အမှောင်ထဲက အနက်ရောင် စဉ်းစားခြင်း

အမှောင်ထဲက အနက်ရောင် စဉ်းစားခြင်း

၂၀၁၅၊ဧပြီလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၂) စာအုပ်စင်ကဏ္ဍမှ စာအုပ်အညွှန်းြဖစ်ပါသည်။

ဇေယျာလှိုင်ရေးသည်။

လွန်ခဲ့တဲ့နှစ်ပတ်လောက်က ကျွန်တော့်ရုံးကို သတင်းစာ သင်တန်းဆရာ ကိုအောင်ထွန်းဦးရောက်လာတယ်။ ရောက် တတ်ရာရာပြောဆိုရင်းနဲ့ စာအုပ်အကြောင်းရောက်သွားတယ်။ အဲဒီမှာ သူက ဝေမှူးသွင်ရေးတဲ့ စာအုပ်တစ်အုပ်ကိုဖတ်ဖို့ တိုက်တွန်းတယ်။ စာအုပ်နာမည်က ‘မျိုးစောင့်ဥပဒေကို ငြင်းဆိုလိုက် ခြင်းနှင့် အမှောင်ကိုဖြတ်ကျော်လာသော အနက်ရောင်စဉ်းစား ခြင်းများ’တဲ့။ ကျွန်တော်လည်း စိတ်ဝင်စားသွားတယ်။ အဲဒါနဲ့ ကျွန်တော့်ရဲ့ရုံးအဖွဲ့မှူး မမူမူသန်းကို ဝယ်ခိုင်းလိုက်တယ်။ စာအုပ်က အနက်ရောင်အဖုံးနဲ့၊ ဆိုဒ်အသေး၊ ခပ်ပါးပါး၊ စာမျက်နှာ ၁၁ဝ ကျော်ပဲပါတယ်။ စာအုပ်ရဲ့နိဒါန်းမှာ စာရေးဆရာ ဝေမှူးသွင်က သူ့ကိုယ်သူအနည်းငယ်မိတ်ဆက်ထားပြီး ဒီစာအုပ်ရေးရခြင်း အကြောင်းရင်းကို ရှင်းပြထားပါတယ်။

အဲဒီအထဲက သတိထားမိလိုက်တဲ့ အချက်တွေကတော့”အကြောက်တရားနဲ့ မသိနားမလည်မှု’ ဟာ ဒီစာအုပ်က ပေးချင်တဲ့ အဓိက Message ပဲဖြစ်ပါတယ်”လို့ဆိုထားတယ်။ ” နောက်ပြီး ဒါဟာ အမှောင်ခေတ်ကြီးကို ကူညီထမ်းရွက်ဖို့ အလင်းတစ်စက်က အားထုတ်ကြိုးပမ်းကြည့်လိုက်တာပါ။ တစ် နည်းအားဖြင့် ပြောရရင် အာဏာရှင်စနစ်ကို ကျွန်တော့်နည်း၊ ကျွန်တော့်ဟန်နဲ့ အစွမ်းရှိသမျှ ရင်ဆိုင်လိုက်ခြင်းပါပဲ”လို့ ဆို ထားပြန်ပါတယ်။ ဒီစာအုပ်ထဲက သုံးသပ်တင်ပြချက်တွေနဲ့ပတ်သက်ပြီး သဘောတူခြင်း၊ မတူခြင်းအားလုံးကို မျှော်လင့်ထားပြီး ဖြစ်သလို စာဖတ်သူတွေရဲ့သဘောမတူညီမှုကို လေးစားမှုအပြည် နဲ့ သဘောတူညီကြောင်းရေးထားပြန်တော့ ပိုပြီးစိတ်ဝင်စားမိပါ တယ်။

စာအုပ်လေးက ပါးပေမယ့် တွေးစရာတွေကတော့ အများသားပါပဲ။ မြန်မာ့နိုင်ငံရေးအတွေးအခေါ်ကို ရာစုနှစ်နဲ့ ချီ နောက်ဆုတ်ပြီး ရှင်ဘုရင်ခေတ်ကစလို့ ချဉ်းကပ်ထားသလို ကျွန်တော်တို့ မြန်မာလူ့အဖွဲ့အစည်းကိုလွှမ်းမိုးတဲ့ လောကနီတိကိုလည်း ဝေဖန်ပိုင်းဆစ်ထားပါတယ်။ စစ်အာဏာရှင်စနစ်ရဲ့ အုပ်ချုပ်ပုံနဲ့ လူ့အဖွဲ့အစည်းကို ပုံသွင်းခဲ့တဲ့အကြောက်တရား ဘယ်လိုအမြစ်တွယ်လာသလဲဆိုတာကိုလည်း သုံးသပ်ထားပါတယ်။ အုပ်ချုပ်သူတွေရဲ့ လွှမ်းမိုးမှုနဲ့ ကျွန်တော်တို့လူ့အဖွဲ့အစည်းတည်ဆောက်ထားတဲ့ အတွေးအခေါ်နှစ်ဖက်စလုံးကို ချဉ်းကပ်ထားတာ တွေ့ရပါတယ်။

