သန်းနိုင်ဦး ရေးသည်။
သတင်းစာဆရာ ဦးရဲနိုင်မိုးနဲ့ အငြိမ်းစားကျောင်းဆရာ ဦးထွန်းတို့နှစ်ယောက် မန္တလေးကနေ နေပြည်တော်ကို ကားငှားသွားကြမယ့်ခရီးမှာ ကျွန်တော် အဖော်အဖြစ် လိုက်ပါခွင့်ရခဲ့တယ်။ နေပြည်တော်-မကွေးလမ်းကို တောင်ညို လမ်းက ဖြတ်မယ်ဆိုတာက ကျွန်တော့်ရဲ့ လိုက်ချင်စိတ်ကို တွန်းအားပေးသလို ဖြစ်စေတယ်။ နေပြည်တော်ကို သတင်းယူဖို့ လေး၊ ငါးကြိမ်ထက်မနည်း ညအိပ်ညနေ ကျွန်တော်ရောက်ခဲ့ဖူးပြီးသားဖြစ်တယ်။
နေပြည်တော်က ကျွန်တော့်ကို မဆွဲဆောင်နိုင်ဘူး။ လုပ်ငန်းကိစ္စဝိစ္စပြီးတာနဲ့ ပြန်ခဲ့တာချည်းပဲ။ အခုသွားမှာက နေပြည်တော်-မကွေးလမ်းသစ်ကြီးက သွားကြမှာ။ ဒီလမ်းခရီးက ကျွန် တော့်အတွက် အသစ်အဆန်းဖြစ်တယ်။
နေပြည်တော်-မကွေးသွားမယ့်နေ့ နေ့လယ်ပိုင်းမှာ ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာ လုပ်မယ့် အစည်းအဝေးကို ဦးရဲနိုင်မိုး တက်ရတယ်။ ကျွန်တော့်အတွက်တော့ မျက်စိလည်လေ ဆွမ်း ဆန်ရလေကိန်း ဆိုက်တော့တာပဲ။ သပြေကုန်းဈေးရောက်လိုက်၊ မြို့မဈေးဘက်ရောက်လိုက် ဟန်ကျနေတော့တယ်။ ပြန်ကြားရေး အစည်းအဝေးက ကျွန်တော်တို့ထင်ထားတာထက် နောက်ကျပြီး မှ ပြီးတယ်။ ပြန်ကြားရေးရုံးက ထွက်တော့ ညနေငါးနာရီခွဲပြီ။
နေပြည်တော်အလာတုန်းက လမ်းအတိုင်း ဟိုတယ်ဇုန်က နေ အမြန်လမ်းပေါ်ကို ထွက်ကြတယ်။ ကျွန်တော်တို့ နေပြည် တော်မှာရှိတဲ့ရက်က မိုးတဖြိုက်ဖြိုက်ရွာထားလို့ ရာသီဥတုက အေးမြတယ်။ အမြန်လမ်းပေါ်ရောက်တော့ ကားကို မန္တလေးသွား မယ့်လမ်းဘက် ဦးတည်လိုက်တယ်။ နေပြည်တော်-မကွေးလမ်း က မိုင်တိုင် ၂၂ဝ ရောက်မှ ခွဲတာလေ။ လမ်းခွဲကို ရောက်ဖို့ နာရီ ဝက်သာသာလောက်သာ မောင်းလိုက်ရတယ်။
လမ်းခွဲရောက်တော့ ကျွန်တော်တို့စီးလာတဲ့ကား ဓာတ်ဆီ နည်းနေပြီ။ လမ်းခရီးစိတ်ချရအောင် ရှေ့မှာ ဓာတ်ဆီဆိုင် ရှိ၊ မရှိ လက်ဖက်ရည်ဆိုင်မှာ စနည်းနာကြတယ်။ ကျွန်တော်တို့ စနည်း နာတာ အကျိုးမယုတ်ဘူး။ ရှေ့မှာ ဓာတ်ဆီဆိုင်မရှိဘူး။ ပျဉ်းမနား မြို့တွင်းလမ်းအတိုင်း ခြောက်မိုင်လောက်မှာ ဓာတ်ဆီဆိုင်တစ် ဆိုင်ရှိတယ်ဆိုလို့ အဲဒီဘက်ကို မောင်းထွက်ခဲ့ကြတယ်။ ဆရာ ဦးရဲနိုင်မိုးနဲ့ ဦးထွန်းတို့ကတော့ ဆိုင်မှာ စားရင်းသောက်ရင်း ကျန်ခဲ့ကြတယ်။
