ကျွန်တော်နှင့်ခရီးသွားမီးခိုးများ

ကျွန်တော်နှင့်ခရီးသွားမီးခိုးများ

၂၀၁၅-မေလထုတ် ၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၃)မှ အက်ဆေးဖြစ်သည်။

လက်သွေး ရေးသည်။

ထားဝယ်ကနေ ရန်ကုန်ကို တစ်ရက်တိတိရထားစီးရမည်ဆိုတော့ ရင်ခုန်မိသည်။ သတင်းကိစ္စနှင့် ခရီးသွားတိုင်း ကားနှင့်သာ သွားဖြစ်သည်။ အချိန်သက်သာသည်က တစ်ကြောင်း၊ ကားစီးရသည်ကို နှစ်သက်သည်က တစ်ကြောင်းကြောင့်လည်း  ရထားကို သတိမရဖြစ်။ အခုတော့ ရထားစီးဖို့ ကြုံကြိုက်လာသည်။ အဘယ်ကြောင့် ဆိုသော် သင်္ကြန်တွင်းဖြစ်သည့်အတွက် ကားလိုင်းတွေက ပိတ်ထားပြီး ရွေးချယ်စရာ ရထားသာရှိသောကြောင့် ဖြစ်သည်။

ကျွန်တော်က ထားဝယ်ကို သင်္ကြန်မတိုင်မီ သုံးရက်အလို ကတည်းက သတင်းကိစ္စတစ်ခုနှင့် ရောက်နေပြီး ကိစ္စပြီးသည့် သင်္ကြန်အကြတ်နေ့ ရန်ကုန်သို့ပြန်ခြင်းဖြစ်သည်။ သင်္ကြန်တွင်း ခရီးသွားရသည်ကလည်း ကသီလင်တတော့ဖြစ်သည်။ ရေပက်ခံရသည်နှင့် ခရီးဆောင်အိတ် ပစ္စည်းပစ္စယများရေစိုမည်ကို စိုးရိမ်ရသည်။ ခရီးနီးလျှင်တော့ ကိစ္စမရှိ။ နာရီပေါင်းများစွာစီးမည့်သူတွေအတွက် ရေစိုကြီးနှင့် အဆင်မပြေနိုင်။ ပါလာသည့် အဝတ် အစားထုတ်လဲရမှာလည်း အလုပ်ရှုပ်လှသည်။

ကျွန်တော်ကတော့ ခရီးဆောင်အိတ်နှင့်ရေစိုမခံနိုင်သည့်  ကင်မရာ ၊ ဖုန်းစသည်တို့ကို ကြွပ်ကြွပ်အိတ်နှင့် စွပ်ကာ ကြိုတင် ကာကွယ်ထားသည်။ အဝတ်အစားကတော့ လိုလိုမည်မည်လဲလို့ ရအောင် ပြင်ထားလိုက်သည်။ ရထားက မနက် ၆နာရီထွက်မည်ဖြစ်သောကြောင့် လက်မှတ်ဝယ်ရန် ဘူတာသို့ ၅ နာရီခွဲရောက်ရန် လိုသည်။ ထို့ကြောင့် မနက် ၄ နာရီခွဲထ မျက်နှာသစ်၊ ကိုယ်လက် သန့်စင်ပြီး ဘူတာသို့ထွက်ခဲ့သည်။

လက်မှတ်က ကြိုမှာထားသောကြောင့် အဆင်ပြေသည်။ ဘူတာရောက်သည်နှင့် လက်မှတ်ခပေးရုံသာ။ ထားဝယ်မှ ကျွန်တော့်မိတ်ဆွေ ကိုတင့်လွင်က စီစဉ်ပေးခြင်းဖြစ်သည်။ ကိုတင့် လွင်ကလည်း ထားဝယ်က ဒေသခံသတင်းသမားဖြစ်သည်။ ရန်ကုန်မှာ သင်တန်းတစ်ခုတက်ရင်း ခင်မင်ခဲ့ရသူဖြစ်သည်။ ထားဝယ်မှာ သူ့အိမ်မှာတည်းခိုခွင့်နှင့် သတင်းကိစ္စအားလုံးကို ကူညီပေးရုံမက အပြန်ရထားလက်မှတ်ပါ စီစဉ်ပေးသည်။ ထို့ကြောင့် ယခုလောက် အဆင်ပြေတာဖြစ်သည်။ နယ်မြေဒေသခံမရှိလျှင် မလွယ်လှ။