စာအုပ်ခေါင်းစဉ်ကို မျိုးစောင့်ဥပဒေကိုငြင်းဆိုလိုက်ခြင်းလို့ အစချီထားပေမယ့် စာမျက်နှာ ၁၁ဝ ပါတဲ့အထဲမှာ စစ်အာ ဏာရှင်ကြီးထွားလာပုံနဲ့ လူထုရဲ့ မသိနားမလည်မှုနဲ့ အကြောက်တရားကို ရှေ့ပိုင်းမှာ အခန်းငယ်ကိုးခန်းခွဲဖော်ပြထားပြီး မျိုးစောင့်ဥပဒေကိုတော့ စာအုပ်ရဲ့နောက်ဆုံးမှာ ဆယ်မျက်နှာသာ သာပဲ ဖော်ပြထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မတူညီတဲ့ ရှုထောင့် က ချဉ်းကပ်ထားတဲ့ စာအုပ်ထဲကို ကျွန်တော်တို့ ခရီးဆက်ကြည့် ရအောင်ပါ။

အခန်း(၁) ကိုတော့ ၁၉၆၂ ဦးနေဝင်းအာဏာသိမ်းတာကနေစပြီး ဘီလူးဆိုင်းတီးပြီး ဖွင့်ထားပါတယ်။ 7 July အရေး အခင်း၊ ၁၉၇၄ အလုပ်သမားသပိတ်၊ ဦးသန့်ဈာပနအရေးအခင်းနဲ့ မှိုင်းရာပြည့်လူထုလှုပ်ရှားမှုတွေမှာ စစ်တပ်က အကြမ်းပတမ်း နှိမ်နင်းတာတွေကနေ စလို့ ရှစ်လေးလုံးအရေးတော်ပုံ၊ ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးအထိ ဖိနှိပ်ရက်စက်မှုတွေကို ဖော်ပြထားပါတယ်။ ဒီစာအုပ်ထုတ်ဝေတဲ့အချိန်မှာ မကြာသေးမီက ဖြစ်ခဲ့တဲ့ လက်ပံတန်းကျောင်းသားသပိတ်မဖြစ်သေးလို့၊ နို့မို့ဆိုရင် ပါလေဦးမလားလို့တောင် ဖတ်ရင်း တွေးမိပြန်ပါတယ်။

အခန်း(၂) မှာတော့ စာရေးဆရာက ရာစုနှစ်နဲ့ ချီ နောက်ဆုတ်ပြီး ရှင်ဘုရင်ခေတ်က ပြည်သူလူထုရဲ့ နိုင်ငံရေးရေချိန်ကို အခုလိုဖော်ပြထားပါတယ်။

”ပြည်သူတွေဟာ နိုင်ငံရေး၊ အုပ်ချုပ်ရေးကိစ္စတွေမှာ ပါဝင်ခွင့်ရဖို့မပြောနဲ့၊ အနားပင်သီခွင့်မရပါ။ အဲဒီခေတ်က နိုင်ငံရေး ဆိုတာ ဘုရင့်နန်းတွင်းမှာပဲရှိတယ်”

ဒါကြောင့် သီပေါမင်းပါတော်မူပြီးနောက်မှာ ပြည်သူတွေဟာ မခံချင်စိတ်နဲ့ ဝမ်းနည်းပူဆွေးနေရုံကလွဲပြီး ချက်ချင်းဘာမှ မတုံ့ပြန်နိုင်ခဲ့ဘဲ တစ်နှစ်အကြာမှ ပုန်ကန်မှုတွေ ထဖြစ်တယ်ဆို တာလည်း ပြည်သူတွေရဲ့ နိုင်ငံရေးနိုးကြားမှုမဟုတ်ဘဲ ဘုရင့် မင်းမျိုးမင်းနွယ်တွေနဲ့ မြို့စား၊ နယ်စားဟောင်းတွေရဲ့ ဦးဆောင်မှု ကြောင့်သာ ပုန်ကန်မှုတွေဖြစ်လာရတယ်လို့ သုံးသပ်ထားပါတယ်။