လက်ဖက်ရည်ဆိုင်ရှင် ညွှန်လိုက်တဲ့အတိုင်း လမ်းခွဲနဲ့ ခြောက်မိုင်သာသာလောက်မှာ ဓာတ်ဆီဆိုင်ကို ဘွားခနဲတွေ့ကြ ရတယ်။ တစ်လီတာ ကျပ် ၆၄ဝ နှုန်းနဲ့ တိုင်ကီထဲ ဆီအပြည့်ထည့် လိုက်ကြတယ်။ ကျွန်တော်တို့ လက်ဖက်ရည်ဆိုင် ပြန်ရောက်ချိန် အထိ ဦးရဲတို့ စားတုန်းသောက်တုန်းရှိသေးတယ်။ ကျွန်တော်နဲ့ ကားဆရာဦးစိုးတို့လည်း ကော်ဖီသောက်ကြတယ်။ စားသောက် ပြီးလို့ ထွက်မယ်ဆိုတော့ ညခုနစ်နာရီထိုးပြီ။
လမ်းခွဲက ထွက်တယ်ဆိုတာနဲ့ ကားမီးထွန်း မောင်းကြရ တယ်။ ဒီလမ်းခရီးက ကားဆရာဦးစိုးအတွက်လည်း အသစ် အဆန်းဖြစ်လို့ သတိကြီးကြီးထားပြီး မောင်းတယ်။ လမ်းခွဲက ဝိုင် လမ်းဆုံဖြစ်နေတယ်။ ဘယ်ဘက်လမ်းက တောင်တွင်းကြီးကို သွားတဲ့လမ်း၊ ကျွန်တော်တို့စီးလာတဲ့ကားက ကံပြား-မကွေး လမ်းအတိုင်း တောက်လျှောက်မောင်းလာကြတယ်။ လမ်း အနည်းငယ်ကျဉ်းပေမယ့် လမ်းကောင်းတယ်။ ဆင်ခြေလျှောတွေ ကတော့ နည်းနည်းမတ်တယ်။ လမ်းခရီးမှာ ဦးရဲက သူတို့မိသားစု ရန်ကုန်ကနေ မကွေးကိုသွားတဲ့ ခရီးစဉ်တွေအကြောင်း ပြော လာတယ်။ လမ်းခရီးက တောင်တက်၊ တောင်ဆင်းတွေ များတဲ့ ညခရီးဖြစ်ပေမယ့် ပျင်းစရာမကောင်းဘူး။ လျှိုတွေ ဖြတ်၊ တောင် တွေ တက်၊ ရေကျော်တွေ၊ ချောင်းခြောက်တွေကို ကျော်၊ တော တွေတိုးပြီး သွားရလို့ ရင်သပ်ရှုမောဖွယ်ကောင်းတယ်။
လမ်းမှာ ဓာတ်မီးကိုယ်စီနဲ့ ရွာသားအချို့ သွားလာနေတာ တွေ့ရတယ်။ ဓာတ်မီးကို လက်ကကိုင်ထားတာ မဟုတ်ဘဲ သတ္တု တွင်းလုပ်သားတွေလို ခေါင်းမှာ စွပ်ထားကြတယ်။ နေပြည်တော် ကောင်စီနယ်မြေက လွန်တော့ မကွေးတိုင်းထဲကို ရောက်လာ တယ်။ မြို့သစ်မြို့နယ်ရဲ့ အစွန်က ဖြတ်သွားရတယ်။ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်စားတယ်ဆိုတဲ့ အမေညိုဆိုင်မှာ ထမင်း စားနားကြတယ်။ ဦးရဲထွဋ်ညွှန်းသလိုပဲ ဟင်းတွေက ဖွယ်ဖွယ်ရာ ရာနဲ့ စားလို့မြိန်တယ်။ ဈေးနှုန်းလည်း သင့်တယ်။ တောထဲတောင် ထဲမှာ ဖွင့်ထားတယ်ဆိုပေမယ့် ခရီးသွားတွေအပေါ် ရိုက်စား မလုပ်ဘူး။ ကျွန်တော်တို့အုပ်စု အမေညိုဆိုင်မှာ ဆတ်သား ခြောက်၊ လက်ဖက်သုပ်၊ ကိုက်လန်ကြော်နဲ့ ခေါင်းမဖော်နိုင်အောင် စားခဲ့ကြတယ်။
ထမင်းစားပြီး ဆက်ထွက်လာကြတယ်။ ကားက တောင်တွင်းကြီးနယ်စပ်ထဲကို တိုးဝင်လာတယ်။ လမ်းမှာ မကွေး-ရန်ကုန် အိတ်စပက်ကားတွေ၊ အိမ်စီးကားလေးတွေ တွေ့ရတယ်။ လမ်း မှာ တောထဲက သစ်သယ်ထုတ်လာတဲ့ လှည်းသမားတစ်ယောက် နဲ့ တွေ့ရသေးတယ်။ သစ်မှောင်ခိုတွေကို ဖမ်းဟယ်ဆီးဟယ်လုပ် ပြီဆိုရင် ဒီလိုနွားလှည်းနဲ့ နေ့တွက်ရအောင် သယ်တဲ့လူတွေပဲ မိကြတာများတယ်။ ဆယ်ဘီးကားအပြည့်တင်ပြီး တစ်ဖက်နိုင်ငံ ရောက်အောင် ပို့နိုင်တဲ့သူတွေကျတော့ အမြဲကံကောင်းပြီး လွတ် နေတယ်။
