သန်းနိုင်ဦး ရေးသည်။
တပေါင်းလပြည့်မတိုင်ခင် ရက် ပိုင်းလောက်မှာ Mandalay Journalism School က မအေးမွန်က ရွှေစာရံဘုရားပွဲသွားဖို့ ကျွန်တော်တို့ဇနီးမောင်နှံကို အဖော်စပ်တယ်။ ကျွန်တော်တို့ ကလည်း ဒီလိုအဖော်စပ်တာကို စောင့်နေကြသူတွေပီပီ နှစ်ခါ အဖော်စပ်စရာမလိုဘူး။ အထူး သဖြင့် မြစ်ဝကျွန်းပေါ်သူ ကျွန် တော့်အိမ်သူက မန္တလေး ဝန်း ကျင်သွားလာလည်ပတ်ချင်တဲ့ ဆန္ဒကလည်း ရှိနေတယ်။ တပေါင်းလဆန်း ၁၄ ရက်နေ့ကို သွားကြဖို့ ဆုံးဖြတ်ဖြစ်ကြတယ်။
ရွှေစာရံဘုရား သွားမယ့်နေ့ ရောက်တော့ ရာသီဥတုက ကြည် ကြည်လင်လင် သာသာယာယာ ပါပဲ။ မနက်စောစော ခုနစ် နာရီ လောက်မှာ မနက်စာစားပြီး တာနဲ့ စီးတော်ယာဉ်ဆိုင်ကယ် လေးနဲ့ နှစ်ယောက်သား မောင်း ထွက်လာခဲ့ကြတယ်။ ဆိုင်ကယ် ကို ဆီတွေဖြည့်၊ ဘီးတွေ လေ ချိန်ပြီး မန္တလေးမြို့ရဲ့ အရှေ့ တောင်ယွန်းယွန်းက ရှမ်းရိုးမ တောင်ခြေမှာရှိတဲ့ ရွှေစာရံစေတီ ဆီ ဖြည်းဖြည်းမှန်မှန်ပဲ မောင်း လာကြတယ်။
ရွှေစာရံစေတီက မန္တလေးမြို့တည် သက်တမ်းထက် အများ ကြီးစောတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၉ဝဝ ကျော် ပုဂံခေတ် အနော် ရထာဘုရင်ရဲ့ မိဖုရား စောမွန်လှတည်ထားခဲ့တဲ့ စေတီဖြစ်တယ်။ ဒဏ္ဍာရီမှာတော့ ချောမောလှပတဲ့ ရှမ်းတိုင်းရင်းသူ စောမွန်လှကို ဘုရင်က တော်ကောက် မိဖုရားမြှောက်ပါသတဲ့။ ဘုရင့်အနီး အနားက အညာသူ ညိုပြာညက်မိဖုရားတွေကြားမှာ ရှမ်းမိဖုရား စောမွန်လှက ကြယ်မှုန်ကြယ်မွှားတွေကြားက ဓူဝံကြယ်လို ထွန်း လင်းတောက်ပနေတယ်။ အညာသူမိဖုရားတွေက ပုထုဇဉ်တွေ ပီပီ ရှမ်းမိဖုရားအပေါ် မနာလိုဝန်တိုတွေ ဖြစ်ပြီး ဘုရင်ကို ကုန်း ချောကြတယ်။ ဘုရင်ကလည်း မိဖုရားတွေရဲ့ ကုန်းချောစကား တွေ နားယောင်ပြီး စောမွန်လှကို နယ်နှင်လွှတ်လိုက်ပါသတဲ့။ မိဖုရားစောမွန်လှလည်း ပုဂံပြည့်ရှင်ရဲ့ မင်းပြစ်မင်းဒဏ်ကြောင့် ပုဂံအညာကနေ မွေးရပ်မြေရှမ်းကုန်းပြင်မြင့်ထိ ပြေးရတော့ တယ်။ ပြေးရင်းလွှားရင်းနဲ့ပဲ အောင်ပင်လယ်ကန်ပေါင်ရိုးအနီးက ချောင်းရိုးကလေးထဲမှာ တဘက်ကျနေရစ်ခဲ့လေရဲ့။
အဲဒီချောင်းအနီးမှာ စေတီတည်တော့ မြတဘက်ကျစေတီ တဲ့။ ရှမ်းမိဖုရားစောမွန်လှဟာ ဆက်ပြီး ပြေးလွှားလာလိုက်တာ ထုံးဘိုကျေးရွာ (မန္တလေးနဲ့ ၁၅ မိုင်လောက်အကွာမှာ ရှိတယ်) နားက ချောင်းကို အဖြတ် နားတောင်းကျခဲ့ပြန်တယ်။ အဲဒီ ချောင်းရဲ့အမည်ကလည်း ဒီနေ့အထိ နားဋောင်းကျချောင်းအဖြစ် အမည်တွင်နေတယ်။ နားဋောင်းကျချောင်းနဲ့ ဒုဋ္ဌဝတီမြစ် ဆုံတဲ့ ကုန်းမြင့်ထိပ်မှာ စေတီတည်ထားပြီး နားဋောင်းကျစေတီလို့ ဘွဲ့တော်တွင်တယ်။ ရွှေစာရံစေတီကတော့ ပြင်ဦးလွင်-မန္တလေးကား လမ်း ထုံးဘိုကျေးရွာအရောက် (မန္တလေးမြို့နဲ့ ၁၅ မိုင်လောက် အကွာမှာ ရှိတဲ့ ရွာ) လမ်းရဲ့ ညာဘက်ထဲ သီးသန့်ဝင်သွားရတယ်။ ရွှေစာရံစေတီကိုလည်း မိဖုရားစောမွန်လှက တည်ထားကိုးကွယ် ခဲ့တယ်။