ဘူတာရောက်တော့ ၅း၁၅။ နွေဦးကာလ၊ ဝေလီဝေလင်း အချိန်ပေမယ့် မြူနှင်းက မကွဲသေး။ ဘူတာရုံကြီးက မြူနှင်းများ ကြား မားမားကြီးတည်ရှိနေသည်။ ဘူတာရုံကြီးက အစိမ်းရောင်။ သေချာ ကျကျနနဆောက်ထားသည်။ ဘူတာရုံထဲတွင် ခရီးသည် အချို့ အိပ်တဲ့သူ အိပ်၊ ထိုင်တဲ့သူ ထိုင်နဲ့ စောင့်နေကြသည်ကို တွေ့ရသည်။ ဘူတာနှင့် ခရီးသည်က မလိုက်ဖက်လှ။ ဘူတာက ကြီးကြီး၊ ရထားစီးခရီးသည်က နည်းလှသည်။ သင်္ကြန်တွင်းမို့သာ ခရီးဝေးသမားများက ရထားစီးခြင်းဖြစ်သည်ဟု ကိုတင့်လွင်က ပြောပြသည်။ သာမန်အချိန်ဆို အချိန်ကုန်သက်သာသည့် ကား နှင့်သာ သွားကြတာများသည်ဟု သူကဆိုသည်။

အချိန်စောသေးတာကြောင့် ဘူတာက လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ ကျွန်တော်တို့နှစ်ယောက် မနက်စာစားကြသည်။ ငါးနာရီခွဲတော့ လက်မှတ်ဝင်ဝယ်သည်။ လက်မှတ်ခက အထက် တန်းဆိုတော့ ၁၁,ဝဝဝ ကျပ်ပေးရသည်။ ရိုးရိုးတန်းက ၅,၁ဝဝ ကျပ်၊ ပထမတန်းက ၆,၃၅ဝ ကျပ် ဖြစ်သည်။ ရထားက ရန်ကုန်သို့ တိုက်ရိုက်တော့မဟုတ်။ ရေးကနေ နောက်တစ်ဆင့် ထပ်ပြောင်း စီးရမည်ဖြစ်သည်။  ကားခက ၁၄,ဝဝဝ ကျပ် ဆိုတော့ ဈေးမကွာလှ။ ဘာပဲဖြစ်ဖြစ် ပြန်ဖို့လက်မှတ်ရတာပဲ ကျေးဇူးတင်ရပါသည်။၅နာရီ ၄၈ မိနစ်မှာတော့ ရထားကြီးက ဥသြသံပေးကာ ဘူတာရုံထဲ ဝင်လာလေသည်။ ရထားလာသည်နှင့် ခရီးသည်တို့ လှုပ်လှုပ်ရွရွဖြစ်ကုန်ကြသည်။ အထုပ်အပိုးပြင်သူ၊ ကလေးတွေ အော်ခေါ်သံနှင့် အေးချမ်းလှသည့် မနက်ခင်းလေးက အသက်ဝင် လာတော့သည်။

ကျွန်တော်လည်း ရထားပေါ်တက်လိုက်သည်။ ကိုတင့်လွင်ကို နှုတ်ဆက်သည်။ ကံကောင်းချင်တော့ ကျွန်တော်စီးသည့် ရထားတွဲပေါ်မှာ သူ့သူငယ်ချင်းတစ်ယောက်ပါလာတော့ ကျွန်တော် နှင့် မိတ်ဆက်ပေးကာ ရန်ကုန်အထိတွဲခေါ်သွားဖို့ မှာလိုက်သည်။ရထားက ဘူတာကနေ ၆ နာရီဆိုတာနှင့် ထွက်လာတော့သည်။ ကျွန်တော်လိုက်ပါမည့် ရထားတွဲကို ကြည့်လိုက်တော့ လူကချောင်နေသည်။ စုစုပေါင်း ထိုင်ခုံနှစ်ဆယ်မှာ ခရီးသည်က ၁၅ ယောက်ခန့်သာပါသည်။ ရထားလမ်းဘေးက ရှုခင်းများကို ကျွန်တော်ကြည့်ရှုရင်း ငေးမောနေမိသည်။ ပထမဆုံးခရီးဝေး ရထားစီးရတာဖြစ်တဲ့အတွက် စိတ်ထဲမှာ ပျော်နေမိသည် ။

