အဆိပ်ရည်ရွှမ်းသော အသီးအရွက်များ လိုသလောက်ရမည် အပိုင်း(၂)

ပိုးသတ်ဆေးအန္တရာယ်

မော်ကွန်းမဂ္ဂဇင်းမှ တွေ့ဆုံမေးမြန်းခဲ့သော အသီးအနှံစိုက် ပျိုးသည့် တောင်သူ ၂ဝခန့်သည်(ဓာတ်မြေသြဇာနှင့် ပိုးသတ် ဆေးကိုယ်တိုင်ရောင်းသည့် တောင်သူတစ်ဦးမှ လွဲ၍) စိုက်ပျိုး ရေးလုပ်ငန်းကို အနှစ် ၂ဝမှ အနှစ် ၃ဝ၊ ၄ဝ အထိလုပ်ကိုင်နေကြသူများဖြစ်သည့်တိုင် ပိုးသတ်ဆေးကို စနစ်တကျသုံးစွဲနည်း သင် တန်းတက်ရောက်ထားသူများ မဟုတ်ကြပေ။

သူတို့၏ စိုက်ခင်းများတွင် ပိုးသတ်ဆေးဖျန်းရန် လို၊ မလို နှင့် ပိုးသတ်ဆေး ပြင်း၊ မပြင်းစသည်တို့ကိုသိရန် တိုင်းတာသည့် ကိရိယာမရှိ။ ယင်းတို့ကို တိုင်းတာရန်မှာ သူတို့၏ မျက်စိနှင့် နှာ ခေါင်းများကိုသာ အသုံးပြုကြသည်ဟု တောင်သူများက ဆိုကြသည်။

သူ့အဆိုအရ ပေါက်ပြားတစ်လက်ကို ထမ်းနိုင်သည့် ကလေးအရွယ်ကတည်းက တောင်သူလုပ်ငန်းနှင့် ရင်းနှီးကျွမ်း ဝင်ခဲ့သည့် အုတ်ဖိုမြို့နယ်မှ အသက် ၄ဝ အရွယ် ဦးအောင်ကြီး သည် ပိုးသတ်ဆေးအသုံးပြုသည့် ကာလတစ်လျှောက် မည်သည့် အကာအကွယ်ကိုမှ အသုံးပြုခဲ့ခြင်းမရှိ။

ယခုအချိန်တွင်တော့ သူ၏မျက်လုံးများသည် မှုန်ဝါးလာ သည်။ ယင်းသို့ဖြစ်ခြင်းသည် ပိုးသတ်ဆေးကြောင့်ဟု ဦးအောင်ကြီးက သံသယဖြစ်နေသည်။

ဦးအောင်ကြီးအနီးတွင် ထိုင်နေသည့် တောင်သူတစ်ဦးက လည်း ”ပိုးသတ်ဆေးဖျန်းလို့ ဘာဖြစ်လဲတော့ မမေးနဲ့တော့ဗျာ။ ခုမျက်စိတွေ အရမ်းဝါးလာတယ်။ ဆေးဘူးမှာပါတဲ့ စာတွေကို တောင် ဖတ်လို့မရတော့ဘူး”ဟု သူက ဆိုသည်။

တောင်သူများသည် ပိုးသတ်ဆေးနှင့် အမြဲတစေထိတွေ့ နေရ သော်လည်း ယင်း၏ဆိုးကျိုးများကို ဂဃနဏမသိရှိကြပေ။ အများစုသိရှိသည်မှာ ပိုးသတ်ဆေးသည် ပါးစပ်မှတစ်ဆင့် ခန္ဓာ ကိုယ်ထဲဝင်လျှင် သေတတ်သည်လောက်ပဲဖြစ်သည်။ နှာခေါင်း က တစ်ဆင့်သော်လည်းကောင်း၊ အရေပြားမှတစ်ဆင့်သော် လည်းကောင်း ပိုးသတ်ဆေးများသည် ခန္ဓာကိုယ်ထဲရောက်ရှိနိုင် သည်ကိုမူ အများစုမသိရှိကြပေ။