ဘုရားပွဲဈေးတန်း
မန္တလေးမြို့တည် နန်းတည်ရာမှာတော့ ဘဝရှင်မင်းတုန်း မင်းတရားကြီးက မန္တလေးအရှေ့တောင်ယွန်းယွန်းက ရွှေစာရံ စေတီတော်ကို ရွှေကြိုးသတ်နယ်နိမိတ်အတွင်း ထည့်သွင်းခဲ့ တယ်။ ရှေးမင်းမိဖုရားတို့ရဲ့ ကောင်းမှုတော်ဖြစ်လို့ ရွှေစာရံက မန္တလေးမြို့နဲ့ မိုင် ၂ဝ လောက်အကွာမှာ တည်ရှိပေမယ့် ရွှေကြိုး သတ်နယ်နိမိတ်ထဲ အမြော်အမြင်ရှိရှိ ထည့်သွင်းခဲ့တာပါ။
ကျွန်တော်တို့စီးလာတဲ့ ဆိုင်ကယ် အောင်ပင်လယ်ကန် ပေါင်ကျော်လို့ သမ္မတောရွာကို ရောက်တော့ သမ္မတောက အရင် သမ္မတောမဟုတ်တော့ဘူး။ တဲအိမ်စုစုနဲ့ သမ္မတောမဟုတ်တော့ ဘဲ စတီးစထွက်ချာတွေ၊ အာရ်စီတွေ၊ နံကပ်တွေ ဟည်းထနေတဲ့ ပီဘိမြို့ငယ်လေးဖြစ်နေပြီ။ ပြင်ဦးလွင်-မန္တလေးကားလမ်းနံဘေး က လယ်ကွက်တွေက သိန်းထောင်ချီတန် ကြေးရှိနေပြီလေ။
လက်ကောင်းရွာရောက်တော့ ပန်းဈေးတန်းမှာ ဆိုင်ကယ် ခဏရပ်ပြီး ဓာတ်ပုံဆင်းရိုက်ဖြစ်တယ်။ ကျောက်မီး၊ ထုံးဘို၊ တတိုင်းရှည်ဘက်က ပန်းစိုက်တောင်သူတွေရဲ့ ပန်းတွေကို လက် ကောင်းရွာပန်းဈေးမှာ လာရောင်းကြတာပါ။ ဆိုင်ကယ်နောက် မှာ လူနှစ်ယောက်ဖက်စာလောက်ရှိတဲ့ ပန်းစည်းကြီးတွေ တင်ပြီး ဈေးကွက်အရောက် လာရောင်းကြတဲ့ ပန်းစိုက်တောင်သူတွေကို တွေ့ရတယ်။
လက်ကောင်းရွာကအလွန်မှာ မအေးမွန်တို့ကားက ကျွန် တော်တို့ဆိုင်ကယ်ကို ကျော်တက်သွားတယ်။ သူတို့က ကျွန် တော်တို့ဆိုင်ကယ်ကို လက်ပြနှုတ်ဆက် မောင်းသွားကြပြီး ကျွန် တော်တို့ဆိုင်ကယ်က ဖြည်းဖြည်းမှန်မှန်ပဲ သူတို့နောက်က မောင်း လာခဲ့တယ်။ လမ်းခရီးတစ်လျှောက် ပုသိမ်ကြီးမြို့နယ်ထဲက ကုလားကြီးခြံရွာ၊ ကျောက်မီးရွာတို့ကို ဖြတ်ကျော်ခဲ့တယ်။ ထုံးဘို ရွာအလွန် အုန်းချောရွာရောက်တော့ လမ်းညာဘက်က ရွှေစာရံ သွားတဲ့ လမ်းခွဲအတိုင်း ဝင်လာခဲ့ကြတယ်။
ကျွန်တော် ခပ်ငယ်ငယ်က ရွှေစာရံဘုရားပွဲကို သွားတဲ့ အခါ မ္တလေးမြို့တွင်း သကျသီဟဘုရားမှာ ဂိတ်ထိုးတဲ့ အမှတ် ၁၁ ယာဉ်လိုင်းက ချက်ပလက်ကားပြာကြီးတွေ စီးပြီးသွားရတာ အမှတ်ရမိတယ်။ ချက်ပလက်ကားကြီးတွေဆိုတော့ လှည်းကြမ်း ကြီးစီးရသလိုပဲ။ မှတ်တိုင်ရပ်ပြီဆိုရင် တမေ့တမောအကြာကြီး ရပ်တော့တာ။ မနက်စောစော အိမ်ကထွက်ရင်တောင် ညနေ မိုး စုန်းစုန်းချုပ်ပါမှ အိမ်ပြန်ရောက်တော့တာပေါ့။ အခုတော့ ဂ္တ လရာဇ်စိန့်တိုင်းဖြစ် ဆိုင်ကယ်နဲ့ စိတ်သွားတိုင်းကိုယ်ပါ ဖြစ်နေ ပြီလေ။