နယ်ချဲ့ကိုမုန်းတီးမှုနဲ့ မျိုးချစ်စိတ်ဓာတ်ပြင်းပြမှုကိုသာ အခြေခံထားပြီး ခေတ်မီတဲ့ စုဖွဲ့မှုမျိုး၊ တော်လှန်မှုမျိုးမရှိတဲ့အတွက် ဆယ်နှစ်ကျော်ကြာတဲ့အခါမှာ အင်္ဂလိပ်ရဲ့နှိမ်နင်းမှုကို ခံခဲ့ရတာ ပါပဲ။ မြန်မာတော်လှန်ရေးသမားတွေကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး မြို့လယ်မှာ ချိတ်ဆွဲပြသပြီး လူထုကို အကြောက်တရား ပေးခဲ့ကြပုံကိုလည်း ဖော်ပြထားပါတယ်။ ကိုယ့်ထက် အစစအရာ ရာသာလွန်တဲ့သူကို အောင်နိုင်ချင်ရင် ကိုယ့်ဆီမှာလည်း ခေတ်မီတဲ့ နိုင်ငံရေးအသိဉာဏ်ရှိဖို့လိုတယ်လို့ ထောက်ပြထားပါတယ်။

ဒီနေရာမှာ ကျွန်တော်တို့ ငယ်ငယ်ကသင်ခဲ့ရတဲ့ သင်ရိုး ညွှန်းတမ်းထဲက စာသားတချို့ကိုပြန်သတိရမိပါတယ်။ မျိုးချစ် သူရဲကောင်းတို့သည် ခေါင်းငုံ့မခံဘဲ ရရာလက်နက်ကို စွဲကိုင်ကာ တော်လှန်ကြလေသည်ဆိုတဲ့စာပိုဒ်ကိုပါ။ ရရာလက်နက် စွဲကိုင် တယ်ဆိုတော့ ဘယ်လက်နက်မျိုးရမှာလဲ။ အဲဒီခေတ်က တုတ်၊ ဓား၊ လေး၊ မြားလောက်ပဲရှိမှာပေါ့။ တစ်ဖက်ရန်သူက ခေတ်မီ ရေတပ်၊ အမြောက်တပ်နဲ့ လာတိုက်တာကို ဒီလိုလက်နက်နဲ့ တိုက်ရင်တော့ သေရုံကလွဲပြီး ဘာရှိမှာတုံး။ ပညာနဲ့ သတိနည်းခဲ့ တယ်ဆိုတာကို သင်ခန်းစာယူလို့ရအောင်မပြောဘဲနဲ့ အချည်းနှီး သေခံရတာကို ဂုဏ်ယူရသလိုမျိုး သင်ရိုးထဲမှာ ထည့်ထားတာ တွေက လူငယ်တွေရဲ့ အတွေးအခေါ်တွေကို တစ်ဖက်စွန်းရောက် မျက်ကန်းမျိုးချစ်တွေဖြစ်အောင်လုပ်ရာရောက်သလားလို့ ကျွန် တော်ဆက်တွေးမိတယ်။ တစ်ဆက်တည်း အင်္ဂလိပ်က လာတိုက်လို့ သူ့ကျွန်ဖြစ်သွားတာကို ရိုက်ကူးထားတဲ့ဇာတ်ကားကို သူ့ကျွန်မခံပြီလို့ နာမည်ပေးထားတာကိုလည်း နားမလည်ရအောင် ဖြစ်မိပါတယ်။

စာအုပ်ထဲပြန်သွားရအောင်ပါ။

နယ်ချဲ့ဆန့်ကျင်ရေးအစိတ်အပိုင်းမှာ တို့ဗမာအစည်းအရုံး၊ ဝိုင်အမ်ဘီအေနဲ့ ဂျီစီဘီအေအကြောင်းတွေကို ဆက်ပြီးဖွဲ့ဆိုပါတယ်။ ၁၉၃၈ ကျောင်းသားသပိတ်နဲ့အတူ လူငယ်ပညာတတ် သခင်မျိုးဆက်တွေပေါ်ထွက်လာတယ်။ သပိတ်က ရန်ကုန်ကို ရွေ့တယ်။ ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော်အပါအဝင် ရဟန်းရှင်လူ ၁၇ ဦးကျဆုံးတဲ့အထိ ရောက်သွားတယ်။ ဒါတွေဟာသမိုင်းမှာရှိခဲ့ပြီးသားပါ။ လွတ်လပ်ရေးခေတ်ထဲ ကျောင်းသားနဲ့ နိုင်ငံရေး ရောထွေးနေတာမြင်နိုင်ပါတယ်။ လက်ရှိ နိုင်ငံတကာကိုကြည့်လိုက်ရင်လည်း ဟောင်ကောင်မှာ လှုပ်ရှားခဲ့တဲ့ Umbrella Movement လို လှုပ်ရှားမှုတွေက ကျောင်းသားတွေကပဲ စတာပါ။ ကျောင်းသားခေါင်းဆောင်တွေထဲကပဲ နိုင်ငံလွတ် လပ်ရေးရဖို့ ပြည်ပကိုထွက်ပြီး စစ်ပညာသင်ပြီး ဗမာ့လွတ်လပ် ရေးတပ်မတော်ကို ဖွဲ့စည်းခဲ့ကြတာပါ။