ထိုအချိန်မှာ ကျွန်တော့်မျက်စောင်းထိုးခုံက လူတစ်ယောက်က ကျွန်တော့်ထိုင်ခုံအရှေ့တွင် လာထိုင်ပြီး ဆေးလိပ် သောက်သည်။ ကျွန်တော့်ကိုလည်း တစ်လိပ်ကမ်းပေးရင်း စကားလက်ဆုံကျမိတော့ သူက ပြည်မရောက်ခင် ပုတီးကုန်းမြို့ နယ်ကဖြစ်ပြီး ထားဝယ်တွင် ညီအစ်ကိုနှစ်ယောက် အရောင်း အဝယ်လုပ်သည်ဟု သူက မိတ်ဆက်သည်။ နောက်ပြီး သူက သူတို့မြို့အကြောင်းကို ကျွန်တော့်ကို ပြောပြပါသည်။

ကျွန်တော်တို့၏ စကားသံများသည် ဆေးလိပ်ငွေ့များနှင့် အတူ ရထားတွဲထဲ ပြန့်လွင့်နေတော့သည်။ ကျွန်တော့် ဘေးတိုက်ခုံမှ လူတစ်ဦးကလည်း ကျွန်တော်တို့ ဆေးလိပ်သောက်ပုံကို တွေ့၍ သောက်ချင်လာသည်ထင့်။ သူ့အိတ်ထဲရှိ စီးကရက်ဘူးထဲက ဆေးလိပ်တစ်လိပ်ကို ထုတ်သောက်လိုက်သည်။ သူ့ဘေးမှာတော့ အဒေါ်ကြီးတစ်ဦးက ငိုက်မျဉ်းလျက်။

ကျွန်တော်လည်းဆေးလိပ်သောက်နေရင်း စာတန်းတစ်ခုကို လှမ်းမြင်မိလိုက်သည်။ အိမ်သာဘေးနားတွင် ရေးထားသော စာတန်းတစ်ခုဖြစ်သည်။ ရေးထားသည်က ဤနေရာတွင် ဆေး လိပ်သောက်ရန်၊ ရထားတွဲထဲတွင် မသောက်သုံးရန်နှင့် သောက်သုံးပါက ဒဏ်ကြေးငွေပေးဆောင်ရမည်ဟုရေးထားခြင်းဖြစ်သည်။

ကျွန်တော်လည်း စာတန်းမြင်မှ အသိဝင်လာပြီး သောက် လက်စဆေးလိပ်ကို မီးသတ်ကာ လွှင့်ပစ်လိုက်တော့သည်။ ရထားတွဲပေါ်မှ လူများကိုလည်း အားနာမိတော့သည်။ ခရီးသည် များက ၁၅ ယောက်ခန့်။ ဆေးလိပ်သောက်သူက ကျွန်တော် အပါအဝင် သုံးယောက်သာ။ ကျွန်တော်တို့ကြောင့် အဆိပ်ငွေ့ များ ရှူရှိုက်သွားရခြင်းကို အားနာမိသည်။

ကျွန်တော်တို့ရထားပေါ်တွင်သာမဟုတ်၊ မြန်မာနိုင်ငံတွင် ကျွန်တော်တို့လို ဆေးလိပ်မဆင်မခြင်သောက်သုံးမှုကြောင့် အဆိပ်သင့်သူတွေ ဘယ်လောက်များနေပြီလဲဆိုတာကို တစ် ဆက်တည်း စဉ်းစားမိလိုက်သည်။ ကလေးငယ်တွေ၊ အမျိုးသမီး တွေ၊ ဆေးလိပ်မသောက်သူတွေ။ သူတို့နေ့စဉ်ရှူရှိုက်နေရသည့် လေထဲတွင် ဆေးလိပ်ငွေ့များပါနေသည်။ ဆေးလိပ်ငွေ့ကြောင့် ဖြစ်သော ဆိုးကျိုးများ အကာအကွယ်မဲ့စွာခံစားနေရသူများကို အားနာစိတ် ဖြစ်လာတော့သည်။

