မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၉ မှ စာအုပ်အညွှန်းဖြစ်ပါသည်
မြား၏အလင်္ကာ
သင့်နော်
(၁)
မိဘမေတ္တာဖွဲ့၊ စာကဗျာ လင်္ကာအစုစု၊ ဆောင်းပါး ဝတ္ထုအဖြာဖြာ၊ အနုပညာထုံမွှမ်းမှု မြောက်မြားစွာ။ အထူးသဖြင့် မြန်မာ့လူဘောင်အစုအဖွဲ့၏ အနန္တောအန္တ ငါးဖြာထဲမှ ကျေးဇူးကြီးလှ မိနှင့်ဘ။
မိဘဝတ်၊ သားသမီးဝတ် မချွတ်မှန်စွာ ကျင့်စရာများဖြင့် ပြပြဋ္ဌာန်းဋ္ဌာန်း ရှိထားပြီးသား။ အစဉ်အလာကြီးမားသည့် တမူထူးခြားသော မြန်မာမိဘနှင့် မြန်မာသားသမီးတို့၏ အပြန်အလှန်ဆက်သွယ်မှုပုံစံ။ မိဘအရိပ်အာဝါသအောက်တွင် ရာသက်ပန်ခိုလှုံခွင့်ရှိထားသော သားသမီးမြေးမြစ်များ။ လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဘ။
(၂)
ငါးရာ့ငါးဆယ်ဇာတ်ပင်လယ်နှင့် ဆယ်ဘွဲ့သော ဇာတ်ကြီး များ၌လည်း မိဘနှင့် သားသမီးတို့၏ မေတ္တာဇာတ်လမ်းများကို သင့်လျော်ရာနေရာများ၌ ကြားနာခွင့်၊ ဖတ်ရှုမှတ်သားခွင့် ကြုံခဲ့ ကြပြီးသား။ လက်ဆင့်ကမ်းပြီးသား။
ဝေးလွန်းသေးလွန်းမှသာ မမြင်သာသည်မဟုတ်။ ကြီးလွန်း နီးလွန်းလျှင်လည်း မမြင်သာသည့် ဖြစ်ရပ်ထဲတွင် မိနှင့်ဘ တို့၏ မေတ္တာသည် ရှေ့ဆုံးတန်း၌ ရှိနေသည်ဟူသော ဆရာအောင်သင်း၏ အတွေးအမြင်ကို သတိတရ ရှိမိရပြန်သည်။ ရွှေတိုင်ညွန့်နှင့် မကြည်အောင်တို့ ထားရစ်ခဲ့သော ‘မိဘမေတ္တာ’ နှင့် ‘ဝိစိတြ’ တို့သည် အာရုံစူးစိုက်မှုရှိလျှင် ရှိသလောက် နေရာမရွေး၊ အချိန်မရွေး မျက်ရည်ကို ချူနိုင်စွမ်းရှိနေဆဲဖြစ်သည်။
(၃)
မြန်မာတို့၏ မိဘမေတ္တာဖွဲ့များ၌ ဘုရင်ဗိမ္ဗိသာရနှင့် သူ့သားတော် အဇာတသတ်တို့သည် အဓိကကျသော ဇာတ်ကောင်များ ဖြစ်ကြသည်။ ဇာတ်တော်လာရင်းဖြစ်ရပ်၌ ဗိမ္ဗိသာရဖခင်နှင့် ဝေဒေဟီမိခင်တို့၏ ကြီးမားသောမေတ္တာကို နှောင်းလူတို့ နှလုံးသားထဲသို့ စိမ့်ဝင်နေအောင် ခေတ်အဆက်ဆက် ထွန်းကားခဲ့သူ အနုပညာရှင်များက အားသွန်ကြိုးပမ်း ဇာတ်လမ်းဖွဲ့ဆင် ရုပ်လုံးထွင်ခဲ့သည်များကို ယခုထက်တိုင် တွေ့ခွင့်မြင်ခွင့် ခံစားခွင့်ရနေဆဲပင်။
တံအားအောက်မှ ရေများ ဖြတ်သန်းစီးဆင်းသွားပြီးသည်တွင် ‘မြား၏အလင်္ကာ’ ကို ‘ကျောင်းကုန်းဧည့်မှူး’ က ရေးဖွဲ့သည်။ ၂၀၁၉ သြဂုတ်လ၌ စာအုပ်အဖြစ် ပေါ်ထွက်လာရာ-