တချို့က ပြောကြတယ်။ ကျောင်းသားတွေကို နိုင်ငံရေး မလုပ်စေချင်ဘူးတဲ့။ အဲဒါဆိုရင် ပညာမတတ်တဲ့သူတွေ၊ ဒါမှ မဟုတ် စစ်တပ်ကပဲ နိုင်ငံရေးလုပ်တာကို လက်ခံမှာလားဆိုတဲ့ မေးခွန်းရှိပါတယ်။ ပြောရင်းနဲ့ တွေးစရာတွေ ပါလာပါပြီ။ ထားပါတော့။

ဒီနေရာမှာကြားဖောက်ပြီး စာရေးဆရာက ပြောထားတာက ဘုရင့်နောင်ခေတ်က သူရဲကောင်းရွေးတဲ့စနစ်ကိုပါ။ လက်မ ထိပ်ကိုအပ်စိုက်၊ တူနဲ့ ရိုက်ကာ စမ်းသပ်တယ်ဆိုတဲ့ စနစ်ကိုပါ။ ဒီလိုရွေးချယ်မှုမျိုးဟာ ခွန်အားသုံးတိုက်ခိုက်ခြင်းကို ဂုဏ်ယူတဲ့ ပဒေသရာဇ်စနစ်မို့လို့ ဆင်ခြင်မဲ့တယ်လို့ဆိုထားပါတယ်။ လက်မထိပ်အပ်စိုက်ခံထားရတဲ့ သူရဲကောင်းဟာလည်း ချက်ချင်းစစ် တိုက်ဖို့မဖြစ်နိုင်ဘဲ ဒဏ်ဖြစ်နေတဲ့ ရဲမက်တွေဟာ ရန်သူကို ကောင်းစွာ တွန်းလှန်နိုင်ပါ့မလားဆိုတာ သံသယရှိတယ်လို့ ဆိုထားတာလည်း တွေးစရာပါပဲ။ ယခုစာဖတ်သူအနေနဲ့ဆိုရင်ရော အဲဒီလိုစွမ်းဆောင်နိုင်ပါ့မလား။

အခန်း(၃)မှာတော့ လောကနီတိကိုပိုင်းဆစ်ထားပါတယ်။ လောကနီတိဟာ စဏကျနီတိနဲ့ ဘုရားဟော ဓမ္မပဒကိုတွေထဲက ကောင်းနိုးရာရာတွေကို ဟိန္ဒူလူမှုရေးအယူအဆအချို့နဲ့ ရော မွှေထားတယ်လို့ ဝေမှူးသွင်က ဆိုထားပါတယ်။ အဲဒီအထဲက အချို့ကို ကောက်နုတ်ဖော်ပြရမယ်ဆိုရင်…

”ပညာရှိသည် မိမိ၏အပြစ်ကို သူတစ်ပါးမသိစေရာ၊ သူ တစ်ပါးအပြစ်ကိုမူ သိအောင်ပြုရာ၏။ လိပ်သည် လက်၊ ခြေ၊ ဦး ခေါင်းတို့ကို လျှို့ဝှက်ထားသကဲ့သို့ မိမိ၏ အပြစ်တို့ကို လျှို့ဝှက် ထားရာ၏။ သူတစ်ပါး၏ အပြစ်ကိုကား မှတ်သားရာ၏”ဆိုတဲ့ လောကနီတိလာ စာပိုဒ်ကို…

”ဒါကိုကြည့်ရင် လောကနီတိပညာရှိတာ အကြီးအကျယ် မရိုးသားသူတစ်ယောက်ပဲ။ မိမိရဲ့အပြစ်ကို ဝန်ခံရဲဖို့လိုသလို သူတစ်ပါးရဲ့ အားနည်းချက်တွေကို ခွင့်လွှတ်တတ်ဖို့၊ ပြုပြင်ပေးဖို့ လိုအပ်ပါတယ်။ ပညာရှိမဟုတ်ဘဲ သာမန်လူသားတစ်ယောက် အနေနဲ့လည်း ဒါဟာ လိုက်နာကျင့်သုံးအပ်တဲ့ လူမှုကျင့်ဝတ် တစ်ခုပဲ မဟုတ်ပါလား”လို့ ပြန်လှန်ဆွေးနွေးထားပါတယ်။ အလွန်စဉ်းစားဖွယ်ရာပါပဲ။

”လိုချင်တပ်မက်သူကို တံစိုးလက်ဆောင်ပေးခြင်းဖြင့် သိမ်းပိုက်ရာ၏”လို့ ဆိုစကားကိုတော့ ယနေ့လက်ရှိခေတ်နဲ့ အံဝင်ခွင်ကျဖြစ်အောင် နှိုင်းယှဉ်ထားပါတယ်။

လိုချင်တပ်မက်စိတ်များတဲ့ ဌာနဆိုင်ရာက ပုဂ္ဂိုလ်တွေ၊ Decision Maker တွေကို သူတို့အလိုရှိတိုင်း တံစိုးလက်ဆောင်၊ လာဘ်ပေးလာဘ်ယူတွေလုပ်ရမှလား၊ ဒီဟာက လာဘ်ပေး လာဘ်ယူကို အားပေးရာမရောက်ဘူးလားလို့ စောကြောထားပါ တယ်။ ဒါကလည်း ကျွန်တော်တို့လူ့အဖွဲ့အစည်းအတွက် စဉ်းစား စရာတစ်ရပ်ဖြစ်လာပါတယ်။ လက်မခံနိုင်သူတွေအတွက်တော့ မျက်နှာကို ဖြတ်ရိုက်လိုက်သလို ခံစားရမယ်လို့ ခန့်မှန်းမိပါတယ်။ စိတ်ဓာတ်ခက်ထန်သူတစ်ဦးရှေ့မှာ လက်အုပ်ချီလိုက်ရုံနဲ့ သိမ်းပိုက်နိုင်မယ်လို့ မယုံကြည်ကြောင်း ဆက်ရေးထားတော့ ယခင်က သွားလေသူ စစ်ဗိုလ်ချုပ်ကြီးတွေကိုသတိရမိပါတယ်။ သူ့ထက် ကြီးကြီး၊ ငယ်ငယ်၊ ပညာတတ်တတ်၊ မတတ်တတ် လက်အုပ်ချီ ရတဲ့ ပုံရိပ်တွေ ကျွန်တော်တို့ ယဉ်ပါးပြီးဖြစ်ကြမှာပါ။

လောကနီတိဟာ အထက်အောက်နာခံရေးကိုဦးစားပေးထားတာကြောင့် ‘ဒီမိုကရေစီနဲ့ ဘယ်လိုမှမဆီလျော်တော့တဲ့ အတွေးအခေါ်ဟောင်းတွေကို မြန်မာလူထုတစ်ရပ်လုံးက သတ္တိရှိရှိ စွန့်ခွာထားရစ်ခဲ့ကြဖို့ ကျွန်တော်က နှိမ့်ချသော စိတ်ထားနဲ့ လှုံ့ဆော်လိုက်ရပါတယ်”လို့ စာရေးဆရာက တောင်းဆိုထားပါတယ်။

အခန်း(၄) ကနေ (၈) အထိကတော့ စစ်အာဏာရှင် အောက်မှာ ကျွန်တော်တို့တိုင်းပြည် ကံဆိုးမိုးမှောင်ကျခဲ့ရတဲ့ အကြောင်းတရားနဲ့ အကျိုးဆက်တွေကို အစဉ်လိုက်ဖော်ပြထားပါတယ်။ မဂ္ဂဇင်းစာမျက်နှာ ကန့်သတ်ချက်ကြောင့် အဲဒီအထဲက သတိပြုစေချင်တာလေးတွေကိုပဲထုတ်နုတ်ဖော်ပြချင်ပါတယ်။

