ရေကောင်းရေသန့် လုံလောက်အောင် ပေးပါ အပိုင်း(၂)

ရေကောင်းရေသန့် လုံလောက်အောင် ပေးပါ အပိုင်း(၂)

 

Photo: Kaung Myat Moe

၂၀၁၅၊ မေလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ် (၂၃)မှ သတင်းဆောင်းပါးမှဖြစ်ပါသည်။

လင်းမြတ်ရေးသား သည်။

ဘုံပိုင်ကန်များ ခေတ်ကုန်ပြီလား

ထို့အပြင် ယခင်က မြို့နယ်တချို့တွင် ရေဖြန့်ရာ၌ အသုံး ပြုခဲ့သည့် ဘုံပိုင်ရေကန်များ တဖြည်းဖြည်း အသုံးနည်းလာ ပြီဖြစ်သည်။ သာကေတမြို့နယ်သို့ မော်ကွန်းမှ သွားရောက်လေ့ လာခဲ့စဉ်က အသုံးမပြုကြတော့သည့် ရေမရှိသည့် ဘုံပိုင်အုတ် ကန်များကို မြင်တွေ့ခဲ့ရသည်။ ကန်တချို့တွင် အမှိုက်များပင် ကျ နေသည်။ ရေပိုက်လိုင်းများ လှိုင်လှိုင်မပေါသေးခင်က ထိုဘုံပိုင် ရေကန်များတွင် ရပ်ကွက်အလိုက် တန်းစီရေခပ်ခဲ့ကြသည်။

သို့သော် ယခုအချိန်တွင် ထိုရေကန်များမှ ရေထွက်သံကို မကြားရဘဲ နေအိမ်များမှ ရေစုပ်စက်သံ တညံညံကိုသာ ကြားနေ ရသည်။ ရပ်ကွက်သူ၊ ရပ်ကွက်သားတချို့၏ အဆိုအရ အဝီစိရေ တွင်းပိုင်ဆိုင်သည့် အိမ်က အနီးအနားအိမ်များကို အခကြေးငွေ ဖြင့်ဖြစ်စေ၊ အခမဲ့ဖြစ်စေ ရေဖြန့်ဝေကြနေကြသည်များလည်း ရှိသည်။

သို့သော် သာကေတမြို့နယ် ရပ်ကွက်တချို့တွင် သောက် ရေအတွက် ရေကန်များကို အားကိုးနေရဆဲဖြစ်သည်။ သာ ကေတ ၇ ရပ်ကွက်  သောက်ရေကန်မှ ရေကို  အနီးအနားရပ်ကွက် အများစုက သောက်သုံးကြသည်။ ၎င်းရပ်ကွက်ထဲတွင် ရေထမ်း သမား ဦးအညာသားကို အားကိုးကြရသည်။ အသက် ၅ဝ ရှိပြီ ဖြစ်သည့် ဦးအညာသားက ထိုရပ်ကွက်တွင် ရေရောင်းသည်မှာ ခုနစ်နှစ်ခန့်ရှိပြီဖြစ်သည်။ သူတို့ရပ်ကွက်တွင် အများစုက ၎င်းကို လက်လွတ်၍မရဟု ဦးအညာသားက ရယ်ရယ်မောမော ဂုဏ်ယူ လိုက်သေးသည်။

သူ့မှာ ရေတွန်းလှည်းတော့ မရှိ။ သူက အဝါရောင်ဘူးနှစ် ဘူးတပ် ဆင်ထားသည့် သူ့၏ဆိုင်းထမ်းဖြင့် ရေမှာယူသည့် အိမ် သို့ အရောက်သွားပို့သည်။

အဝါရောင်ရေဘူးဖြင့် ရေခြောက်ထမ်းအတွက် ငွေကျပ် ငါးရာယူသည်ဟု ဦးအညာသားက ဆိုသည်။ မနက်ပိုင်းတွင် ရေ ခပ်ပါက ငွေကျပ်ငါးထောင်လောက်ရသည်။ ပြီး နေ့လယ်ပိုင်းတွင် ဦးအညာသားအနားယူတော့သည်။