အရင်က အုန်းချောရွာနဲ့ ရွှေစာရံသွားတဲ့လမ်းက ဖုန် တထောင်းထောင်း ထတဲ့လမ်း၊ အုန်းချောနဲ့ ရွှေစာရံက လေး၊ ငါး မိုင်လောက်သာ ဝေးတာပါ။ အခုတော့လည်း ကတ္တရာလမ်း ဖြူး ဖြူးဖြောင့်ဖြောင့်ကြီး ဖြစ်သွားပါပြီ။ အုန်းချောရွာနဲ့ ရွှေစာရံကို ဆက်သွယ်ထားတဲ့ လမ်းတစ်လျှောက်မှာ အမျိုးသားယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ်ကြီးကို တွေ့ရတယ်။ အဲဒီတက္ကသိုလ်ကြီး အလွန်မှာ ခရိုင်ချင်းဆက်လမ်းနဲ့ ရွှေစာရံကို သွားတဲ့လမ်းခွဲကို ရောက်တယ်။ ကျွန်တော်တို့စီးလာတဲ့ဆိုင်ကယ် ရွှေစာရံလမ်းခွဲ အတိုင်း ညာဘက်ကို ချိုးကွေ့ခဲ့ကြတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လုံခြုံရေးတပ်ခွဲ ၄ ကို လွန်တော့ ရွှေစာရံကျေးရွာ မူလတန်း ကျောင်းကို တွေ့ရပြီ။
ရွှေစာရံစေတီရောက်ခါနီး လမ်းဘေးဝဲယာတစ်လျှောက် ထန်းရည်ဆိုင်လေးတွေ အစီအရီတွေ့ရတော့ ဝန်ကြီးပဒေသရာဇာ ရဲ့ နွေဦးကာလမြူထသောအခါကဗျာကို သတိရမိသေးတယ်။ ဆိုင်ကယ်နောက်က ထိုင်လိုက်လာတဲ့ ကျွန်တော့်အိမ်သူကတော့ ဘာမှသိပုံမရဘူး။ ကျွန်တော့်မှာတော့ ထန်းရည်ဆိုင်တွေမြင် တော့ ဈေးကွက်စီးပွားရေးနဲ့ ထန်းရည်ဆိုင်တွေလည်း ဒရွတ် တိုက် ပါလာပါသော်ကောရယ်လို့ အတွေးနယ်ချဲ့မိရပြန်တယ်။
ထန်းရည်ဆိုင်တန်းတွေ လွန်ပြန်တော့ ဝါးတားဂိတ်ကို တွေ့ရတော့တာပါပဲ။ ဘုရားပွဲတော်ကို လာသမျှ ကား၊ ဆိုင်ကယ် အားလုံးကို တားပြီး အလှူခံဖြတ်ပိုင်းစာအုပ်နဲ့ အလှူခံတော့တာ ပဲ။ ဆိုင်ကယ်တစ်စီး ကျပ် ၅ဝဝ၊ ကားတစ်စီး ကျပ် ၁,ဝဝဝ ကောက် ခံတာပါ။ ရွာခံဖြစ်ပုံရတဲ့ လူငယ် ဆယ့်လေးငါးယောက်က အညာ နွေရဲ့ ချစ်ချစ်တောက်ပူတဲ့ နေရောင်ခြည်အောက်မှာ ချွေးတလုံး လုံးနဲ့ အလှူခံနေကြတာဖြစ်တယ်။
”ဘာအတွက်အလှူခံတာလဲဗျ”လို့ အလှူငွေထည့်ရင်း ကျွန်တော်မေးခွန်းထုတ်တယ်။ သူတို့နောက်နားမှာ ချိတ်ဆွဲထား တဲ့ ဘကကျောင်းရန်ပုံငွေဆိုတဲ့ ဗီနိုင်းဆိုင်းဘုတ်ကို လက်ညှိုးထိုး ပြတယ်။ ကျွန်တော်က ဗီနိုင်းပိုစတာကို အလှူခံတဲ့သူတွေနဲ့ အနီး အနား ခရီးသွားတွေ မြင်သာတဲ့နေရာမှာ ချိတ်ဆွဲထားပြီး ဘက ကျောင်းရန်ပုံငွေအတွက် အလှူခံပါတယ်လို့ ပြောပြီး အလှူခံရင် အလှူငွေတွေ ဒီထက်မကရနိုင်ကြောင်း ပြောဖြစ်တယ်။ အလှူခံ ပုဂ္ဂိုလ်တွေက ကျွန်တော့်ကို (မတောင်းဘဲပေးတဲ့ အကြံဉာဏ် တွေအတွက်)လျှာရှည်တဲ့သူလို့ ထင်ကြလေမလား မသိဘူး။ တချို့ဘုရားဖူးတွေက အလှူခံလို့သာ အလှူငွေတွေ ထည့်ခဲ့ကြရ တာ ဘာအတွက်အလှူခံမှန်း သိကြတာမဟုတ်ဘူး။
အလှူခံအဖွဲ့ကိုကျော်ပြီး တစ်ခဏအတွင်းမှာပဲ ရွှေစာရံ ဘုရားရှေ့က ယာဉ်ရပ်နားကွင်းထဲကို ဝင်ခဲ့ကြတယ်။ ယာဉ်ရပ် နားကွင်းအတွင်းမှာ ဆိုင်ကယ်အပ်ခ တစ်စီး ကျပ် ၅ဝဝ ကောက် ခံတယ်။ ယာဉ်အပ်လက်ခံရာမှာ စနစ်တကျ ဖြတ်ပိုင်းစာရွက်တွေ နဲ့ လုပ်ထားတယ်။ မ္တလေးမြို့တွင်းကထက် ယာဉ်ရပ်နားခဈေး နှစ်ဆလောက်ကြီးပေမယ့် ဘုရားအတွက်ပါပဲဆိုတဲ့ စိတ်နဲ့ ဘုရား ဖူးတွေက အသာတကြည်ပေးခဲ့ကြတာချည်းပါပဲ။
ယာဉ်ရပ်နားကွင်းကအထွက်မှာ မင်းကွန်းသားငှက်လှေ ဆရာက ခရီးဦးကြိုပြုတယ်။ ဒုဋ္ဌဝတီမြစ်အတွင်း ငှက်လှေစီးရင် သူ့ငှက်လှေနဲ့ ပို့ပေးနိုင်တဲ့အကြောင်း ကျွန်တော်တို့ကို ဖိတ်ခေါ် တယ်။ ကျွန်တော်တို့ဇနီးမောင်နှံနှစ်ယောက်တည်း မဟုတ်တဲ့ အကြောင်း၊ အခြားမိတ်ဆွေတွေလည်းပါသေးကြောင်း ပြောပြ တယ်။ ငှက်လှေဆရာက ဇွဲကောင်းတယ်။ ကျွန်တော်တို့နဲ့ ထပ်ကြပ်မကွာ စေတီရင်ပြင်ပေါ်အထိ လိုက်ပါလာတယ်။ ဘုရား ရှိခိုးကန်တော့ပြီးချိန်အထိ စိတ်ရှည်လက်ရှည်စောင့်ရှာတယ်။ ဘုရားရင်ပြင်တော်ပေါ် ခဏကြည့်နေတုန်း မင်းကွန်းသား ငှက် လှေဆရာက ဒုဋ္ဌဝတီမြစ်ရိုးတစ်လျှောက် ဆန်တက်ခဲ့ရပုံတွေ ပြောပြတယ်။
ကျွန်တော်တို့ ရင်ပြင်တော်ပေါ်ကနေ လှေဆိပ်ရှိရာကို ဆင်းလာကြတယ်။ စောင်းတန်းတစ်လျှောက်မှာ ထန်းရွက်ပုတီး သည်တွေ၊ ဝါးသေနတ်ရောင်းသူတွေ၊ မုန့်ပဲသရေစာ ရောင်းချသူ တွေ တွေ့ရတယ်။ ချည်ထည်အင်္ကျီရောင်းတဲ့ဆိုင်နဲ့ ဝေါ်လ်ရှိ ပြက္ခဒိန်ရောင်းတဲ့ဆိုင်လေးတွေလည်း ရှိတယ်။ မုန့်ဆိုင်တွေထဲ မှာ ကရေကရာ၊ မုန့်ခေါင်းအုံး၊ အညာသားကျောကုန်းရောင်းတဲ့ ဆိုင်တွေက မိန်းမပျိုလေးတွေ ဈေးဝယ်ကို အလုအယက်ခေါ်နေကြတယ်။
ဘုရားပွဲတော်မှာ ရောင်းဖို့ပြင်ဆင်နေစဉ်
လှေဆိပ်ရောက်တော့ ကင်မရာကိုယ်စီ ကိုင်ထားကြတဲ့ သတင်းသမားတွေကို တွေ့ကြရတယ်။ ဆဲဗင်းဒေးနယူးစ်က ကိုတာ၊ ဒီဗီဘီက တာရာ၊ မန္တလေးအလင်းက သက်စု၊ မော်ဒန်နဲ့ ကုမုဒြာက ခေမဏီ၊ သတင်းစာကျောင်းက မအေးမွန်တို့ အုပ်စု လိုက် လှေဆိပ်မှာ ကင်မရာကိုယ်စီနဲ့ အလုပ်ရှုပ်နေကြတာလေ။ သူတို့အုပ်စုကလည်း နန်းတော်ကျွန်းရွာသားရဲ့ လှေ ငှားထား သတဲ့။ ကျွန်တော်တို့နဲ့ပါလာတဲ့ မင်းကွန်းက ငှက်လှေဆရာကို နားဝင်အောင် ရှင်းပြရတယ်။ ကျွန်တော်တို့က တစ်ဖွဲ့တည်းဖြစ် ကြောင်း၊ မိတ်ဆွေတွေငှားထားတဲ့လှေနဲ့ ပေါင်းလိုက်မှာဖြစ် ကြောင်း၊ ကျွန်တော်တို့ကို အချိန်ပေးစောင့်လို့ ကျေးဇူးတင် ကြောင်းပြောပြီး သူ့လှေကို ငှားမစီးဖြစ်ပေမယ့် လိုက်ပါကူညီခဲ့ လို့ လက်ဖက်ရည်ဖိုးဆိုပြီး ကျပ် ၂ဝဝဝ ပေးလိုက်တယ်။ နန်းတော် ကျွန်းရွာသား ငှက်လှေဆရာကိုလည်း ကျွန်တော်တို့ပါ လိုက်ပါ စီးနင်းမှာဖြစ်ကြောင်း သေချာရှင်းပြရသေးတယ်။