မီဒီယာကိုဖိနှိပ်မှုအနေနဲ့ ဖြတ်တောက်ခုတ်ထစ်တဲ့ ဆင်ဆာဘုတ်ကြောင့် စာပေပညာရှင်တွေ၊ ပန်းချီဆရာ၊ ကဗျာဆရာ တွေနဲ့ အနုပညာရှင်တွေ ဖမ်းဆီးထောင်ချခံခဲ့ရတာတွေ၊ တေးသီချင်းကူးယူနေတဲ့ သူခိုးတွေကိုမဖမ်းဘဲ အစိုးရက မကြည်တဲ့ စာသားတွေနဲ့ အနုပညာရှင်တွေကိုသာ ပိတ်ပင်တားဆီးမှု လုပ် တာတွေကို ထောက်ပြထားတယ်။ ဧည့်ခန်းနံရံမှာချိတ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံပါသွားရင်တောင် ခွင့်မပြုခဲ့ကြတဲ့ ဆင်ဆာအဖွဲ့က သခင်အားရ ကျွန်ပါးဝတွေအကြောင်းကိုလည်း ထည့်ရေးထားတာတွေ့ရလို့ ပြည်သူတွေရဲ့လွတ်လပ်စွာ သိပိုင်ခွင့်ကို အသိမှတ်ပြုထားတယ်လို့ ဆိုရမှာပါ။ စာပေစိစစ်ရေး ကိုတော့ ကျွန်တော်တို့ စာပေသမားတွေနဲ့ သတင်းစာဆရာတွေ ကတော့ ချစ်စနိုးနဲ့ စာပေကင်ပေတိုင်လို့ခေါ်ခဲ့ကြတာ မှတ်မိမှာပါ။ အခု အစိုးရခေတ်မှာတော့ စာပေကင်ပေတိုင်မရှိတော့ပါဘူး။ ရေးတဲ့သူတွေကို တည်ဆဲဥပဒေအရဆိုပြီး အရေးယူတဲ့ ကင်ပေ တိုင်တွေ ပေါ်လာတယ်လို့ဆိုရမှာပါပဲ။ (ကျွန်တော့်ကိုတောင် အခုလိုရေးလို့ တရားစွဲမလားမသိနိုင်ပါဘူး။)

ဦးနေဝင်းအစိုးရရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းတာကြောင့် အာရှမှာ ထိပ်တန်းရောက်ခဲ့တဲ့ နိုင်ငံကနေ ကမ္ဘာ့အဆင်းရဲဆုံးစာရင်းဝင်နိုင်ငံအထိ ရောက်သွားတဲ့အကြောင်းကိုဆက်ထားပါတယ်။ ဒီနေရာမှာ ကြားဖြတ်ပြောချင်တာ ဦးနေဝင်းအစိုးရကြောင့် နိုင်ငံလည်း ဖွတ်ကျောပြာစု ဖြစ်ခဲ့ပြီးပြီ။ စစ်အာဏာရှင်တွေ နေရာယူ လို့ရတယ်ဆိုတာလည်း သူကပဲ ရှေ့ဆောင်လမ်းပြလုပ်ခဲ့ပြီးပြီ။ ဒါပေမဲ့ သူ့မြေးတွေ ထောင်က ထွက်လာတဲ့အခါမှာ ဝမ်းပန်းတသာနဲ့ ကော်ဇောနီခင်းကြိုဆိုမယ့်သူတွေ၊ ဖားမယ့်သူတွေကလည်း အဆင်သင့်ရှိနေတော့ လူထုကို လှည့်စားပြီး ကလိမ် ကကျစ်လုပ်ဖို့ ဝန်မလေးတဲ့ မျိုးဆက်တွေ အရှက်မရှိ ထွက်ပေါ် လာလေမလားလို့ တွေးမိပါတယ်။

နောက်တစ်ခုက လူငယ်တွေအနေနဲ့လည်း လူကြီးသူမတွေ နဲ့ အများအမြင်ကောင်းအောင်သာ ကျောင်းပညာရေးမှာ အဆင့်တစ်ရဖို့ ကြိုးစားနေကြတဲ့အကြေင်းကိုဆက်ပြီး သုံးသပ်ထားပါတယ်။ အဆင့်တစ်ရရင် လူကြီးတွေက ချီးမွမ်းပြီး မြှောက်စားတာကြောင့် အဲဒါကိုသာ သာယာပြီး အမှတ်များများ ရဖို့ အတန်းပိုင်ဆရာမဆီမှာ ကျူရှင်ယူရတဲ့အဖြစ်အထိ ရောက် သွားတယ်လို့ ဆိုထားပါတယ်။ ဒါကလည်း ငြင်းမရတဲ့အမှန် တရားဖြစ်လို့နေပြန်ပါတယ်။ ဒါကတော့ မိဘတွေရဲ့ လောဘ အပေါ်လည်း မူတည်တယ်လို့ဆိုပါရစေ။ သူတို့မဖြစ်ခဲ့တာ၊ ဒါမှမဟုတ် သူတို့ဖြစ်ခဲ့တာထက် မနိမ့်ရအောင်ထားတဲ့ လောဘတွေ ပါပဲ။

