သဇင်လတ်
ရန်ကုန်-၂၀၂၀ အောက်တိုဘာ ၁၁ (မော်ကွန်း)
COVID -19 ရောဂါ အတည်ပြုလူနာများနှင့် သံသယလူနာများထားရှိသော စာသင်ကျောင်းများနှင့် တက္ကသိုလ်အဆောက်အဦများကို မဲရုံအဖြစ်လျာထားချက်မှပယ်ကာ ယာယီမဲရုံများဆောက်လုပ်ကာ မဲပေးနိုင်ရန် စီစဉ်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ အတွင်းရေးမှူး ဦးတင်မောင်အေးက မော်ကွန်း သို့ပြောသည်။
“Quarantine စင်တာလုပ်ထားတဲ့အဆောက်အဦတွေဆိုရင်ကျွန်တော်တို့က အဲ့ဒီမှာမဲရုံလျာ ထားခဲ့တဲ့ နေရာတွေရှိတယ်ဆိုရင် ကျွန်တော်တို့ဒါ သက်ဆိုင်ရာအစိုးရနဲ့ညှိနှိုင်းပြီးတော့ သီးခြားမဲရုံတွေဆောက် လုပ်မှာပါ”ဟုဦးတင်မောင်အေးကဆိုသည်။
လက်ရှိတွင်မဲရုံအဖြစ် စာသင်ကျောင်းများနှင့်တက္ကသိုလ်များကို အဓိကလျာထားခြင်းဖြစ်ပြီး Quarantine စင်တာအဖြစ်အသုံးပြုနေသော အဆောက်အဦများပါ၀င်နေမှုကို စိစစ်နေဆဲဖြစ်သည်ဟု ဦးတင်မောင်အေးက ပြောသည်။
ရန်ကုန်တိုင်းတွင်မဲရုံအဖြစ် အဆောက်အဦခြောက်ထောင်နီးပါးလျာထားပြီး ထိုအထဲတွင်COVID -19 ရောဂါဖြစ်ပွားမှုကို ကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်စေရန်ရည်ရွယ်ကာတိုးချဲ့ထားသည့်မဲရုံပေါင်း လေးရာကျော်ပါ၀င်သည်ဟု ၎င်းကဆိုသည်။
အခြေခံပညာဦးစီးဌာန၏ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်၀င်းက မြန်မာတစ်နိုင်ငံလုံးတွင် အခြေခံပညာကျောင်းစုစုပေါင်း ငါးသောင်းကျော် ရှိကာ COVID -19 ကူးစက်မှုမြင့်မားနေသဖြင့် တစ်နိုင်ငံလုံးရှိကျောင်းများကို Quarantine စင်တာ အဖြစ်အသုံးပြုခွင့်ပေးထားပြီး မည်မျှအသုံးပြုထားသည်ကို သီးခြားစာရင်းကောက်ယူထားခြင်းမရှိကြောင်းဆိုသည်။
ရန်ကုန်တိုင်းတွင်ဆန္ဒမဲပေးခွင့်ရှိသူ ၅၈ သိန််းရှိကာ ပါတီပေါင်း ၄၀ ကျော်နှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် အပါအ၀င် ကိုယ်စားလှယ်လောင်း ၉၅၃ ဦး၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ကျန်းမာရေးနှင့်အားအစား၀န်ကြီးဌာန၏ထုတ်ပြန်ချက်များအရ လက်ရှိတွင်ရန်ကုန်တိုင်းသည် COVID-19 ရောဂါအတည်ပြုလူနာ ၁၈,၀၀၀ ကျော်နှင့် မြန်မာတစ်နိုင်ငံလုံးတွင် ရောဂါဖြစ်ပွားမှုအများဆုံး တိုင်းဒေသကြီးတစ်ခု ဖြစ်ကာ Quarantine စင်တာများနှင့်ဆေးရုံများတွင် အသွားအလာ ကန့်သတ်ထားရှိထားသူ စုစုပေါင်း နှစ်သောင်းနီးပါးရှိနေသည်။
ပုဇွန်တောင်မြို့နယ် အ.ထ.က (၁) တွင် ဖွင့်လှစ်ထားသော Community Based Quarantine Center ကို ယနေ့ တွေ့ရစဉ်။
ဓါတ်ပုံ – မော်ကွန်း
#Dailynews