မျက်စိထဲတွင် ရန်ကုန်မြို့ပေါ်က ဆေးလိပ်သောက်သုံးသူ များကို ကျွန်တော်မြင်ယောင်မိသည်။ ဘတ်စ်ကားဂိတ် ကားဂိတ် နှင့် လူထူထပ်သော နေရာများတွင် စီးကရက်ကို အငွေ့တထောင်း ထောင်းထအောင်ဖွာပြီး လေထုထဲသို့ မှုတ်ထုတ်နေသော လူများ ကိုလည်း ရန်ကုန်မြို့၏ နေရာအနှံ့အပြားတွင်တွေ့မြင်ရသည်။

ဒါတင်မက  ရန်ကုန်မြို့က လိုင်းကားဒရိုင်ဘာ၊ စပါယ်ယာ အချို့ဆိုလျှင် ကားပေါ်တွင်ပင် ဆေးလိပ်သောက်နေကြသည်။ ကားပေါ်က ခရီးသည်တွေကတော့ လေသင့်တိုင်း ဆေးလိပ်ငွေ့ကို ရှူရှိုက်ပေတော့။ ဒီထက်ပိုဆိုးသည်က ယနေ့လိုင်းကား အများစုက CNG ကားတွေဖြစ်သည်။ ဂတ်စ်အိုးပေါ်သို့ မီးပွားတစ်ခု လွင့်စဉ်လျှင် မတွေးဝံ့စရာ၊  ကြောက်စရာကောင်းလှသည်။လိုင်းကားတိုင်းတွင်တော့ ဆေးလိပ်မသောက်ရ၊ ကွမ်း မစားရဟူသော စတစ်ကာများကို ကပ်ထားကြသည်။ ထိုကားတိုင်းက စပါယ်ယာနှင့် ဒရိုင်ဘာများကလည်း ကွမ်းစား၊ ဆေးလိပ် သောက်ကြသည်ကိုတွေ့ရသည်။ စည်းကမ်းသည် စာထဲမှာပင် ရှိသည်သာ။

ရထားက ခုန်ပေါက်ပြေးလွှားနေသည်။ လမ်းတွေကမညီ ၍ဖြစ်သည်။ တစ်ခါတစ်ရံ ဘယ်ညာယိမ်းထိုးကာ သွားသည်။ ခုံ ပေါ်မှမကျအောင် ကိုင်ထားရသည်။ ရန်ကုန်က လိုင်းကားစီးနေရ သလိုပဲဟုတွေးလိုက်မိသည်။ တစ်ဖန် ငြိမ့်ငြိမ့်ညောင်းညောင်း ဖြစ်သွားပြန်သည် ။

ထိုသို့ ခုန်လိုက် ယိမ်းလိုက်၊ ငြိမ်သွားလိုက်နှင့်ပြေးလွှားနေ သော ရထားပေါ်တွင် လူနှစ်ယောက်ကျွမ်းကျင်စွာ လမ်းလျှောက် လာနေသည်။ တစ်ယောက်က ရထားဝန်ထမ်းဝတ်စုံ အပြာရောင် ဝမ်းဆက်နှင့် ခပ်ဝဝ အသားညိုညို။ နောက်တစ်ယောက်က ခပ် ပိန်ပိန် အသားဖြူဖြူ။ ထိုလူက ယိုင်နဲ့နေသည်။ အနားကပ်ကြည့် တော့ အရက်နံ့က တထောင်းထောင်း။ မျက်နှာကလည်း ဖောင်း အစ်နေသည်။ မြင်ရုံနှင့် ယမာကာလုလင်မှန်း သိသာသည်။ လက် မှတ်လာစစ်ခြင်းဖြစ်ပြီး လက်မှတ်ထုတ်ပြတော့ လက်မှတ်ပေါ် သူက လက်မှတ်ထိုးပေးသည်။

ကျွန်တော်စဉ်းစားမိသည်။ ရထားပေါ်က ခရီးသည်တွေကို ဝန်ဆောင်မှုပေးရမည့်သူကိုယ်တိုင်က စိတ်အနှောင့်အယှက် ဖြစ်စရာ ဖြစ်နေသည်။ ကျွန်တော်တို့တွဲပေါ်မှာ နိုင်ငံခြားသား သား အဖလေးယောက်လည်းပါသည်။ ပြင်သစ်နိုင်ငံသားတွေဖြစ်သည်။ အမြင်ဘယ်လိုမှမတင့်တယ်။ စိတ်ထဲတော့ မကောင်းဖြစ်မိ သွားသည်။ မြန်မာနိုင်ငံက ရထားတွဲဝန်ဆောင်မှုကို သူတို့နိုင်ငံ ပြန်ရောက်သောအခါ ပြန်ပြောင်းပြောကြပေလိမ့်မည်ဟု တွေးမိသည်။