”အများအမြင်ကောင်းဖို့ လူကြီးသူမတွေကို ရိုသေလေး စားသယောင်ဟန်လုပ်ထားတဲ့ ပေါချာချာငတုံးလေးတွေအဖြစ်ပွားများလာပါတော့တယ်။ လူကြီးတွေကို ရိုသေတာဟာ ကောင်း တဲ့အစဉ်အလာတစ်ခုပါပဲ။ ဒါပေမဲ့ သူတို့ကိုယ်တိုင် ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ခြင်းမဟုတ်ဘဲ အခြားလူတွေရဲ့ချီးကျူးခံရအောင် အမြင်ကောင်းရအောင် ဟန်လုပ်ထားတဲ့ ‘အတုအယောင်’တွေ ဖြစ်နေတာတော့ ဆိုးလှပါတယ်လို့ စာရေးဆရာဝေမှူးသွင်က ရေးထားတော့ ကျွန်တော်က အမျိုးသမီးများနေ့မှာ စတိတ်စင်ပေါ်မှာ မြန်မာရင်ဖုံးအင်္ကျီလေးတွေနဲ့ ကြွကြွရွရွလေး လှမ်း လျှောက်နေတဲ့ မော်ဒယ်လ်လှလှလေးတွေကို ပြေးမြင်မိတယ်။

အဲဒီမော်ဒယ်လ်တွေကို အင်တာနက်စာမျက်နှာတွေမှာ မလုံ့တလုံ၊ တချို့ဆို အကြီးအကျယ် ကာမစပ်ယှက်နေတဲ့ပုံတွေကို မမြင်ချင်အဆုံး တွေ့မြင်နေရတာပဲ။ အဲဒီက လက်ရှိအစိုးရအဖွဲ့ ထဲက ဒုဝန်ကြီးရဲ့ သားတစ်ယောက်နဲ့ မင်းသမီးတစ်ယောက်ရဲ့ ဇာတ်လမ်းကို မြင်တွေ့နေကြပေမယ့် အဲဒီလူတွေ အရှက်မရှိ လောကထဲမှာ ပြောင်ပြောင်တင်းတင်းပဲသွားလာနေတာကို နီးစပ်တဲ့အသိုင်းအဝိုင်းကလည်း လက်ခံနေကြတာ တွေ့ရမှာပါ။ အဲဒီလူတွေ အဝတ်အစားပြောင်းဝတ်လိုက်ရုံနဲ့ လူထုက လက်ခံ သွားကြတာပဲလား။ ကျွန်တော်တို့ကို လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရကလည်း ထိုနည်းလည်းကောင်းပဲဆိုတာ သွားတွေးမြင်မိတယ်။ လောကကြီးမှာ လှည့်ကွက်တွေကလည်း အများသား။

နောက်ဆက်လက်ဖော်ပြထားတာကတော့ ၁၉၉ဝ ရွေး ကောက်ပွဲပါပဲ။ ရွေးကောက်ပွဲရလဒ်ကို မျက်ကွယ်ပြုတယ်ဆိုတာ  NLD တစ်ခုတည်းကို ဖိနှိပ်တာမဟုတ်ဘဲ ထောက်ခံမဲပေးခဲ့ကြတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေကို ပြက်ရယ်ပြုစော်ကားတာပါပဲလို့ ဆို ထားတာကြောင့် ကျွန်တော့်အနေနဲ့ အဲဒီစကားကိုတော့ ငြင်း ချက်ထုတ်စရာမရှိပါဘူး။ ဒီအတိုင်းပါပဲ၊ ရွေးကောက်ပွဲမှာ လူထုကို လိမ်ညာလှည့်ဖျားတယ်ဆိုတာလည်း လူထုကိုစော်ကားတာပါပဲ။ အဲဒါကြောင့် ရွေးကောက်ပွဲကျင်းပတိုင်း ဒီမိုကရေစီမဟုတ်ဘဲ ရွေးကောက်ပွဲဟာ ၉၆ ပါးရောဂါခပ်သိမ်းကင်းငြိမ်းစေတဲ့ ဆေးမဟုတ်ဘူးလို့ ဆိုကြတာပါ။

၁၉၆၂ ကစပြီး စစ်အစိုးရဟာ စေ့စပ်ဆွေးနွေးမှုလုပ်တိုင်း ရေရှည်ပြေလည်အောင်လုပ်ခဲ့တာမရှိဘဲ အသာစီးရရေးကိုသာ ရှေးရှုခဲ့ပြီး ရန်သူကို အပြုတ်တိုက်ရေးဆိုတဲ့ နိမ့်ကျတဲ့စိတ်ဓာတ် အခံရှိတယ်လို့ ဆိုထားပြန်ပါတယ်။ တိုင်းရင်းသားတွေကို မတူသလိုဆက်ဆံပြီး အမျိုးသားရေးစိတ်ဓာတ်ဆိုတဲ့ ဘာမှန်းမသိရ တဲ့ အရာနဲ့လူထုကို ခြိမ်းခြောက်ထားတာ ယနေ့အထိ မြင်တွေ့ နိုင်ပါတယ်။