ရေရသည် သို့သော်…

မြောက်ဥက္ကလာ (ည)ရပ်ကွက်မှ ဒေါ်မေဝင်းတို့အိမ်မှာ တော့ စည်ပင်ရေရသည်။ သို့သော် နေ့ခင်းဘက်တွင် ရေအား နည်းသဖြင့် ရေပိုက်မှ ရေမှာ လေး၊ ငါးပေလောက် မြင့်သော အုတ်ကန်အထိ မတက်သည့်အဖြစ်နှင့် ကြုံနေရသည်။ ထို့ကြောင့် ညသန်းခေါင်ကျော်တွင် ထပြီး ရေစောင့်ဖွင့်ရသည်။ လူသုံးနည်း သည့် သန်းခေါင်ကျော်ချိန်မှ ရေထွက်အားကောင်းသည်ဟု ဆိုသည်။

”ညဘက်မှ ပုံမှန်(ရေ)လာတယ်။ ညသန်းခေါင်ချိန်လေး တော့ ဂရုစိုက်ပေးနေရတာပေါ့”ဟု ဒေါ်မေဝင်းက ပြောသည်။

သူ့၏ အိမ်နီးနားချင်းတချို့က ရေစုပ်စက်များသုံးပြီး ရေ တင်ထားကြသည်။ ယခု ဒေါ်မေဝင်းတွင် ရေစုပ်စက် မရှိသဖြင့် ရေအားကောင်းသည့်အချိန်ကိုသာ ထိုင်စောင့်ရခြင်းဖြစ်သည်။ညဘက်စုဆောင်းထားသောရေကို သုံးရေအဖြစ်အသုံးပြုပြီး သောက်ရေအဖြစ် ရေသန့်ဘူးများ ဝယ်သောက်သည်။ လွန်ခဲ့ သော ၂ဝ၁၅၊ ဇန်နဝါရီလအတွက် ရေဖိုး ၁,၇၇၂ ကျပ်ပေးခဲ့ရ ကြောင်း ရေမီတာစာရွက်ကို ပြရင်း သူက ပြောသည်။ ရေခွန် တစ်လတစ်ကြိမ် ပေးပြီး ရေကို တစ်ည တစ်ကြိမ် စောင့်ခပ်နေရသူ များဖြစ်သည်။

ဒေါ်မေဝင်းနေထိုင်သည့် မြောက်ဥက္ကလာ (ည)ရပ်ကွက် တွင် လွန်ခဲ့သည့် ခုနစ်နှစ်ခန့်က စည်ပင်မှ ရေစတင်ဖြန့်ဝေခဲ့ သော်လည်း အဝီစိတွင်းတူးပြီး ရေဖြန့်ဝေသူတချို့ ရှိနေသေး သည်။ ဒေါ်မေဝင်းတို့အိမ်ရှေ့မှဖြတ်ပြီး တွန်းသွားသည့် ရေစည် လှည်းတချို့ကို မြင်ရ၍ မေးကြည့်တော့ အဝီစိတွင်းရေ ရသောအိမ်များမှ ရေရောင်းသည့် တွန်းလှည်းများဖြစ်သည်ဟု ဒေါ်မေ ဝင်းက ရှင်းပြသည်။

ဤအခြေအနေများက စည်ပင်မှ ဖြန့်ဝေသည့် ပိုက်ရေများ ထင်သလောက် အလုပ်မဖြစ်သေးသည်ကို လှစ်ဟပြနေကြသည်။

ရေပြဿနာ ဦးစားပေးဖြေရှင်းပါ

ရေပြဿနာကို ဖြေရှင်းရန် အစိုးရ၊ ပြည်သူနှင့် NGO များက တစိုက်မတ်မတ် ပါဝင်ဖို့ လိုအပ်သည်ဟု ဒေါက်တာခင်နီနီ သိန်းက ဆိုသည်။ သို့ရာတွင် ၎င်းတို့ ဦးဆောင် ပြုလုပ်သည့် ရေ ဆိုင်ရာ ဆွေးနွေးပညာပေးပွဲများ၊ အစည်းအဝေးများတွင်ပင်NGO၊ အစိုးရနှင့် ပြည်သူလူထုတို့မှ အင်တိုက် အားတိုက်ပါဝင်မှု အားနည်းသည်ဟု သုံးသပ်သည်။

‘NGO တွေကလည်း ဖိတ်ရင်လာတယ်။ ခဏပဲ။ စကား နားထောင်ပြီး ပြန်သွားတယ်။ ပြည်သူတွေကလည်း ဖိတ်ရင် လာ တယ်။ စကားနားထောင်ပြီး ပြန်သွားတယ်။ အစိုးရကတော့ ဖိတ် ရင်တောင်မလာပါဘူးကွယ်။ စကားနားထောင်ဖို့နေနေသာသာ”