ဘူတာတစ်ခုရောက်ပြန်တော့ လူများတက်လာကြ ပြန်သည်။ ကျွန်တော့်ဘေးသို့ မြေးအဘိုးနှစ်ယောက်ပလတ်စတစ်ခုံ နှစ်လုံးနှင့် ရောက်လာသည်။ ရှေ့တည့်တည့်ကတစ်ယောက်ခုံမှာ အင်္ကျီအဖြူလက်ရှည်၊ စတိုင်လ်ဘောင်းဘီနှင့် အသက် ၅ဝ ဆယ် ခန့်လို့ ထင်ရမည့် လူကြီးတစ်ဦးလာထိုင်သည်။ အသားက ခပ်ညို ညို၊ မေးရိုးကားကား။ ထိုလူကြီးက ခြေချိတ်ထိုင်ကာ အိတ်ထဲရှိ ဆေးလိပ်ဘူးထဲမှ ဆေးလိပ်တစ်လိပ်ကို ထုတ်ကာ အားပါးတရ ရှိုက်ဖွာလေတော့သည်။

သူနှင့် ကျွန်တော့်ကြားထဲမှာက မြေးအဘိုးနှစ်ယောက်။ ကလေးက မိန်းကလေးဖြစ်ပြီး ငါးနှစ်သာသာ ရှိပေမည်။ ထိုသူ မှုတ်ထုတ်လိုက်သော မီးခိုးငွေ့များက ကလေးမလေး မျက်နှာနား ကို တိုးဝှေ့ထွက်သွားကြသည်ကို မြင်နေရတော့ စိတ်ထဲမသက် သာလှ။ အဘိုးဖြစ်သူကတော့ ဘာမှတွေးမိဟန်မတူ။ ဒါမှမဟုတ် သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို့ပဲ မှတ်ထားလေရော့သလားမသိ ပါ။ ထိုသူကတော့ ဘာကိုမှအလေးမထားလေဟန်။ ဆေးလိပ်ကိုသာ သဲကြီးမဲကြီး ရှိုက်ဖွာဆဲ။

ကျွန်တော်ကလည်း ဖုန်းကိုနားကြပ်တပ်ကာ သီချင်းနား ထောင်နေလိုက်တော့သည်။ ဖြစ်ချင်တော့ ကျွန်တော့်ဘေးက မြေးအဘိုးနှင့် ကျွန်တော့်ရှေ့က လူနှင့်က အသိတွေဖြစ်နေပြီး သူတို့စကားပြောနေကြသည်ကို တွေ့ရသည်။

ထိုသူကိုကြည့်ရင်း ကျွန်တော့်အတွေးထဲ တရုတ်ပြည်မှ ကားသမားများကို သတိရလိုက်မိသည်။ သတင်းကိစ္စကြောင့် တရုတ်ပြည်ထဲ ရောက်သောအခါက ဖြစ်သည်။ တရုတ်ကား သမားအများစုက ဆေးလိပ်ကို အတော်နှစ်ခြိုက်ကြသည်။ ကားပေါ်တက်လိုက်ပါက ဆေးလိပ်နံ့တထောင်းထောင်းရသည်။ သူတို့က ကားမောင်းရင်း ဒရိုင်ဘာကိုယ်တိုင်ကလည်း သောက်၊ ဆေးလိပ်သောက်တတ်သူ ခရီးသည်ပါသည်ဆိုပါကလည်း သောက်နှင့်  မီးခိုးငွေ့များက ကားထဲတွင် လှိုင်လှိုင်ထနေတော့သည်။

