဆင့်ချင်းတည်ဆောက်သွားရမယ်လို့ မြင်ကြောင်း တင်ပြ သွားပါတယ်။

ဒီသဘောထားတွေကို ကြည့်ရင် ပြည်ထောင်စုတပ်မ တော်ဖွဲ့စည်းရေးမှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အမြင်ဟာ မိုးနဲ့ မြေလို ကွာဟနေတာ တွေ့ရ နိုင်ပါတယ်။ NCA လက်မှတ်ထိုးထားတဲ့ KNU လို အဖွဲ့မျိုးနဲ့ တောင် ညှိနှိုင်းဖို့ အခက်အခဲရှိရင် ‘ဝ’အဖွဲ့ (UWSA)တို့၊ KIA တို့လို NCA လက်မှတ်မထိုးထားတဲ့ အင်အားကြီးလက်နက်ကိုင် အဖွဲ့တွေနဲ့ဆို ပိုပြီး ညှိနှိုင်းဖို့ မလွယ်လှပါဘူး။ ဒါကြောင့် တိုင်း ရင်းသားတွေရဲ့ ဖက်ဒရယ်တပ်မတော်ထူထောင်ရေး အယူအဆ ဟာ အဓွန့်ရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ အဓိကအတားအဆီးပြဿ       နာကြီး ဖြစ်လာနိုင်ပါတယ်။

ဒီအယူအဆကို တပ်မတော်အနေနဲ့လည်း လက်ခံနိုင်စရာ အကြောင်း မရှိပါဘူး။ ဆွေးနွေးလိုက်၊ စစ်ပြန်တိုက်လိုက်နဲ့ အဆိုး ကျော့သံသရာ ရှည်ကြာသွားနိုင်ပါတယ်။ ငြိမ်းချမ်းရေးညီလာခံ ကို ၃-၅ နှစ်အထိ ကြာနိုင်တယ်လို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီက မှန်းဆထားပေမယ့် ဆယ် စုနှစ်နဲ့ချီပြီး ကြာသွားနိုင်စရာအကြောင်းလည်း ရှိပါတယ်။

ယခုအချိန်မှာ တပ်မတော်ကရော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေကပါ ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေး ကို မူအရ သဘောတူထားကြပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်လို ဖက်ဒရယ်ပြည်ထောင်စုမျိုး ထူထောင်မှာလဲဆိုတဲ့ အပိုင်းမှာ တော့ တိကျရေရာတဲ့ ပုံသဏ္ဌာန် မရှိသေးပါဘူး။ မူသဘောအရ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာလောက်ပဲ ပြောနိုင်ကြ ပါသေးတယ်။

နိုင်ငံရေးတန်းတူမှု၊ စီးပွားရေးတန်းတူမှု၊ လူမှုရေးတန်း တူမှုဆိုတာကို လက်တွေ့ ဘယ်လိုပုံဖော်ကြမှာလဲ။ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ဆိုတာကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆို အကောင်အထည် ဖော်ကြမှာလဲဆိုတဲ့ နိုင်ငံရေးပြဿ       နာများစွာ ဆွေးနွေးညှိနှိုင်း သွားကြရဦးမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံမှာ SNLD ပါတီက လူမျိုးအလိုက် ပြည်နယ်တွေ ခွဲခြားဖွဲ့စည်းဖို့ တန်းတူရေးမူအရ ဗမာတွေလည်း ပြည်နယ်တစ်နယ်အဖြစ် ပါ ဝင်တဲ့ ရှစ်ပြည်နယ် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ အဆို ပြုတင်ပြသွားပါတယ်။

တစ်ချိန်တည်းမှာ ဝ၊ ပအိုဝ်း၊ ပလောင်တို့ကလည်း ပြည် နယ်အဆင့်အတန်းပေးဖို့ အသီးသီး တောင်းဆိုသွားကြတာတွေ ရှိပါတယ်။ ဒီလိုမတူတဲ့ တောင်းဆိုမှုတွေဟာ မြန်မာပြည်ရဲ့ ပကတိအခြေအနေနဲ့ ကိုက်ညီရဲ့လား၊ တပ်မတော်ကရော လက်ခံ နိုင်ပါ့မလားဆိုတာ စဉ်းစားဆွေးနွေးစရာ ပြဿ       နာများစွာ ရှိပါ တယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံအရ တပ်မတော်က သဘောမတူရင် ဘယ် လိုပြုပြင်ပြောင်းလဲရေးမှ လုပ်လို့ရစရာ အကြောင်းမရှိပါဘူး။

NLD ရဲ့ ငြိမ်းချမ်းရေးသဘောထား

ရွေးကောက်ပွဲ မတိုင်မီကတည်းက NLD အစိုးရဖွဲ့ပြီးတာ နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ပထမ ဦးစားပေးရမယ့် ကိစ္စဖြစ် တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပြီးဖြစ်ပါတယ်။