ကြေးနီ-တောင်တွင်း ရထားလမ်းကျော်တော့ နတ်မောက်- တောင်တွင်း-ရေနံချောင်းလမ်းဆုံကို ရောက်တယ်။ မကြာခင်မှာ ပဲ ကံပြားကို ရောက်တယ်။ ကံပြားက မကွေးမြို့မြောက်ဘက် ခုနစ်မိုင်ဝေးတယ်ဆိုပေမယ့် အခုတော့ မကွေးနဲ့ ကံပြားက ရေ အိုးနဲ့ ရေမှုတ်ဖြစ်နေပြီ။ ကားပေါ်ပါလာတဲ့ မကွေးသား အငြိမ်း စားကျောင်းဆရာ ဦးထွန်းက သူ့ ငယ်ဘဝ မကွေး-ကံပြားခရီးစဉ် က ငယ်လွမ်းဝေဒနာနဲ့ ပြောပြတယ်။
”ကျွန်တော်တို့ငယ်ငယ်က မကွေး-ကံပြား ခုနစ်မိုင်ခရီးဆို တာ အဝေးကြီးလို့ ထင်စရာပေါ့။ ကားတွေ၊ ဆိုင်ကယ်တွေလည်း အခုခေတ်လို မပေါသေးဘူး။ ကားကြုံရှိမှ သွားကြရတာ”
ကံပြားက လက်ဖက်ရည်ဆိုင်မှာ ကွမ်းယာဝင်ဝယ်ကြ တယ်။ မကွေးမြို့ထဲဝင်တော့ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကျော်က မကွေး၊ မင်းဘူး၊ ရွှေစက်တော် သွားခဲ့တာ အမှတ်ရမိတယ်။ ဖန် ခါးမြေဂေါက်ကလပ်၊ မကွေးလေဆိပ်တို့ကို ကျော်ပြီး မြို့တွင်းကို ဝင်ခဲ့ကြတယ်။ မကွေးမြို့တွင်း ဝင်ရောက်ချိန်မှာ ညကိုးနာရီကျော် ပြီ။ မကွေးမြို့က မြို့ပြအရေခြုံထားပေမယ့် ငြိမ်သက်လှပတည် ငြိမ်နေတယ်။ ဟိုတယ်ကို ကျွန်တော်တို့ရောက်တော့ အခန်းကြို မှာထားပြီးဖြစ်လို့ အခန်းအဆင်သင့်ရတယ်။
ဟိုတယ်မှာ အထုပ်အပိုးချပြီးတာနဲ့ မကွေးသား ဦးထွန်းကို သူ့နေအိမ် လိုက်ပို့တယ်။ ဦးထွန်းရဲ့မဟေသီက ဦးထွန်းအလာကို စောင့်မျှော်နေတာမို့ အိမ်ရှေ့ ကားရပ်လိုက်တာနဲ့ တံခါးဖွင့်ကြို တယ်။ ဦးထွန်းတို့လင်မယားကို နှုတ်ဆက်ပြီး ကျွန်တော်တို့ ဟို တယ်ကို ပြန်ခဲ့ကြတယ်။
ဟိုတယ်ရောက်တော့ ရေချိုးပြီး အိပ်လိုက်ကြတာ တုံးခနဲ ပဲ။ မနက်မိုးလင်းမှ နိုးတော့တယ်။ အိပ်ရာထ၊ ရေမိုးချိုးပြီးတာနဲ့ ဘရိတ်ဖတ်စ်စားကြတယ်။ မကွေးကနေ မနက်စောစော ထွက်ဖို့ ပြင်ဆင်ထားကြတာလေ။