ထိုအချိန်ကတော့ ထိုအခြေအနေကို အတော်သဘောကျ မိသေးသည်။ ကိုယ်တိုင်က ဆေးလိပ်သမားဆိုတော့ ကားစီးရင်း သောက်ချင်သည့် အချိန်သောက်ခွင့်ရသောကြောင့်ဖြစ်သည်။ အခြားခရီးသည်များ၏ ကျန်းမာရေးကို မတွေးမိ။ ယခုမှ စဉ်းစား မိခြင်းဖြစ်သည်။”ကောင်လေး…ကောင်လေး”ဟုခေါ်သံကြားလိုက်သည်။ ကြည့်မိတော့ ကျွန်တော့်ရှေ့က ဆေးလိပ်သောက်သော လူကြီး က ကျွန်တော့်ကို ခေါ်ခြင်းဖြစ်သည်။

သူက သူ့ဖုန်းကို ထိုးပြရင်း ဓာတ်ပုံရိုက်သည့်အခါ မပေါ် ကြောင်းနှင့် ကြည့်တတ်ပါက ကြည့်ပေးရန်ပြောလာသည်။ ကျွန်တော်ကြည့်လိုက်တော့ ဖုန်းထဲက မမ်မိုရီကတ် လွတ်နေဟန် တူသည်။ ဖုန်းကို ဖွင့်ကြည့်မည်လုပ်တော့ အဆင်မပြေ၊ ဝက်အူ နှင့် စုပ်ထားသည်။ ဖုန်းက တောထဲ၊ တောင်ထဲတွင် အသုံးပြုနိုင် သည့် အကြမ်းခံသည့် ဖုန်းအမျိုးအစားဖြစ်ပြီး ဘက်ထရီကလည်း အားကုန်ခါနီးဖြစ်သောကြောင့် ကျွန်တော်က အိမ်ရောက်မှ ဖွင့် ပြီး ကတ်ကိုပြန်ထည့်ဖို့ အကြံပေးလိုက်သည်။

ထို့နောက် သူနှင့် ကျွန်တော် စကားလက်ဆုံကျမိသည်။ သူက စစ်ဘက်က ခွဲစိတ်ဆရာဝန်ဟု မိတ်ဆက်သည်။ နောက် သူ့ အသက်က ၆၂ နှစ်ရှိပြီဖြစ်ကြောင်း သူကပြောပြသည်။ သူ ရှေ့ တန်းစစ်မျက်နှာပြင်မှာ ကြုံတွေ့ရသည့် အခက်အခဲတွေကို ပြောပြသည်။ သူပုံစံက ဆရာဝန်ဟု ထင်စရာမရှိကြောင်းနှင့် သူက ကရင်လူမျိုးဖြစ်ပြီး တစ်ယောက်တည်းသမားဖြစ်သည်ဟု ဆိုသည်။

နောက်မြေးအဘိုးဖြစ်သူကလည်း သူက ရော်ဘာခြံပိုင်ရှင်။ သူစီးသည့်ပထမတွဲမှာ လက်မှတ်စစ်တွေ မူးနေတာကြောင့် တွဲ ပြောင်းစီးလာတာဖြစ်သည်ဟု ဆိုသည်။ နောက်တော့ သူက ရော်ဘာတွေဈေးကျနေတာကြောင့် လုပ်ငန်းအရှုံးပေါ်သည့် အကြောင်းတွေ ပြောပြသည်။ ရော်ဘာဈေးကွက်ကို နိုင်ငံတစ်ခုက ချုပ်ကိုင်ထားသည့်အကြောင်းကိုလည်း မခံမရပ်နိုင်စွာ သူက ပြောပြသည်။ သူက ရခိုင်လူမျိုးဖြစ်ပြီး ထားဝယ်မှာ အခြေကျနေတာ အနှစ်သုံးဆယ်ရှိပြီဟု သူ့အကြောင်းတွေကို ပြောပြပါသည်။