ရေပညာပေးရေးလုပ်ငန်းကလည်း အလွန်အရေးကြီး သည့် လုပ်ငန်းတစ်ခုဟု ပညာရှင်များက ရှုမြင်ကြသည်။ ရေ အသုံးပြုသူများက ရေတန်ဖိုးကို နားလည်ရန် လိုအပ်သော ကြောင့် ရေပညာပေးလုပ်ငန်းများကို အစိုးရ၊ NGOနှင့် မီဒီယာ များက လုပ်ရမည်ဟု ဒေါက်တာခင်နီနီသိန်းက ဆိုသည်။

ရေကို စီမံခန့်ခွဲရန်မှာ အစိုးရအလုပ်ဟုဆိုနိုင်သော်လည်း ထိုရေများ လေလွင့်ဆုံးရှုံးခြင်းကို တတ်နိုင်သမျှကာကွယ်ဖို့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့က ရေအသုံးပြုသူများ၏တာ ဝန်ဖြစ်နေသည်။

မြေအောက်ရေကို ထုတ်ယူသုံးစွဲကြသလို ပြန်လည်အစား ထိုးဖြည့်ပေးရန်လည်း လိုအပ်သည်သည်။ ရေကို မြေကြီးထဲသို့ ပြန်စိမ့်ဝင်စေခြင်းဖြင့် မြေအောက်ရေလျော့နည်းမှုကို တစ်ဖက် တစ်လမ်းက ထောက်ကူနိုင်သည်ဟု ဒေါက်တာခင်မောင်လွင်က တိုက်တွန်းသည်။

”ရာသီဥတုကိုတော့ ဖန်တီးလို့မရဘူး။ ဒါပေမဲ့ ရန်ကုန်မြို့ ထဲမှာ ရှိနေတဲ့ ရေတွေကို ပြန်လည်စိမ့်ဝင်သွားအောင် ဖန်တီးဖို့ လိုမယ်”ဟု ဒေါက်တာခင်မောင်လွင်က ပြောသည်။

သို့ရာတွင် ရေစိမ့်ဝင်ရန် ခက်ခဲသည့် ကွန်ကရစ်အဆောက် အအုံ၊ ကွန်ကရစ်လမ်းမများက ရန်ကုန်မြေကြီးကို ရေပြန်ဖြည့်ဖို့ အဟန့်အတားဖြစ်လာစေသည်။ ထိုသို့မလုပ်ပါက ပင်လယ်နှင့် နီးသော ရန်ကုန်မြို့အဖို့ မြေအောက်ရေလွှာတွင် ရေငန်များ ကြီး စိုးသွားလိမ့်မည်ဖြစ်သည်။

မြေအောက်ရေပြဿနာ ဖြေရှင်းနိုင်ဖို့က လူတိုင်းအပေါ် တွင် မူတည်နေပြီး ဦးဆောင်အကောင်အထည်ဖော်ရမည့် ရန်  ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင်လည်း အခက် အခဲ ကန့်သတ်ချက်တချို့ ရှိနေဆဲဖြစ်သည်။ ထိုပြဿနာများ အတွက် ငွေကြေးနှင့် နည်းပညာများလိုအပ်နေသည်ဟု ရေနှင့် သန့်ရှင်းမှုဌာနမှ ဒုတိယဌာနမှူး ဦးမျိုးသိန်းက ဆိုသည်။

”ငွေကြေးရှိပြီး နည်းပညာမသိလည်း လုပ်လို့မှ မရတာ။ နည်းပညာရှိတယ်။ လူအင်အားရှိတယ်။ ငွေမရှိရင် လုပ်လို့ မရ ပြန်ဘူး။ ဒါ့အပြင် ဒီကဏ္ဍကိုဆက်လုပ်သွားဖို့လည်း လိုတယ်။ မဟုတ်ရင်လည်း ရေရှည် ထိရောက်မှုမရှိပြန်ဘူး။ ပုံမှန်အလုပ် ပေါ့”ဟု ၎င်းက ပြောသည်။

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး (JICA) နှင့် မြို့တော်စည်ပင်တို့ ပူးပါင်းကာ ၂ဝ၄ဝ ခုနှစ်အထိ ရန်ကုန်တွင် တိုးလာမည့်လူဦးရေကို လိုက်လျောညီထွေမည့် ရေ ပေးဝေရေးစနစ်ဖြစ်လာရန် Master Plan တွင် ထည့်သွင်းရေးဆွဲ ထားပြီးဖြစ်သည်ဟု ဦးမျိုးသိန်းက ဆိုသည်။