တကယ်တော့ မကွေးရောက်တုန်းရောက်ခိုက်မှာ တွေ့ သင့်တွေ့ထိုက်သူတွေ ရှိတယ်။ မကွေးက ဆီမြို့တော်လို့ တင်စား ရတဲ့ ဆီအိုးကြီးမဟုတ်လား။ ဆီကုန်သည်သတင်းရင်းမြစ်တွေကို တွေ့ဖို့ကောင်းတယ်။ ကိုမိုးကျော်တို့၊ ကိုနေအောင်တို့လို မြို့ခံ သတင်းသမားမိတ်ဆွေတွေကိုလည်း ခဏတဖြုတ်ဖြစ်ဖြစ် တွေ့ ချင်ပေမယ့် မန္တလေးကို ပြန်ရမယ်ဆိုတဲ့ တွန်းအားကြောင့် ဘယ် သူ့မှ မတွေ့နိုင်ခဲ့ဘူး။ သတင်းထောက် ကိုမြင့်ဇော်ဦးကတော့ မနက်စောစော ဟိုတယ်ရောက်လာလို့ တွေ့ဖြစ်တယ်ဆိုရုံ တွေ့ လိုက်ရတယ်။ ဦးရဲကို နှုတ်ဆက်ပြီး ဟိုတယ်က ကျွန်တော်တို့ ထွက်ခဲ့ကြတယ်။
မကွေးမြသလွန်
မကွေးမြို့မှာ ကျွန်တော့်အတွက် အရေးကြီးတာဝန်ထမ်း ဆောင်ရမယ့် ကိစ္စတစ်ခုရှိတယ်။ မကွေးမြို့က သမားတော်ကြီး ဦးဝင်းမြင့်ရဲ့ တိုင်းရင်းဆေးဝယ်ဖို့ ကျွန်တော့်အိမ်သူက အမှာပါး လိုက်တာကို ကျေကျေပွန်ပွန်ထမ်းဆောင်ဖို့ပဲ။
သမားတော်ကြီးဆေးတိုက်မှာ ဆေးဝယ်ပြီးတော့ မကွေး ကမ်းနားလမ်းက မြသလွန်စေတီတော်မြတ်ကြီးကို သွားဖူးကြ တယ်။ မြသလွန်စေတီတော်ကြီးသည်ပင် လွန်ခဲ့တဲ့နှစ်နှစ်ဆယ် ကျော်ကနဲ့ ဘာမှမဆိုင်တော့ဘူး။ သန့်ရှင်းတောက်ပြောင်နေ တယ်။ သုံးဘီးတက္ကစီတွေ ရပ်တဲ့ ကွင်းမှာ ဓာတ်လှေကားထားပေး ထားတယ်။ ကျွန်တော်တို့ မကွေးရောက်တဲ့ရက်က ကြားရက်မို့ ထင်ပါရဲ့၊ ဘုရားဖူးတွေ ကြိတ်ကြိတ်တိုး စည်ကားမနေဘူး။ ကျွန် တော်တို့ ကားရပ်လိုက်ချိန်မှာ ပန်းသည်တစ်ယောက်ရောက်လာ လို့ ဘုရားလှူဖို့ တစ်ထောင်ဖိုးဝယ်လိုက်တယ်။ ပန်းသည်လေးက သူ့အထဲပါတဲ့ ပန်းကုံးတွေအားလုံးပေးလိုက်တယ်။ ပန်းတချို့တစ် ဝက်ကို ဦးစိုးကို ခွဲပေးလိုက်တယ်။
ဘုရားစောင်းတန်းမှာ မြန်မာပြည်က တန်ခိုးကြီးဘုရား တွေလိုပဲ နိပါတ်တော်ပန်းချီကားတွေ ချိတ်ဆွဲထားတယ်။ ရင်ပြင် တော်ပေါ်ရောက်တော့ ဦးစိုးက သူ့မွေးနေ့ဂြိုဟ်တိုင်သွားတယ်။ ကျွန်တော်ကလည်း ကျွန်တော့်မွေးနေ့ဂြိုဟ်တိုင်သွားပြီး ဘုရား ပန်းကပ်လှူတယ်။ ရင်ပြင်တော်ပေါ်က ကြည့်လိုက်ရင် မြစ်မင်း ဧရာဝတီက ဣရြှေိရှိ စီးဆင်းနေတယ်။ ဧရာဝတီမြစ်ကူးတံတား ကြီးက ဟိုဘက်ကမ်းဒီဘက်ကမ်းကို ဆက်သွယ်ထားတဲ့ ကင်း ခြေများကြီးတစ်ကောင်နဲ့ တူတယ်။
ရင်ပြင်တော်ပေါ်က ဆင်းပြီး မကွေးမြို့ထဲ ဝင်လာချိန်မှာ မနက်ကိုးနာရီခွဲပြီ။ ဦးရဲနဲ့ ဦးထွန်းတို့ကို ပြန်တော့မယ့်အကြောင်း ဖုန်းဆက်အသိပေးလိုက်တယ်။ မကွေးမြို့က ထွက်ပါပြီဆိုကတည်း က မိုးအေးနေတယ်။ ကျွန်တော်တို့ ကားမှန်တံခါးတွေဖွင့်ပြီး အဲ ယားကွန်းပိတ် မောင်းလာကြတယ်။ ကံပြားအထွက်ရောက်တော့ အလာတုန်းကလမ်း (နေပြည်တော်လမ်း)ကို မသုံးတော့ဘဲ ရေနံချောင်းဘက်က လှည့်ပြန်ကြဖို့ ဆုံးဖြတ်လိုက်တယ်။ ရေနံ ချောင်း-မကွေးလမ်းက ကတ္တရာလမ်းဖြစ်ပြီး လမ်းကောင်းတယ်။ လမ်းဘေးဝဲယာမှာ ညောင်မုတ်ဆိတ်ကြီးတွေက အုံ့ဆိုင်းနေ တယ်။ ရိုးပြတ်၊ ယာတောနဲ့ ထန်းပင်အုပ်အုပ်ကို တွေ့ရတယ်။ ထုံးစံအတိုင်း ကားလမ်းနံဘေးမှာ ထန်းရည်ရပြီဆိုတဲ့ ဆိုင်းဘုတ် တွေလည်း တွေ့ရတာပါပဲ။
ရေနံချောင်းမြို့ရောက်တော့ ကျွန်တော်တို့ စဉ်းစားရပြီ။ ကျောက်ပန်းတောင်းဘက်ထွက်မလား၊ ချောက်မြို့ကို သွား မလား ရွေးချယ်ကြရတော့တယ်။ ကျွန်တော်တို့ ချောက်မြို့ကို သွားမယ့်လမ်းဘက်ကို ဦးတည်လိုက်ကြတယ်။ ရေနံချောင်းမြို့ ထဲကို ဖြတ်တော့ ဆရာမဂျူးရဲ့ ဝတ္ထုတွေထဲက ရပ်ကွက်တွေကို သတိရမိစေတယ်။ ညောင်လှရပ်ကွက်၊ လည်ပေါ်ရပ်ကွက်ဆိုတာ တွေက ဆရာမဂျူးရဲ့ ဝတ္ထုတွေထဲမှာ အမြဲပါတဲ့ ရပ်ကွက်နာမည် တွေလေ။ မြို့ကြီးတော်တော်များများမှာ တွေ့ဖို့ ခဲယဉ်းနေပြီဖြစ် တဲ့ မြင်းလှည်းတွေကို ရေနံချောင်းမြို့မှာ တွေ့နေရသေးတယ်။ ကျွန်တော် ကင်မရာထုတ်ပြီး မှတ်တမ်းတင်ဖြစ်ခဲ့တယ်။ ရေနံ ချောင်းအထွက်မှာ ရေနံတူးစင်တွေကို တွေ့ရတယ်။ ရေနံတူးစင် တွေက တစ်စင်နဲ့ တစ်စင် သိပ်မဝေးဘူး။ အပူပိုင်းရွက်ပြတ်တော တွေကို ကြိုးဝိုင်းကာကွယ်တောအဖြစ် သတ်မှတ်ထားတယ်။ လျှို တွေ၊ ချောက်တွေ၊ ခင်တန်းတောရိုးလေးတွေသာရှိပြီး တောမီး မရှို့ဖို့ သတိပေးဆိုင်းဘုတ်ရဲရဲတွေကို သစ်တောဌာနက စိုက်ထူ သတိပေးထားတယ်။
ရေနံချောင်းမြို့
ရေနံချောင်း-ချောက် ကားလမ်းပေါ်မှာ ကားအသွားအလာ ကျဲတယ်။ လမ်းခရီးတစ်လျှောက် အညာရွာတွေ လမ်းတစ် လျှောက် တွေ့ကြရတယ်။ ကျွန်တော် မှတ်မိနေတဲ့ရွာတွေက ဂွေး ချို၊ ဂွေးပင်၊ ဂွေးကုန်းဆိုတဲ့ ရွာတွေရယ်၊ ဥယျာဉ်ကြီး၊ ဥယျာဉ် လေး၊ ဥယျာဉ်ရွာတွေရယ်၊ ညောင်လှ၊ မကျည်းဘုတ်၊ ကုက္ကိုစု၊ ထနောင်းတိုင်၊ သပြေကန်စတဲ့ သစ်ပင်နာမည်တွေနဲ့ ရွာတွေရယ် ကို မှတ်မိနေတယ်။
ဂွေးချိုရောက်တော့ လွန်ခဲ့တဲ့ရှစ်နှစ်လောက်က ငါးရှန် တောင် ရေနံမှော်အကြောင်း သတင်းဆောင်းပါးရေးခဲ့တာ သတိ ရမိတယ်။ အဲဒီတုန်းက ငါးရှန်တောင်ကို လာလိုက်ကြတဲ့သူတွေ ဆိုတာ နည်းတာမဟုတ်ဘူး။ ပွဲတော်ကြီးတမျှပါပဲ။