ကျွန်တော်တို့စကားပြောနေချိန်မှာပဲဆရာဝန်ကြီး ဆေးလိပ်တစ်လိပ်ကို မီးညှိနေပြန်သည်။ ဆေးလိပ်အတော်သောက် နိုင်သောသူ ဖြစ်သည်။  ကျွန်တော့်မျက်စိရှေ့တွင် ဆေးလိပ်တစ်ဘူး ခဏလေးနှင့် ကုန်သွားသည်။ သူက ဆေးလိပ်ကို တစ်လိပ်ပြီး တစ်လိပ် ဆက်တိုက်သောက်ခြင်းဖြစ်သည်။ သူ့နှာခေါင်းနှင့် ပါး စပ်က မီးခိုးခေါင်းတိုင်အလား အငွေ့တွေက စဉ်ဆက်မပြတ် မှုတ် ထုတ်နေသည်။ ဆေးလိပ်ငွေ့များက ရထားပြတင်းမှ တိုးဝင်လာ သော လေများနှင့်အတူ တွဲထဲသို့ လေဟုန်စီးကာ တစ်ဟုန်ထိုး ဝင်သွားကြသည်။ ကျွန်တော်တွေးမိသည်။ လူနာများကို ရောဂါ ပျောက်ကင်းအောင် ကုသပေးနေသော  သူကိုယ်တိုင် အဆိပ်ငွေ့ တွေကို ထုတ်လွှတ်နေပါတကား။

ရထားက ဘူတာတစ်ခုသို့ ဆိုက်ရောက်လာပြန်သည်။ ဈေးသည်တချို့ တက်လာကြသည်။ ထမင်းဘူး၊ ရေသန့်ဘူး၊ အအေးဘူး၊ ဘီယာနှင့် စားစရာအချို့ကို အော်ရောင်းကြသည်။ ရထားထွက်တော့ ဈေးသည်များပြန်ဆင်းသွားကြသည်။

ရထားကြီးက လူးကာလွန့်ကာခုတ်မောင်းနေသည်။

ထိုအချိန် ရထားအိမ်သာနားမှ လူတစ်ဦးထွက်လာသည်။ သူ့ပုံစံက ခေါင်းမှာ တဘက်ပတ်ထားပြီး အအေးတစ်ဘူးကို လက်က ကိုင်ထားသည်။ ထိုသူက လမ်းတစ်ဝက်ဘူတာမှ တက် လာသောသူဖြစ်သည်။ ပုံစံက မူမမှန်။ စိတ်ပေါ့သွပ် နေဟန်ရှိသည်။ ရထားခရီးစဉ်တစ်လျှောက် ရထားတွဲများကို တစ်တွဲပြီး တစ်တွဲ ကူးပြောင်းနေသည်ကို သတိထားမိသည်။ ယခု ကျွန်တော်တို့ တွဲပေါ် ပြန်ရောက်လာချေပြီ။

ထိုသူက ပြင်သစ်သားအဖလေးယောက် ထိုင်နေသည့် ခုံနား တိုးကပ်သွားတာမြင်လိုက်ရသည်။ ပြီးတော့ ကလေး နှစ်ယောက် ထိုင်နေသည့် ခုံပေါ်ကို တိုးဝှေ့တက်ထိုင်လိုက်သည်။ သူ က ခပ်တည်တည်နှင့် အအေးဘူးကိုင်ကာ မော့သောက် နေသေးသည်။ သူက ထိုင်စရာနေစရာမရှိတော့သည့် တွဲပေါ်မှာ နိုင်ငံခြား သားခုံကို သူက ရွေးချယ်၍ ထိုင်ခြင်း ဖြစ်သည်။ သူက ထိုင်တော့ ကလေးငယ်က အနေကျုံ့သွားသည်။ ဘေးက သူ့အစ်ကိုဖြစ်သူက သူ့ညီငယ်ကို လှမ်းဖက်ကာ စကားပြောလိုက်သည်။ နောက်မှာ ထိုင်နေသည့် ကလေးအဖေဖြစ်သူ မြင်သွားသည့်အခါမှာတော့   ထိုသူကို မောင်းထုတ်တော့သည်။ ထိုသူက အိမ်သာဘက်သို့ ထွက်သွားသည်။

အိမ်သာဘက်တွင်ရှိနေသည့် လက်မှတ်စစ်က ထိုသူကို တစ်ခုခုလှမ်းပြောလိုက်သည်။ နိုင်ငံခြားသားခုံပေါ် သွားထိုင်သည့် ကိစ္စဖြစ်ဟန်တူသည်။ ထိုသူကလည်း ပြန်ပြောနေသည်။ လက်မှတ်စစ်က ဒေါသထွက်နေသည့် ပုံကိုတွေ့ရသည်။ သူတို့ ပြောဆိုနေစဉ်မှာပဲ ရထားက ဘူတာမှာဆိုက်တော့ ထိုသူလည်း ဆင်းသွားတော့သည်။