“ဤနေရာ၌ အမိအဖဟူ၍ မှူးလျက် ယေဘုယျ ပြောရသော်လည်း ကံကြမ္မာနှင့် မိသားစုကြီး၏ မျက်နှာသာပေးမှုကို အစဉ်သဖြင့် ဦးစားပေးခံရတတ်သော အမေ့ကို ချန်လှပ်၍ အမေ့ရှေ့မှောက်၌ ရာသက်ပန် မျက်နှာငယ်ကလေး ဖြစ်နေရသော အဖေ့ကို ကရုဏာသက်စရာဖြစ်သောကြောင့် ဦးစားပေး၍ အလေးထား ပြောပြချင်ပါသည်” ဟု ကာယကံရှင်က သူ့ဖခင်ကို မြား၏အလင်္ကာစာစုဖြင့် ကျေးဇူးဆပ်ခွင့် အထိုက်အလျောက် ရခဲ့ပြီဟု ခံယူကြောင်း စကားဦးသန်းသည်။

(၄)
အကြောင်းအရာက နူးညံ့မှုအတိပြီးလျက်ရှိသည်။ စာရေးသူ၏ ဘဝတစ်လျှောက်လုံးကို အကြုံးဝင်စေသည်။ စုံတကာစေ့စွာ မြင်တွေ့ရသည်။ ဖခင်နှင့်သားတို့၏ အပြန်အလှန်မေတ္တာ ကူးယှက်ပုံမှာ အရိုးခံအတိုင်း ရှင်းရှင်းလင်းလင်း ရှိပြီးဖြစ်သည်။ ထူးခြားချက်မှာ ဖခင်၏ အားနည်းချက်များကို လူတစ်ယောက်အဖြစ် သက်သက်ရှုမြင်ပြီး တန်ဖိုးသင့်နိုင်ခြင်းပင်ဖြစ်သည်။ လူအဖြစ်၏ လူသားဆန်မှုကို အထင်အရှားတွေ့ရသည်။ ကျေးလက်နေတို့၏ စရိုက်သဘာဝနှင့် သူတို့ခေတ်သူတို့အခါက သူတို့၏ ဘဝရပ်တည်မှုများ၊ မိသားစုဖွဲ့စည်းပုံများ၊ တစ်ဦးချင်း၏ ထူးခြားမှုများ၊ သဘာဝအလျောက် ပင်ကိုဖြစ်ထွန်းမှုများကို မြင်ရသည်။
ဖတ်ရခဲသော စာစုများဖြစ်သလို ရေးသားရန်လည်း မလွယ်ကူသော အကြောင်းခြင်းရာများဖြစ်သည်။ တော်ရုံတန်ရုံ စိတ်ခံစားမှုမျိုးသာဆိုလျှင် ယခုကဲ့သို့သော စာစုများ ပေါ်ထွန်းရန်မဖြစ်နိုင်။ ကျောင်းကုန်းဧည့်မှူး၌မူ သာမန်ထက်လွန်ကဲသော ခံစားမှုတစ်စုံတစ်ရာသည် ကိန်းအောင်းဝပ်တွားနေရာမှ ပေါက်ပွားကြီးထွား ရင့်သန်လာပြီးမှ ‘မြား၏အလင်္ကာ’ ဖြစ်တည်ခဲ့သည်ဟု ယူသော်ရ၏။ အဖေ့ဗျူပ္ပတ်ကို အမေဖြင့် ကျားကန်ထားသည်မှာ နှစ်လိုဖွယ်ရာ ဖြစ်သည်။
(၅)
ဝန်ချတောင်စာပေ။ ၂၀၁၉ သြဂုတ်။ ပထမအကြိမ်။ အုပ် ရေ ၅၀ဝ။ ဃှုဏ ၈၉၅.၈၅။ ၁၆၈ မျက်နှာ။ ၁၃.၅ _ ၂၁ စင်တီ။ ကာဗာ လင်းဝဏ္ဏ။ တန်ဖိုး ၂,၅၀ဝ ကျပ်။
‘….. တစ်ရံခါက သီဟဗာဟုမင်းသားသည် မသိသားဆိုးရွားစွာ ဖခင်ကို လေးနှင့်ခွင်းခဲ့ဖူးပါ၏။ ပစ်လွှတ်သော မြားတို့သည် ဖခင်ထံသို့ မြားအဖြစ်မရောက်။ ပန်းအဖြစ်သာ ကျရောက်ခဲ့ဖူးပါ၏။
ထို့အတူ ကျွန်တော်ရေးဖွဲ့သော အကြောင်းအရာတို့သည် ဖခင်ထံပစ်လွှတ်သော သီဟဗာဟု၏ မြားကဲ့သို့ ဖြစ်ခဲ့သော် ကျွန်တေ့ာမြားသည် အဆိပ်လူးသော မြားမဟုတ်။ ရနံ့လူးထားသော ပန်းမြားတို့သာ ဖြစ်စေချင်ပါ၏။ ကျွန်တော်ပစ်လွှတ်သော ရနံ့လူးထား ထိုပန်းမြားတို့သည် အဖေ့ခြေအစုံ ရှေ့တော်မှောက်၌ ကန်တော့ပန်းများအဖြစ် ကျရောက်စေချင်ပါ၏’ ဟု စာအုပ်နောက်ကျောဖုံး၌ ကျောင်းကုန်းဧည့်မှူး၏ အာသီသကို ဖော်ပြထားသည်။