ငှက်လှေဆရာက ဘာမှမပြောဘဲ ပြုံးပြုံးနဲ့ သဘောတူ ကြောင်း ခေါင်းညိတ်ပြတယ်။ ကျွန်တော်တို့ ရွှေစာရံစေတီက နေ နားဋောင်းကျစေတီရှိရာကို ငှက်လှေနဲ့ သွားကြမှာလေ။ ငှက် လှေပေါ်ကို ကျွန်တော်တို့အားလုံး တက်သွားကြတယ်။ ငှက်လှေ ဆရာရဲ့ သားက လှေဦးမှာထိုင်တယ်။ ငှက်လှေဆရာက အင်ဂျင် ကို နှိုးလိုက်တယ်။ ငှက်လှေဆရာကတော်ကတော့ လှေဆိပ်မှာပဲ ဧည့်ကြိုဖို့ ကျန်ခဲ့တယ်။
ဒုဋ္ဌဝတီမြစ်ရေက ကြည်လင်အေးစက်နေတယ်။ ဒုဋ္ဌဝတီ မြစ်က စဉ့်ကိုင်မြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်ကို နယ်နိမိတ်အဖြစ် ပိုင်းခြားပြီး ရစ်ခွေစီးဆင်းနေတာဖြစ်တယ်။ ရွှေစာရံစေတီက ပုသိမ်ကြီးမြို့နယ်ထဲမှာရှိပြီး မြစ်ဟိုဘက်ကမ်းက စဉ့်ကိုင်မြို့နယ် မီးသွေးဖုတ်ရွာ၊ မကြာသေးခင်ကာလတွေကအထိ မီးသွေးဖုတ် ရွာက တော်တော်ခေါင်တဲ့ရွာစာရင်းထဲမှာ ပါဝင်ခဲ့ပေမယ့် အခု တော့ ထော်လာဂျီသံ တဂီးဂီး၊ ဆိုင်ကယ်သံ တဝေါဝေါ၊ ဟမ်းဖုန်း သံ တတီတီနဲ့ မြို့ရည်မြို့သွေးဝနေပြီ။ ရွာမှာ မူလွန်ကျောင်းဖွင့် လှစ်ထားနိုင်ပြီတဲ့။
ငှက်လှေဆရာက နန်းတော်ကျွန်းရွာကနေ ဒုဋ္ဌဝတီကို ဆန်တက်ခဲ့ပုံတွေ ပြောပြတယ်။ (နန်းတော်ကျွန်းရွာက မ္တလေး မြို့ရဲ့ အနောက်မြောက်စွန်းစွန်း မိုင် ၂ဝ လောက်အကွာ မင်းကွန်း ရဲ့ တစ်ဖက်ကမ်းက ဧရာဝတီမြစ်ရိုးက ရွာဖြစ်တယ်)မိသားစု သုံး ယောက် အိုးခွက်ပန်းကန်အစုံအလင်နဲ့ မနက်စောစောမောင်း လာတာ ညနေစောင်းမှ ရွှေစာရံရောက်ပါသတဲ့။ နှစ်စဉ်နှစ်တိုင်း ရွှေစာရံဘုရားပွဲတော်ရာသီမှာ ရောက်အောင်လာခဲ့တာ ၁၃ နှစ် ရှိနေပြီ။ သူ့အဘိုးတွေလက်ထက်ကတည်းကတော့ အခုလို အင် ဂျင်နဲ့ မဟုတ်ဘဲ လူအားစိုက်ပြီးသာ လှော်ခတ်ခဲ့ကြရတာလို့ ဆိုတယ်။
ရွှေစာရံစေတီ
ကျွန်တော်တို့ငှက်လှေ ဒုဋ္ဌဝတီမြစ်အတိုင်း အောက်ဘက် စုန်ဆင်းလာလိုက်ကြတာ ၁၅ မိနစ်လောက်လည်း ကြာတော့ နားဋောင်းကျစေတီကို ရောက်တယ်။ နားဋောင်းကျချောင်းနဲ့ ဒုဋ္ဌဝတီမြစ်ဆုံ ကမ်းပါးထိပ်မှာ တည်ထားတဲ့ နားဋောင်းကျစေတီ ကို မြစ်အတွင်းက ဖူးမြော်ရတာ အလွန်သပ္ပာယ်တယ်။ ဘုရားရင် ပြင်တော်ပေါ်ရောက်အောင် လှေကားထစ်တွေအတိုင်း တက်ခဲ့ ကြတယ်။ စေတီရင်ပြင်တော်ပေါ်မှာ အမှတ်တရဓာတ်ပုံရိုက်နေသူ တချို့ကို တွေ့ရတယ်။ အခုရိုက်အခုယူဓာတ်ပုံဆရာတွေထဲမှာ ဓာတ်ပုံဆရာမတွေလည်း ပါတယ်။ ကျွန်တော်တို့လည်း အားကျ မခံ ဓာတ်ပုံရိုက်ကြပြန်တယ်။ သူ့ပုံကိုယ်ရိုက်၊ ကိုယ့်ပုံသူရိုက်နဲ့ အပြန်အလှန်ရိုက်ကြတာလေ။ ဓာတ်ပုံရိုက်လို့အားရတော့ ရင် ပြင်တော်အနီးက ဆိုင်လေးမှာ ခဏနားပြီး စားကြသောက် ကြတယ်။
ငှက်လှေဆရာရဲ့သားလေးက လှေဆိပ်နားမှာ ထိုင်နေတာ တွေ့လို့ ကျွန်တော်တို့က လှမ်းခေါ်လိုက်တယ်။ ဆယ်နှစ်အရွယ် လောက်သာ ရှိသေးပေမယ့် သွက်လက်တယ်။ မိဘကို ကူညီလုပ် ကိုင်ပေးရကောင်းမှန်း သိနေပြီ။ လက်ဝဲသမားတွေစကား ငှား သုံးရရင် ဘဝက အသိကို ပြဋ္ဌာန်းပေးလိုက်တာပါပဲ။ ကျွန်တော် တို့က ငှက်ဆရာသားအဖစောင့်နေရတာကို အားနာလို့ သား ဖြစ်သူကို ကျွန်တော်တို့နဲ့ အတူစားဖို့ ဖိတ်ခေါ်လိုက်တယ်။ ကလေးက နေပါစေ၊ မစားတော့ပါဘူးလို့ ရည်ရည်မွန်မွန်ပြော တယ်။ သူက ရည်မွန်ပြလေ ကျွန်တော်တို့မှာ ပိုပြီး အားနာရလေ ဖြစ်ရတယ်။ ဒါနဲ့ပဲ မီးသွေးဖုတ်ရွာနားက ငွေသောင်ယံကို သွားဖို့ ကျွန်တော်တို့စီးလာတဲ့ ငှက်ဆရာကိုပဲ ဆက်ငှားမယ့်အကြောင်း ပြောလိုက်တယ်။ ငွေသောင်ယံက ရွှေစာရံစေတီတစ်ဖက်ကမ်းက မီးသွေးဖုတ်ရွာခြေမှာ ရှိတယ်။ ပြန့်ပြူးတဲ့ သဲသောင်ပြင်ခြေမှာ ရောင်စုံထီးလေးတွေ ဖွင့်ပေးထားပြီး လာရောက်အပန်းဖြေနိုင် အောင် စီစဉ်ပေးထားတယ်။
ကျွန်တော်တို့ ဆိုင်ထဲမှာ စားသောက်နေတုန်း ဆိုင်ရှင် အစ်မက တောကြောင်ရလာလို့ စားကြမလား မေးသေးတယ်။ ဗိုက်လည်း ပြည့်လုလုဖြစ်လို့ ရှားတောင့်ရှားပါး တောကြောင် သားကို ငြင်းလိုက်ရတယ်။ စားသောက်ပြီးတဲ့အခါ ငွေသောင်ယံ ဘက်ကို ကူးဖို့ စက်လှေဆိပ်ကို ဆင်းခဲ့ကြတယ်။
ဒုဋ္ဌဝတီမြစ်အတွင်းက မြင်တွေ့ရတဲ့ ရွှေစာရံဆိပ်ကမ်း
ငွေသောင်ယံက ရွှေစာရံစေတီနဲ့ မျက်စောင်းထိုး၊ ဒုဋ္ဌဝတီ မြစ်ရဲ့ တစ်ဖက်ကမ်း မီးသွေးဖုတ်ရွာခြေရင်းမှာ ရှိတယ်။ နား ဋောင်းကျကနေ ငွေသောင်ယံကို သွားတဲ့ခရီးက အဆန်ခရီးဖြစ် လို့ အသွားခရီးထက် အချိန်ပိုကြာတယ်။ ငွေသောင်ယံကို စက် လှေဆိုက်တော့ ဆိုင်ဖွင့်ရောင်းချတဲ့ မိသားစုက အစား အသောက်တွေ မှာယူစားသောက်နိုင်ကြောင်း လာပြောတယ်။
တပြန့်တပြူးရှိလှတဲ့ သဲသောင်ပြင်ကြီးပေါ်မှာ ရောင်စုံထီး တွေ မိုးပြီး စားသောက်ဖွယ်တွေ ရောင်းချပေးနေတာပါ။ ပွဲတော် ရက်မှာ ရောင်းချတဲ့ ဆိုင်ဖြစ်ပေမယ့် ထူးထူးခြားခြား ဈေးပိုမယူ ဘူး။ လက်ဖက်သုပ်တစ်ပွဲ ကျပ် ၅ဝဝ၊ ရေသန့်တစ်လီတာ တစ်ဘူး ကျပ် ၃ဝဝ သာ ယူတယ်။ အဲ… ဒါပေမဲ့ ငွေသောင်ယံပေါ်မှာ လာ ရောက်အပန်းဖြေအနားယူကြသူတွေကိုတော့ စက်လှေဆရာ တွေဆီက လူတစ်ယောက် ကျပ် ၂ဝဝ ကောက်ခံပါသတဲ့။