ထိုသူဆင်းသွားတော့ လက်မှတ်စစ်က မကျေမနပ်ပြောဆို ရင်း ကျွန်တော်တို့ခုံတွေရှိရာ လျှောက်လာတော့ ဆရာဝန်ကြီးက ဘာဖြစ်တာလဲဟု လှမ်းမေးသည်။ လက်မှတ်စစ်က အကြောင်းစုံ ပြောပြတော့ ဆရာဝန်ကြီးက ဒေါသထွက်ပြီး ထိုသူကို ရထားပေါ် တက်မလာရန်နှင့် ရထားပေါ်တက်လာပါက ကန်ချဖို့ သူတာဝန် ယူကြောင်း လက်မှတ်စစ်ကိုပြောလိုက်သည်။

ဆရာဝန်ကြီးက ကျွန်တော့်ကိုလည်း လှမ်းပြောသည်။ ရထားတွဲထဲမှာ နိုင်ငံခြားသားတွေ မြန်မာနိုင်ငံကို အထင်သေးနိုင် ကြောင်း သူကပြောပြနေသည်။ လက်ထဲက ဆေးလိပ်ကိုလည်း တရှိုက်မက်မက်ဖွာရင်း သူက မကျေမနပ်ရေရွတ်နေသည်။ နိုင်ငံခြားသား ကလေးငယ်တစ်ဦးကတော့ ဆေးလိပ်မီးခိုးငွေ့ကို မခံ နိုင်သည့်ပုံ နှာခေါင်းရှုံ့ကာ လက်ဖြင့် ဆေးလိပ်ငွေ့များကို ဖယ် ထုတ်နေသည်ကိုတွေ့ရသည်။ ဆရာဝန်ကြီးကတော့ အာပေါင် အာရင်းသန်သန်နှင့် ပြောနေဆဲ။

နေ့လယ်နှစ်ချက်ခွဲတိတိမှာတော့ ရထားက ရေးဘူတာသို့ ဝင်လာပါသည်။ ကျွန်တော်တို့က ရေးဘူတာမှာ ရထားပြောင်းစီး ရမည်ဖြစ်သည်။ ရထားပေါ်မှ ခရီးသည်များ အထုပ်အပိုးများ ပြင် ကြတော့သည်။ ဆရာဝန်ကြီးကတော့ သူ့အထုပ်အပိုးတွေ အတွက် လက်မှတ်စစ်ကို အလုပ်သမားတစ်ယောက်ရှာခိုင်းနေသည်ကိုကြားရသည်။ ပြင်သစ်သားအဖလေးယောက်က လက်မှတ်စစ်ကို မေးနေသည်။ လက်မှတ်စစ်က နောက်ရထားပြောင်းစီး ဖို့ အင်္ဂလိပ်လိုပြောလိုက်သည်။ရထားရပ်တော့ တွဲပြောင်းစီးဖို့ ကျွန်တော် အောက်ကို ဆင်းလိုက်သည်။ မီးခိုးခေါင်းတိုင်နှင့်တူသည့် ဆရာဝန်ကြီးက အခြားတွဲတစ်ခုပေါ် တက်သွားသည်။ ကျွန်တော်လည်း စားစရာ တစ်ခုခုဝယ်ရန် အောက်သို့ ဆင်းလာခဲ့သည်။

ထမင်းဘူးတစ်ဘူးဝယ်လိုက်သည်။ နောက် ရေတစ်ဘူး၊ ပြီးတော့ တောင့်တမှုတစ်ခု။ ဆေးလိပ်သောက်ချင်သော စိတ်ဖြစ် သည်။ ဆေးလိပ်တစ်ဘူးဟု ပြောဖို့ ပြင်လိုက်သည်။ ဒါပေမဲ့ လေ သံက အပြင်မရောက်လိုက်။ ကျွန်တော့် စိတ်ကူးပြောင်းသွား သည်။ ဆေးလိပ်လေးလိပ်သာ ဝယ်ခဲ့လိုက်တော့သည်။ ပိုက်ဆံ မလောက်၍မဟုတ်။ ဆေးလိပ်ဖြတ်ဖို့ ကျွန်တော်ကြိုးစားတော့ မည်ဟု စိတ်ပိုင်းဖြတ်လိုက်သောကြောင့်ပင်ဖြစ်ပါသည်။

[ ပြီးပါပြီ။ ]

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."