ယခင် ရှင်ဘုရင်တွေလက်ထက်ကတည်းက ဘုရင့် အကြိုက်၊ ဗောင်းတော်ညိတ် စိတ်တော်သိ၊ စာချိုးတွေနဲ့၊ မင်းလိုလိုက်၊ မင်းကြိုက်ကဲမှုတွေ အများအပြားပါဝင်နေတာကြောင့်    မြန်မာ့သမိုင်းတန်ဖိုးကျခဲ့တယ်လို့လည်း ဆိုထားပါတယ်။ ဒါကလည်း ငြင်းမရပါဘူး။ ပုဂံခေတ်က သူရဲကောင်းလေးယောက်ကို သာမန်လူ ဘယ်လိုမှ မလုပ်နိုင်တဲ့ အလုပ်တွေကို သမိုင်းထဲမှာ လုပ်ပြခိုင်းထားတာကို ဥပမာပေးထားပါတယ်။

အခန်း(၉) မှာတော့ အထက်မှာဖော်ပြခဲ့ပြီးတဲ့ အခက်အခဲတွေကို ကျော်လွှားပြီး ညီညွတ်ရေးနဲ့ ဒီမိုကရေစီကို အုတ်မြစ်ချ နိုင်ဖို့ လက်ရှိမြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တပ်မတော်ခေါင်းဆောင်တွေရဲ့ လက်ထဲမှာ အဲဒီအခွင့်အရေးတွေရှိနေပြီး တိုင်းပြည်ကိုစေတနာရှိတယ်ဆိုရင် အဲဒီလိုအခွင့်အရေးတွေကို လက်လွတ်မခံသင့်ကြောင်းတိုက် တွန်းထားပါတယ်။မျိုးစောင့်ဥပဒေနဲ့ ပတ်သက်တဲ့ အစိတ်အပိုင်းကတော့ စာအုပ်ရဲ့စာမျက်နှာအနည်းငယ်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ထိမိတဲ့စကား လုံးတွေနဲ့ အခုလိုပုံဖော်ထားပါတယ်။

”ဥပဒေအသစ်ရေးဆွဲပြဋ္ဌာန်းတယ်ဆိုတာ လိုအပ်ချက်ရှိ နေသေးတဲ့ တိုင်းသူပြည်သားများရဲ့ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ဖို့နဲ့ မြှင့်တင်ပေးဖို့အတွက်ပဲဖြစ်ရပါမယ်။ ကန့်သတ် တားမြစ်ဖို့ မဟုတ်ပါဘူး။ အထူးသဖြင့် လူအများစုဆန္ဒနဲ့ ရေးဆွဲ အတည်ပြုလိုက်တဲ့ ဥပဒေပါ မထိပါး၊ မနစ်နာရအောင် ဂရုပြု ဆောင်ရွက်သင့်ပါတယ်။ ဒါမှလည်း နိုင်ငံသားအချင်းချင်း အေးအတူပူအမျှ အတူတူလက်တွဲနေထိုင်နိုင်တဲ့ ပြည်ထောင်စုကြီး ဖြစ်လာမယ်””တိုင်းရင်းသားဘာသာခြား လူနည်းစုတွေရဲ့ မကျေနပ်မှုတွေ၊ စိတ်အားငယ်မှုတွေအပြင် ရှိနှင့်ပြီးသားလူမှုရေးသဟဇာတဖြစ်မှုများပါ ပျက်စီးဆုံးရှုံးသွားစေနိုင်ကြောင်း”စာရေးဆရာဝေ မှူးသွင်က မှတ်ချက်ပြုထားပါတယ်။ ဆိုလိုရင်းကတော့ မျိုးစောင့်ဥပဒေကို ကန့်ကွက်တယ်ဆိုတာပါပဲ။

စာအုပ်လေးက သေးငယ်ပေါ့ပါးပေမယ့် ဖတ်ပြီးလိုက်တဲ့ အချိန်မှာတော့ အခိုက်အတန့် Shock ရသွားနိုင်တဲ့စာအုပ်လို့ ညွှန်းဆိုပါရစေ။

[ ပြီးပါပြီ။ ]

အမျိုးအစား - စာအုပ်အညွှန်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."