ကျွန်တော်တို့နဲ့ အတူပါလာတဲ့ အရာတော်နယ်သား ကိုတာက ဒုဋ္ဌဝတီမြစ်ရေထဲမှာ ဘောကွင်းငှားပြီး ရေဆင်းကူး တယ်။ မသက်စုက ကိုတာငှားလာတဲ့ ဘောကွင်းနဲ့ အမှတ်တရ ဓာတ်ပုံရိုက်တယ်။ ကျွန်တော့်အိမ်သူရယ်၊ ခေမဏီရယ်၊ တာရာ ရယ်က မြစ်ကမ်းစပ်မှာ ဓာတ်ပုံရိုက်ကြတယ်။ ကျွန်တော်တို့အဖွဲ့ ငွေသောင်ယံမှာ နားနားနေနေ စားကြသောက်ကြမှာမို့ စက်လှေ ဆရာကို ပြန်လွှတ်လိုက်တယ်။ ကျွန်တော်တို့စားသောက်တိုင်း စက်လှေဆရာသားအဖကို ရင်းနှီးမှုနဲ့ ခေါ်ကျွေးပေမယ့် သူတို့က အမြဲတမ်းယဉ်ယဉ်ကျေးကျေးငြင်းတယ်။ နောက်ထပ်နာရီဝက် လောက်နေမှ ကျွန်တော်တို့ကို လာခေါ်ဖို့ စက်လှေဆရာကိုမှာ တော့ သေချာပေါက် လာခေါ်မှာဖြစ်ကြောင်း စိတ်အေးလက်အေး နားကြဖို့ သူက ပြန်ပြောတယ်။
တချို့ကခုလို အပန်းဖြေကြတယ်
ရွှေစာရံကျေးရွာ နောက်ခံထားတဲ့ မြန်မာရုပ်ရှင်ကားတစ် ကားရှိတယ်။ အကယ်ဒမီဆုတွေတောင် ရသွားသေးတယ်လေ။ ‘ကိုးဆယ်ဆသာလိမ့်မယ်’ဆိုတဲ့ မြို့တော်မောင်ယဉ်အောင်ရဲ့ ဇာတ်ကား။ ရန်အောင်၊ ကျော်ရဲအောင်၊ နန္ဒာလှိုင်နဲ့ မိုးဒီတို့ ပါဝင် သရုပ်ဆောင်ခဲ့ကြတယ်။ ဒီဇာတ်ကားက ဗီဒီယိုခေတ်ဦးမှာ မင်း သားကြီးဦးညွန့်ဝင်း သရုပ်ဆောင်ခဲ့သေးတယ်။
ရုပ်ရှင်တွေ၊ ဗီဒီယိုတွေရဲ့ အရင် မြို့တော်အင်အားစုရဲ့ ဇာတ် ခုံပေါ်မှာ ပြဇာတ်ကောင်းအဖြစ် ပရိသတ်ရဲ့ လက်ခုပ်သံတွေ ကောင်းကောင်းချူယူနိုင်ခဲ့တဲ့ ပြဇာတ်လည်း ဖြစ်တယ်။ ရွာစား စိန်တင်ဟန်ရဲ့ ထန်းရွက်ပုတီးသီချင်းကို ဇာတ်ဝင်သီချင်းအဖြစ် အသုံးပြုထားတာ ကျွန်တော် အမှတ်ရမိတယ်။ ရွာစားစိန်တင် ဟန်က အငြိမ့်မင်းသမီး ညိုညိုဆန်းအတွက် ရေးစပ်ပေးခဲ့တာဖြစ် ပြီး သဘင်ရပ်ဝန်းမှာ မှတ်တိုင်စိုက်နိုင်ခဲ့တဲ့ တေးသီချင်းဖြစ်တယ်။
‘ဟေဝန်စုံမြိုင် xxx တောဂနိုင်ဆန်းကြယ် xxx မမောနိုင် နန်းမယ် xxx မောင်ရယ် xxx လိုက်ခဲ့ပါလားကွယ် xxx ညိုညို ဆန်းက ခေါ် ခေါ်ပါတယ် xxx မ္တလေးရွှေမြို့ရဲ့ အရှေ့ဆီ xxx မျှော် မှန်းရွယ် xxx နွားကြန်စုံခြေကုန်မောင်းတော့ xxx မြေတုန်စောင်း အောင် xxx လှည်းဘီးလေးက xxx ချာချာလည် xxx မောင့် သူငယ်ချင်းတွေ xxx အလွန်ပင်ဆော့ခဲ့ xxx ရှင်မွန်လှရဲ့ xxx နား ဋောင်းကျချောင်းအထက်ဝယ် xxx ခရီးသွားကြတော့ xxx သမီး ရည်းစားဘဝ xxx ဘာလိုလိုရယ် xxx ရင်ထဲ ဖိုလှိုက်နေမိတယ် xxx ကျွန်မတို့အရွယ် xxx ကဖို့ရယ်xxx အသက်မကြီးသေးပေါင် xxx မောင်ရယ် xxx ထန်းရွက်ပုတီးလေး ဆွဲဖို့ xxx ရွှေစာရံကို xxx အရောက်သွားလို့ဝယ် xxx အဖော်တွေ ပျော်ပျော်ပါးပါး xxx မော် တော်ကားနဲ့ကွယ်xxx’