ချောက်နဲ့ ဂွေးချိုက သိပ်မဝေးဘူး။ နာရီဝက်လောက်ပဲ မောင်းလိုက်ရတယ်။ ချောက်မြို့ထဲကို ဖြတ်ရတော့တယ်။ ချောက် မြို့က ရေနံလုပ်သားတွေရဲ့ ချွေးမြို့ဖြစ်တယ်။ ချောက်မြို့ သခင် ဖိုးလှကြီးကြေးရုပ်တုဖွင့်ပွဲကို ရန်ကုန်က သတင်းသမားတွေနဲ့ အတူ ညအိပ်လာခဲ့ဖူးတယ်။ သခင်ဖိုးလှကြီးရုပ်တုက ချောက်မြို့ လယ်မှာ စိုက်ထူထားတာပါ။ ချောက်မြို့က ဧရာဝတီမြစ်ကမ်းနဖူး မှာ တည်ထားပေမယ့် ပူပြင်းခြောက်သွေ့တဲ့ဒေသဖြစ်တယ်။
ချောက်မြို့ ရွှေပုံတောင်ကို အပူပိုင်းထဲက အိုအေစစ်အဖြစ် စိမ်းစိမ်းစိုစိုတွေ့ရလို့ ဝမ်းသာရတယ်။ ရွှေပုံတောင်က အလွန် မမြင့်မားဘူး။ တောင်ထိပ်အထိ ကားလမ်းဖောက်လုပ်ထားတယ်။ တမာပင်ပျိုတွေကြောင့် ရွှေပုံတောင်က စိမ်းစိုနေတယ်။ တောင် ခြေမှာ ရေနံတူးစင်တွေ တွေ့ရတယ်။ ချောက်မြို့တွင်းကို ဖြတ် တော့ ဓာတ်ဆီဆိုင်မှာ အောက်တိန်းဈေးနှုန်းက တစ်လီတာ ကျပ် ၆၇ဝ။ နေပြည်တော်ထက် ဈေးပိုနေတယ်။ ကားဆရာဦးစိုး က ရေနံထွက်တဲ့မြို့က ဓာတ်ဆီဈေးပိုကြီးနေပါလားလို့ အာမေဍိတ် စကားဆိုတယ်။
ချောက်မြို့က ဘဏ်တွေ၊ ရှော့ပင်းမောလ်တွေ၊ စတိုးဆိုင် တွေ၊ ဘီယာဆိုင်တွေနဲ့ မြို့ကြီးသားဟန်ပေါက်နေတယ်။
ချောက်နဲ့ ပုဂံက ၁၇ မိုင်ပဲ ဝေးတာမို့ ကြာကြာမမောင်းလိုက် ရဘူး။
ရှေးဟောင်းဇုန်ဆိုတဲ့ ကျောက်တိုင်တွေ ပုဂံမြို့သစ်မရောက် မီမှာပဲ တွေ့ရတယ်။ ဟိုတယ်ဇုန်မှာ ဟိုတယ်သစ်တွေ အပြိုင်း အရိုင်းဆောက်နေကြတယ်။ မနူဟာ၊ စိမ်းညက်ညီအစ်မ၊ စိုးမင်း ကြီးဘုရား၊ လောကနန္ဒာဘုရားတို့ကို ကျော်လာခဲ့ကြတယ်။
ကန်တော့ပလ္လင်ဘုရားမှာ ကျွန်တော်တို့ ဘုရားဝင်ဖူးကြ တယ်။ ဘုရားရင်ပြင်တော်ပေါ်မှာ ရှိတဲ့ ခေါင်းလောင်းကြီးကို အမှတ်တရဓာတ်ပုံရိုက်ကြတယ်။ ဘုရားစောင်းတန်းက ဆိုင်တစ် ဆိုင်မှာ နာရီတွေ၊ မျက်မှန်တွေ ဝင်ကြည့်ကြတယ်။ ကျွန်တော်က လယ်သာကြိုးနဲ့ နာရီရှိရင် (ဈေးလည်း လက်လှမ်းမီရင်) ဝယ် မလို့ပါပဲ။ ဒါပေမဲ့ ကျွန်တော်လိုချင်တာ မရခဲ့ဘူး။ ညောင်ဦးမြို့ထဲ က နုဝါထမင်းဆိုင်ကို ထမင်းစားဖို့ ဆက်ထွက်ခဲ့ကြတယ်။ နုဝါ ဆိုင်က နေရာပြောင်းသွားလို့ ညောင်ဦးဈေးနားရောက်မှ ပြန် လှည့်ရတယ်။ နုဝါဆိုင်မှာ မြန်မာထမင်းဟင်းဘူဖေးကို ခေါင်း မဖော်တမ်း အဝစားကြတယ်။ ဟင်းစုံတာရယ်၊ လက်ရာကောင်း တာရယ်၊ ဝမ်းဟာတာရယ်ကြောင့် လိုက်ပွဲနှစ်ခါ ထည့်ယူရတယ်။ မကျည်းရွက်သုပ်၊ ပဲနှပ်၊ တို့ဟူးချက်၊ ကင်းပွန်သီးနဲ့ မျှစ်ရောချက်၊ စားတော်ပဲနဲ့ မျှစ်ကြော်၊ အတို့အမြှုပ်၊ ငံပြာရည်ချက်၊ ပူပူနွေးနွေး ကန်စွန်းရွက်ကြော်၊ သီးစုံချဉ်ရည်စတဲ့ အညာစာတွေက ကျွန် တော်တို့အညာသားနှစ်ယောက်ကို ထမင်းမြိန်စေတာ အမှန်ပဲ။