လာမည့် ၁၅ နှစ်တွင် ရန်ကုန်မြို့ ကြီးသည် Mega City ဖြစ်လာရန် ခန့်မှန်းထားကြသည်။ များပြားလာမည့် လူဦးရေအတွက် ရေလုံလောက်စေရန် ကြိုတင်ပြင်ဆင်မှုများအဖြစ် မြို့တော်အနီးအနားဝန်းကျင်ရှိ မြေပေါ်မြေအောက် ရေအရင်းအ မြစ်၊ ရေသယံဇာတများ လေ့လာရှာဖွေရမည်ဟု ဒေါက်တာ ခင်နီနီသိန်းက ဆိုသည်။

မြေပေါ်ရေနှင့် မြေအောက်ရေ သုံးစွဲမှု ပမာဏကိုစီမံခန့်ခွဲ ရာတွင် နိုင်ငံများအလိုက် ပထဝီ အနေအထားများ၊ ရေအရင်း အမြစ်တည်ရှိနေပုံများအပေါ် အဓိကမူတည်၍ မြေအောက်ရေနှင့် မြေပေါ်ရေသုံးစွဲမှုအချိုး ကွာခြားနိုင်သည်။

ရှာဖွေတွေ့ရှိသည့် ရေအအရင်းအမြစ်များ၊ ရေသယံဇာတ များ၏ ပမာဏကိန်းဂဏန်းများအပေါ်မူတည်၍ ထိုအချိန်တွင် ရှိလာမည့်လူဦးရေအတွက် လုံလောက်မည့် ရေသုံးစွဲနိုင်ရေး အတွက် ဘဏ္ဍာငွေကိုလည်း ချင့်တွက်ရန် လိုသည်။ မြို့တော် နယ်နိမိတ်အတွင်းတွင် အထူးစီးပွားရေးဇုန်များ ရှိနေပါက ထိုဇုန်များအတွက်သုံးစွဲမည့် ရေကိုပါ ထည့်သွင်း စဉ်းစားရန် လိုသည်ဟု သူက ဆိုသည်။

ယခုအချိန်တွင် ရေပြဿနာသည် နောင်ခါလာနောင်ခါ ဈေး သဘောဖြင့် လျစ်လျူရှု၍ မရသော ပြဿနာတစ်ရပ် ဖြစ်ပြီး မြေအောက်ရေကို သည်အတိုင်းသာ ဆက်လက်သုံးစွဲနေပါက အနာဂတ်အိပ်မက်ဆိုးများက လူတိုင်းကို စောင့်နေသည်။

မော်ကွန်းက လေ့လာခဲ့သည့် ခြောက်ထပ်တိုက်ကြီးရှိ ရေ စုပ်စက်အိုကတော့ က္ဘာမြေအောက်မှ ရေများကို တဝေါဝေါစုပ် ယူရင်း နားတစ်လှည့်၊ အားတစ်လှည့်ဖြင့် တာဝန်ထမ်းဆောင် ဆဲဖြစ်သည်။ မော်ကွန်းမှ သွားရောက်မေးမြန်းခဲ့သည့် တစ်နာရီ အတွင်း ရေသုံးကြိမ်ခန့် ရေတင်ကြသည်ကို တွေ့ရသည်။ ညနေ နေညိုချိန်ဖြစ်သော်လည်း အထပ်မြင့်အဆောက်အအုံများ ကွယ် နေသဖြင့် ဝင်လုဆဲနေလုံးကြီးကို လူတွေ သတိထားဟန် မပြုကြ။

စမ်းချောင်း၊ ဗဟိုလမ်းတစ်လျှောက်တွင် ကားများက ဥဒဟိုပြေးလွှားနေကြသလို ဘေးတစ်ဖက်တစ်ချက်ရှိ လူနေ တိုက်ခန်းကိုယ်စီရှိ ရေစုပ်စက်များသည်လည်း တဒုံးဒုံး တဒိုင်း ဒိုင်း ညာသံပေးကာ သူနိုင်ကိုယ်နိုင် ရေစုပ်နေကြလေသည်။

အပိုင်း(၁)

[ပြီးပါပြီ။]

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."