ရန်ကုန်- ၂၀၂၅ ဖေဖော်ဝါရီ ၁၉ (မော်ကွန်း)
စစ်ကောင်စီနဲ့သူတို့ကြား တရုတ်နိုင်ငံဆွေးနွေးပွဲမှာ တောင်းဆိုမှုအပြန်အလှန်လုပ်ခဲ့ကြပေမယ့် အဖြေမထွက်တာကြောင့် နှစ်ရက်အကြာမှာ ဆွေးနွေးပွဲရပ်ဆိုင်းခဲ့တယ်လို့ တအာင်းတပ်(TNLA)က ဒီကနေ့ထုတ်ပြန်ပါတယ်။
တရုတ်အစိုးရရဲ့စီစဉ်မှုအရ မြန်မာနဲ့ နယ်စပ်ထိနေတဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့က ဟိုင်ဂင်ဟိုတယ်မှာ ဆွေးနွေးခဲ့ကြတာလို့ TNLA က ပြောပါတယ်။
ဆွေးနွေးပွဲမှာ သူတို့ဘက်က နှစ်ဘက်တပ်တွေ ရောက်တဲ့နေရာမှာ အပစ်ရပ်ဖို့၊ နှစ်ဘက်စလုံး ထိုးစစ်ဆင်တာ၊ ဒရုန်းနဲ့တိုက်ခိုက်တာ၊ လက်နက်ကြီးပစ်တာနဲ့ လေယာဉ်ဗုံးကြဲတာတွေ မလုပ်ဖို့နဲ့ နှစ်ဘက်ထိန်းချုပ်နယ်မြေထဲက ဒေသခံတွေ စားဝတ်နေရေးနဲ့ဆေးဝါးသယ်ဆောင်တာတွေကိုခွင့်ပြုဖို့ တောင်းဆိုခဲ့ပေမယ့် မရခဲ့ဘူးလို့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အခုလ ၁၆ ရက်နဲ့ ၁၇ ရက်မှာ ပြုလုပ်ခဲ့တဲ့ ဒီဆွေးနွေးပွဲကို TNLA ဘက်က ဒုတိယဗိုလ်ချုပ်ကြီးတားဂျုတ်ဂျား ဦးဆောင်ခဲ့ပြီး စစ်ကောင်စီဘက်က အမှတ်(၁) စစ်ဆင်ရေးနှင့်ကွပ်ကဲမှုဌာနချုပ် (ကထစ) မှူး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
TNLA ဟာ သူ့ရဲ့မဟာမိတ်တွေနဲ့အတူ ရှမ်းမြောက်က မြို့ရွာအများအပြားအပြင် မန္တလေးတိုင်းထဲက ပတ္တမြားမြို့တော် မိုးကုတ်ကိုပါထိန်းချုပ်ထားပြီး စစ်ရေးအရ စစ်ကောင်စီကို ဖိအားပေးထားနိုင်ပေမယ့် တရုတ်နိုင်ငံကြားဝင်မှုကြောင့် စစ်ကောင်စီနဲ့ငြိမ်းချမ်းရေးစတင်ဆွေးနွေးနေတာ ဖြစ်ပါတယ်။
ပုံစာ – ကူမင်းဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ TNLA ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား
ဓါတ်ပုံ – TNLA သတင်းနှင့်ပြန်ကြားရေး