ပုဂံဘုရားတစ်ဆူ
ထမင်းစားပြီးလို့ ပုဂံကထွက်တော့ မွန်းလွဲတစ်နာရီကျော် ပြီ။ ကျွန်တော်တို့ ဦးတည်တာက ဆေးပေါ့လိပ်တွေထွက်တဲ့ မြင်း ခြံမြို့။ မြင်းခြံက ဦးစိုးရဲ့ ဇာတိချက်ကြွေမွေးရပ်မြေလည်း ဖြစ် တယ်။ ပုဂံ-မြင်းခြံလမ်းတစ်လျှောက် သဲချောင်းပေါင်းများစွာကို ကျွန်တော်တို့ ဖြတ်ကြရတယ်။ သဲချောင်းတွေက အခုတော့ ကွန် ကရစ်ရေကျော်တွေ လုပ်ထားလို့ ရာသီမရွေး သွားနိုင်ပါပြီ။ လမ်း တစ်လျှောက်မှာ မငြီးငွေ့ရအောင် စကားတပြောပြောနဲ့ ဖြည်း ဖြည်းမှန်မှန် မောင်းခဲ့ကြတယ်။ မြင်းခြံမြို့ဟာ (ကျွန်တော့်စိတ်ထဲ) အရင်အတိုင်း မပြောင်းလဲဘူးထင်တာပဲ။ စွန်းလွန်းဆရာတော် ကြီးရဲ့ ကျောင်းကို ကားမောင်းနေရင်း ဦးစိုးက ညွှန်ပြတယ်။
ကျွန်တော်တို့ မူလရည်ရွယ်ချက်က မြင်းခြံမှာ လက်ဖက် ရည်သောက် နားကြဖို့ပဲ။ ဒါပေမဲ့ ပုဂံမှာ ထမင်းစားတာများသွား လို့ ဗိုက်သိပ်မဆာသေးဘူး။ အိပ်ချင်ပြေဝါးရအောင် ကွမ်းယာ ဝယ်ပြီး ဆက်ထွက်လာကြတယ်။ မြို့သာလမ်းဘက်က လှည့်ပြန် ကြတယ်။ မြို့သာ-မြင်းခြံလမ်းတစ်လျှောက် အညာဒေသတွေမှာ တွေ့ရတဲ့ မြင်ကွင်းတွေကို မရိုးနိုင်အောင် တွေ့ရတယ်။ မြို့သာ စက်မှုဇုန်နီးလာတော့ လျှပ်စစ်သွယ်တန်းနေတဲ့ လုပ်သားတွေကို နေပူကျဲကျဲမှာ ချွေးတလုံးလုံးနဲ့ အလုပ်လုပ်နေကြတာ တွေ့ရတယ်။
မြို့သာစက်မှုဇုန်က အတော်လေးရုပ်လုံးပေါ်နေပြီ။ ဝေဖန် မှုတွေ၊ ကန့်ကွက်ဆန္ဒပြမှုတွေကြားက အကောင်အထည်ပေါ်လာ တာပါ။ မြို့သာက ကျွန်တော့်အတွက် စားအိမ်သောက်အိမ်မြို့ ဖြစ်ပေမယ့် မြင်ကွင်းတွေက ကျွန်တော့်အတွက် ဆန်းသစ်နေ တယ်။ မြို့သာအထက်တန်းကျောင်းမှာ ကျွန်တော်က ကျောင်း ဆရာလုပ်ခဲ့သေးတာလေ။ မြို့သာကျောင်းနဲ့ မျက်နှာချင်းဆိုင်က ဦးအေးကို လက်ဖက်ရည်ဆိုင်မှာ ခဏနားကြတယ်။ ဆိုင်ရှင် ဦးအေးကိုနဲ့ ကျွန်တော်တို့က လွန်ခဲ့တဲ့ ၁၄ နှစ်လောက်ကတည်းက ရင်းနှီးခဲ့ကြသူတွေ။ ကျောင်းမတက်မီအချိန်တွေမှာ သူ့ဆိုင်မှာပဲ တစ်လျှောက်လုံး ထိုင်ခဲ့ကြတာပေါ့။ ခင်မင်ခဲ့ရတဲ့ လုပ်ဖော် ကိုင်ဖက် ဆရာ၊ ဆရာမတွေအကြောင်း မေးမြန်းဖြစ်တယ်။ တချို့က ရာထူးတိုး၊ တချို့က နယ်ပြောင်း၊ တချို့လည်း အငြိမ်းစား ရကုန်ကြပြီ။ စာသင်ပေးခဲ့တဲ့ ကျောင်းသူ၊ ကျောင်းသားတချို့ အိမ်ထောင်ကျကုန်ပြီ။ (လွန်ခဲ့တဲ့သုံးနှစ်ကျော်က ချောက်မြို့မှာ လုပ်တဲ့ သခင်ဖိုးလှကြီးကြေးရုပ်တုဖွင့်ပွဲမှာ တပည့်ဟောင်းတစ် ယောက်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ဆုံခဲ့ကြသေးတယ်။) ဦးအေးကိုနဲ့ မတွေ့တာကြာလို့ စကားတွေ အမျှင်မပြတ်နိုင်ဘူး။ ဒါပေမဲ့ ကျွန် တော်တို့မှာ ဆက်ရမယ့်ခရီးက ရှိသေးတော့ စကားစ မဖြတ်ချင် ပေမယ့် နှုတ်ဆက်ထွက်ခဲ့ကြရတယ်။
မကွေး-ချောက် ကားလမ်းတစ်နေရာ
မြို့သာ-တံတားဦးလမ်းက ၂၇ မိုင်သာ ရှည်လျားပြီး လမ်း လည်း ကောင်းတယ်။ ဒီလမ်း၊ ဒီခရီးကို ကြိမ်ဖန်များစွာ သွားဖူး ပေမယ့် ကျွန်တော့်အတွက် ဘယ်တော့မှ ရိုးအီမသွားဘူး။ ရေက မိုး၊ မြင်းသည်၊ ထနောင်းကိုင်း၊ ဂွေးကုန်းစတဲ့ လမ်းဘေးရွာတွေ ကို ပန်းခင်းမြင်းစီးကြည့်သလို ဖြတ်ခဲ့ကြတယ်။ တံတားဦးကို ရောက်တော့ ညနေလေးနာရီခွဲပြီ။ အင်းဝကဗျာညီနောင်နှစ်ပါး ထွက်ခဲ့တဲ့ တံတားဦးမြို့က ထွက်တော့ နေညိုစောင်းချိန်မို့ အလုပ်သွားအလုပ်ပြန်တွေနဲ့ ရှုပ်ထွေးလှတယ်။ အမြန်လမ်းပေါ် ရောက်လို့ မန္တလေးဘက်ကို ကားဦးတည်ချိန်မှာ အိမ်ရောက် တော့မယ်ဆိုတဲ့ အသိက ဝင်လာတယ်။ ကျွန်တော့်အိမ်သူရဲ့ ဖုန်း ခေါ်သံတွေက ကျွန်တော့်လက်ကိုင်ဖုန်းထဲ ဝင်လာတယ်။ တံတား ဦးမြို့က ထွက်ပြီး မကြာခင်မှာပဲ ဦးစိုးက နောက်ထပ်ခရီးစဉ်တွေ ရှိရင် လက်တို့ဖို့ အဖော်စပ်တယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ဦးစိုးလို စိတ်ရှည်လက်ရှည်မောင်းပေးတဲ့ ကားဆရာနဲ့ဆို ဘယ် ခရီးဖြစ်ဖြစ် ငြင်းဖြစ်မယ်မထင်ကြောင်း ရယ်ရယ်မောမောပြန် ပြောလိုက်တယ်။
ကျွန်တော်တို့ခရီးစဉ်က မြို့ကြီးမြို့ငယ်အများအပြားကို လျှပ်တစ်ပြက် ဖြတ်သန်းရတယ်ဆိုပေမယ့် အဖော်ကောင်း ကောင်း၊ ကားကောင်းကောင်းနဲ့ စိတ်အေးလက်အေးသွားရတဲ့ ခရီးဖြစ်လို့ အမှတ်ထင်ထင် ရှိနေမယ့် ခရီးဖြစ်တယ်။ အဆင်သင့် လို့ အခြေအနေပေးခဲ့ရင် နောက်ထပ် ခရီးယာယီတွေ ထွက်ချင် သေးတယ်။ မိတ်ဆွေတို့လည်း အချိန်မရဘူးဆိုသည့်တိုင် တစ် ရက်ခရီးလောက်ဖြစ်ဖြစ် ချစ်ခင်ရတဲ့သူတွေနဲ့ သွားစေလိုပါတယ်။ ခရီးထွက်ခြင်းက ဒီမိုကရက်တစ် ပိုဆန်စေတယ်မဟုတ်လား။ ။
၂၀၁၆-သြဂုတ်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၇)မှ ခရီးသွားဆောင်းပါး ဖြစ်ပါသည်။