တိုင်းရင်းသားအခွင့်အရေးတွေ အပြည့်အဝရရှိရေးအတွက် ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ လိုအပ်သလို ဒုတိယပင်လုံညီလာခံကျင်းပပြီး ထာဝရငြိမ်းချမ်းရေးအတွက် လိုအပ်ချက်တွေ ဆွေးနွေးဆုံးဖြတ် ကြရမယ်။ လက်နက်ကိုင် ပဋိပက္ခတွေရဲ့ အရင်းအမြစ်တွေကို ဖယ်ရှားပြီး အာဃာတကင်းစင်တဲ့ အမျိုးသားရင်ကြားစေ့ရေး စိတ်ဓာတ်နဲ့ ပင်လုံညီလာခံလို နိုင်ငံရေးဆွေးနွေးပွဲတွေက တစ်ဆင့် တိုင်းရင်းသားအချင်းချင်းအကြားရှိ ပြဿ       နာတွေကို ဖြေရှင်းရင်း ပြည်သူ့ဘဝလုံခြုံအေးချမ်း စေရမယ်။ အပစ်အခတ် ရပ်စဲရေးစာချုပ်မှာ အားလုံးပါဝင်နိုင်အောင် ကြိုးစားပြီး ပိုမိုခိုင် မာကောင်းမွန် အောင် လုပ်ရမယ်။ တိုင်းရင်းသားအဖွဲ့အစည်းအချင်းချင်းအကြား စိတ်ဝမ်းကွဲပြားစေနိုင်တဲ့ အပြုအမူတွေကို ရှောင်ရှားရမယ်ဆိုတဲ့ သဘောထားတွေ ချမှတ်ထားပြီး ဖြစ် ပါတယ်။

ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရရှိမှုကို NCA စာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေရော လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေကပါ ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။ အင်အားကြီးလက်နက်ကိုင်အဖွဲ့ဖြစ် တဲ့’ဝ’အဖွဲ့ (UWSA) က ဒေါ်အောင်ဆန်းစုကြည်ကို ဝနယ်မှာ လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ခဲ့သလို NCA စာချုပ် လက်မှတ်မထိုးရသေးတဲ့ UNFC အဖွဲ့ဝင်တွေက လည်း NLD ပါတီ ကို ကြိုဆိုထောက်ခံတဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ ပြဿ       နာက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချင်းချင်းကြားမှာ စိတ်ဝမ်းကွဲပြားမှုတွေ ရှိနေကြတာပါပဲ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းအများဆုံးပါဝင်တဲ့ UNFC အဖွဲ့ကြီးမှာ NCA လက်မှတ်ထိုးသူနဲ့ မထိုးသူ နှစ် ခြမ်းကွဲနေတယ်။ အင်အားအကြီးမားဆုံး ‘ဝ’အဖွဲ့ (UWSA) နဲ့ UNFC တို့လည်း ခိုင်မာစွာ မပေါင်းစပ်နိုင်ကြသေးပါဘူး။ အဆိုး ဆုံးကတော့ RCSS/SSA (ရှမ်း)အဖွဲ့က SSPP/SSA (မြောက် ပိုင်း)၊ တအာင်းပလောင်အဖွဲ့တွေရဲ့ နယ်မြေတွေထဲကို တပ်မတော်အားပေးမှုနဲ့ ထိုးဖောက်ဝင်ရောက်ပြီး တိုက်ပွဲတွေ ဖြစ်ပွား နေတယ်ဆိုတဲ့ သတင်းတွေပါပဲ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်းအကြား မညီ ညွတ်၊ မစည်းလုံးနိုင်တဲ့အပြင် စစ်ရေးပဋိပက္ခတွေအထိ ဖြစ်နေ ကြပြီဆိုရင် အားလုံးမျှော်မှန်းနေကြတဲ့ ငြိမ်းချမ်းရေးမရနိုင်ရုံမက ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ ရွှေပြည်တော်ကလည်း မျှော်တိုင်း ဝေးနေပါလိမ့်မယ်။ ဒါကြောင့်လည်း NCA လက်မှတ်မထိုးရသေး တဲ့ UNFC အစည်းအဝေးမှာ ဥက္ကဋ္ဌ၊KIA ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ‘နောင်တက်လာမယ့် အစိုးရကို လူထုက ရွေးချယ် တဲ့ ခေါင်းဆောင်က ဦးဆောင်မှာ ဖြစ်တဲ့အတွက် မိမိ တို့ တိုင်းရင်း သားလက်နက်ကိုင်တွေဘက်က မဟာဗျူဟာ၊ နည်းဗျူဟာကျကျ မှန်မှန်ကန်ကန် မလုပ် ဆောင်ရင် ပြည်သူလူထုနဲ့ နိုင်ငံ တကာရဲ့ စာနာထောက်ခံမှု ကျဆင်းသွားနိုင်တယ်ဆိုတဲ့ အချက် ကို သတိချပ်ဖို့လိုတယ်’လို့ ထောက်ပြသတိပေးလိုက်ပါတယ်။

ဆိုရရင် သမ္မတဦးသိန်းစိန် ဦးဆောင်ကျင်းပတဲ့ ပြည်ထောင် စုငြိမ်းချမ်းရေးညီလာခံကြီးက ရည်ရွယ်မျှော်မှန်းခဲ့သလို ထာဝရ ငြိမ်းချမ်းရေးအတွက် အုတ်မြစ်ချမပေးနိုင်ခဲ့ရုံမျှမက အက်သံ တွေ ညံနေခဲ့သလို သေနတ်သံတွေလည်း ထွက်နေဆဲပါပဲ။ ဒါ ကြောင့် အားလုံးရဲ့ မျှော်လင့်ချက်ကတော့ နောင်တက်လာမယ့် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အစိုးရသစ်လက်ထက် မှာ ကျင်းပမယ့် ‘၂၁ ရာစု ပင်လုံညီလာခံကြီး’မှာ ထာဝရငြိမ်းချမ်း ရေးအတွက် အခြေခံအုတ်မြစ်တွေကို ခိုင်ခိုင်မာမာ ချမှတ်သွား နိုင်ဖို့ပါပဲ။    ။

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."