(၆)
ရုပ်ပုံလွှာအဖွဲ့အနွဲ့ဟူသည် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အတ္ထုပ္ပတ္တိဖြစ်၏။ မိမိဘဝကို မိမိဘာသာ ခင်းကျင်းတင်ဆက်သည်ရှိသော် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ (Auto Biography) ဟူ၏။ တစ်ပါးသောသူ၏ အဖြစ်သနစ်ကို အခြားသူတစ်ဦးဦးက ဖော်လှစ်စုဆောင်း ပြုစုမှတ်တမ်းပြုသည်လည်းရှိ၏။ ယခု ဤမြားအလင်္ကာ၌မူ ဖခင်ကိုသားက ရိုသေမှု မေတ္တာထုဖြင့် စာစုပေစုဖြင့် မှတ်တမ်းပြုသည်။ အလင်္ကာဖြင့် ထုဆစ်သည်။ အနုပညာဖြင့် ထိန်းကွပ်သည်။ လူတစ်ယောက်၏ ဘဝသည် မိုးကျရွှေကိုယ် ဖြစ်ချင်မှဖြစ်မည်။ ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်ကြသူချည်းက အများစုဖြစ်ကာ ဘဝဘဝများက ကုသိုလ်၊ အကုသိုလ် အတိုင်းသာ ဖြစ်တည်ကြရသော ဟူ၏။ ဤသို့လျှင် ကံ ကံ၏ အကျိုးကိုယုံမှတ်ပြီး ဘဝကို ဖြတ်သန်းလေ့ရှိခဲ့ကြသည်။ ကာလဒေသနှင့် ပယောဂတို့၏ ခြယ်လှယ်မှုကို ခံယူရင်း အပြောင်းအလဲများကို ရင်ဆိုင်ကြရသည်လည်း ရှိကြပြန်သည်။ ဤသို့ဖြင့် အတ္ထုပ္ပတ္တိစာပေတစ်ရပ်သည် ရှေးအတီတေကပင် မြန်မာစာပေသမိုင်း၌ အခိုင်အခန့် ရှိခဲ့ပြီးသား ဖြစ်သည်။ ဥဒါဟဂုဏ်အားဖြင့် ဇိနတ္ထပကာသနီ။
(၇)
‘….. သူ့သား စာရေးဆရာက သူ့အကြောင်းရေးသည်။ မခြွင်းမချန်ဟု ဆိုရလောက်အောင် သူ့ဖခင်ကြီးအကြောင်းကို ဖွဲ့သည်။ ငယ်ကျိုးငယ်နာမကျန် ဖော်၍ရေးသည်။ သို့သော် သားဖြစ်သူ၏ အချစ်အလွမ်းတွေကို သိပ်သိပ်သည်းသည်း မြင်နေရသည်။ လွန်ခဲ့သောနှစ်များက ဆုံးပါးသွားခဲ့ရှာပြီးဖြစ်သော ဘကြီးသောင်းသည် ကျွန်တေ့ာရှေ့မှာ ရှင်သန်ထမြောက်လာသည်။ ဘကြီးသောင်းကို ကျွန်တော်မြင်နေရသည်။ ဘကြီးသောင်းကို ကျွန်တော် စကားပြောရသည်။ ထိတွေ့လို့ ရနေသည်။ ဘကြီးသောင်းသည် အသက်ဝင်နေသည်’
‘….. မြား၏ အလင်္ကာသည် ကျောင်းကုန်းဧည့်မှူး ရေးဖွဲ့ခဲ့သမျှတွင် အကောင်းဆုံးစာအုပ်ဖြစ်သည်ဟု ကျွန်တော် ပြောခွင့်မရှိပါ။ သို့သော် ကျွန်တော်အကြိုက်ဆုံး စာအုပ်ဖြစ်ကြောင်းကိုမူကား ပြောခွင့်ရှိမည် ထင်ပါသည်’
….. ဟု ကျောင်းကုန်းဧည့်မှူး၏ သူငယ်ချင်းတစ်ဦးက စာအုပ်အဖွင့် စာမျက်နှာတွင် ‘ကျွန်တော်လည်း လွမ်းမိပါသည်’ ဖြင့် အမှာစကားပါးထားပြီးဖြစ်ရာ ထိုအမှာစကားကို သဘောကြိုက်ညီမှု ထပ်တူဖြစ်ကြောင်းဖြင့် …။
#mawkun #magazine #chronicle #book_review #no69