ကျွန်တော်တို့ စားသောက်ပြီး မကြာခင်မှာပဲ စက်လှေ ဆရာသားအဖ ရောက်လာကြတယ်။ ကျွန်တော်တို့အားလုံး စက် လှေပေါ်ကို တက်ခဲ့ကြတယ်။ စက်လှေ ကမ်းကခွာမယ်လုပ်တော့ စက်လှေဗိုက်နဲ့ ရေအောက်ကြမ်းပြင်ထိနေလို့ ထွက်မရဘူး။ ကျွန် တော်အပါအဝင် သုံးယောက်လောက် စက်လှေပေါ်က ဆင်းလိုက် မှ ကမ်းကခွာလို့ ရတော့တယ်။ ရွှေစာရံဆိပ်ကမ်းဘက်ရောက် တော့ ဇရပ်တွေထဲမှာ ဝါးနဲ့ ဓားလုပ်နေတဲ့ မိသားစုကို တွေ့ကြရ တယ်။ သူတို့က ကျောက်ဆည်နယ်သားတွေတဲ့။ နှစ်စဉ်နှစ်တိုင်း ပွဲတော်ရက်ရောက်တဲ့အခါ မိသားစုလိုက် ဝါးတွေဝယ်ပြီး ရိုးရာ လက်မှုလုပ်ငန်းတွေလုပ် ရောင်းချကြသူတွေ ဖြစ်တယ်။ ကျွန် တော်တို့တစ်ဖွဲ့လုံး ရေငတ်တုန်း ရေတွင်းထဲကျသလို သတင်း မရှာဘဲ သတင်းလာတွေ့နေပါပကော။
ကင်မရာကိုယ်စီ၊ ရီကော်ဒါကိုယ်စီ၊ မှတ်စုစာအုပ်ကိုယ်စီနဲ့ ခရီးသွားဟန်လွှဲ အလုပ်လုပ်ကြပြန်တယ်။ ဓားတွေလုပ်ဖို့ ဝါးတွေ ဖြတ်တောက်နေသူ ပါတယ်။ ဆေးသုတ်နေတဲ့ အိမ်ရှင်မကို အင် တာဗျူးတဲ့သူက ဗျူးတယ်။ သတင်းဓာတ်ပုံကောင်းရဖို့ နေရာစုံ က မှတ်တမ်းတင်သူက တင်တယ်။ ကျွန်တော်တို့ လုပ်ပုံကိုင်ပုံကို ပါးစပ်အဟောင်းသားနဲ့ ငေးနေတဲ့ ဘုရားဖူးသားအမိ ရှိတယ်။ မူလတန်းအရွယ် ကျောင်းသားလေးနဲ့ သူ့အမေဖြစ်ဟန်တူတဲ့ အမျိုးသမီးတို့က ဇရပ်အပြင်ဘက်ကနေ ကြည့်နေကြတာပါ။ ကျွန်တော်က သတင်းထောက်တွေ တွေ့ဆုံမေးမြန်း မှတ်တမ်း တင်နေကြတာဖြစ်ကြောင်း ရှင်းပြလိုက်တယ်။
Photo: Than Naing Oo ထန်းရွက်ပုတီးများ အပါအဝင် အမှတ်တရပစ္စည်းများ အရောင်းဆိုင်
ကျွန်တော်တို့ ဇရပ်က အထွက်မှာ နေ ထန်းတစ်ဖျားမက တော့ဘူး။ ကိုတာက အဝတ်အစားတွေ ရေစိုကုန်လို့ ဘတ်စ်ကား စီးပြန်တယ်။ ကျွန်တော့်အိမ်သူက မအေးမွန်တို့ကားနဲ့ ပြန်တယ်။ အပြန်လမ်းမှာ ဆိုင်ကယ်နဲ့ ကျွန်တော်တစ်ယောက်တည်းရယ်။
ရွှေစာရံခရီးက ကျွန်တော်တို့တစ်ဖွဲ့လုံးအတွက် အမှတ်ရ ချက်တွေနဲ့ ပြည့်နေမှာ သေချာတယ်။ နေ့ချင်းပြန်ခရီးဖြစ်ပေမယ့် စိမ်းလန်းတဲ့ သဘာဝဝန်းကျင်၊ အေးမြတဲ့ စမ်းရေစီးသံ၊ လွမ်းမော ဖွယ် ဒဏ္ဍာရီတွေကို တွေ့ကြုံခံစားခဲ့ရတာ မဟုတ်လား။ မိတ် ဆွေတို့လည်း မန္တလေးမြို့ကို ခရီးကြုံတဲ့အခါ ရွှေစာရံကို အရောက် သွားဖို့ ဖိတ်ခေါ်ပါရစေ။ ။
၂၀၁၆-ဇူလိုင်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၆)မှ ခရီးသွား ဆောင်းပါး ဖြစ်ပါသည်။