ပညာရှင်များအဆိုအရ ပိုးသတ်ဆေးနှင့် အမြဲတစေထိတွေ့ နေရပြီး စနစ်တကျမသုံးတတ်ပါက အချိန်ကာလကြာလာသည် နှင့်အမျှ သွေးကင်ဆာနှင့် အခြားကင်ဆာများဖြစ်လာနိုင်သလို အသည်းနှင့် ကျောက်ကပ်လည်း ပျက်စီးတတ်သည်ဟုဆိုပါသည်။ ထို့ပြင် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ပြဿနာများ ဖြစ်ပွား တတ်သလို မျိုးရိုးဗီဇပိုင်းဆိုင်ရာ ပျက်စီးမှုများနှင့်လည်း ကြုံရတတ်သည်ဟု ဆိုပါသည်။

ရှေ့ပြေးရောဂါလက္ခဏာများဖြစ်သည့် ခေါင်းကိုက်ခြင်း၊ မူးမော်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ မျက်စိများ ကျိန်းစပ်ခြင်း၊ အမြင်ဝါးလာခြင်းနှင့် ကြွက်သားများနာကျင်ခြင်း၊ ခြေလက်ထုံ ကျဉ်ခြင်းနှင့် အိပ်မရခြင်းစသည်များ ခံစားနေရလျှင်တောင် ယင်းလက္ခဏာများသည် ပိုးသတ်ဆေးနှင့် ဆက်နွှယ်မှု ရှိ၊ မရှိ ဆို သည်ကို ဆက်စပ်စဉ်းစားနိုင်သူ အနည်းအကျဉ်းသာရှိပါသည်။

မော်ကွန်းမဂ္ဂဇင်းမှ သွားရောက်မေးမြန်းခဲ့သည့် ဒေသမှ တောင်သူအများစုသည် ပိုးသတ်ဆေးပက်ဖျန်းသည့်အခါ လက် အိတ်အပါအဝင် တခြားသော လိုအပ်သည့် အကာအကွယ်ပစ္စည်း များကို အသုံးပြုကြခြင်း မရှိပေ။ ထိုသို့သော အကာအကွယ်များ ဝတ်ရခြင်းသည် သူတို့အတွက် စိတ်ရှုပ်သလို ဖြစ်ရသည်ဟု ဆို ကြသည်။

”ဘာမှမဝတ်ဘူး။ ဒီအတိုင်းဖျန်းလိုက်တာပဲ။ ဘာမှမဖြစ် ဘူး။ ဆေးဘူးက ပေါက်နေရင် ကျောကုန်းမှာတောင် ရွှဲလို့”ဟု ကြက်ခတ္တန်းရွာမှ ဆိုင်ကယ်နှင့် သုံး၊ လေးမိနစ်ခန့်သွားရသည့် ညောင်ဝင်းကျေးရွာမှ တောင်သူအမျိုးသမီးတစ်ဦးက ဆိုသည်။

ဓာတ်မြေသြဇာ မှတ်ပုံတင်ဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ မှ ဒေါ်စန်းစန်းလွင်ကတော့ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည် နယ်များတွင်ရှိသော သီးနံှကာကွယ်ရေးဝန်ထမ်းများသည် စိုက်ပျိုးရေးတောင်သူများအား ပိုးသတ်ဆေးနှင့် ပတ်သက်သည့် ပညာပေးဆွေးနွေးခြင်းများ၊ ကိုင်တွယ်အသုံးပြုပုံများကို သင် တန်းပို့ချပေးလျက်ရှိသည်ဟုဆိုသည်။

သီးနှံစိုက်ပျိုးသူများကို သင်တန်းပို့ချထားပြီးဖြစ်သော် လည်း တောင်သူများ လက်တွေ့အသုံးပြုသည့်အခါ လိုက်နာမှု အားနည်းပုံနှင့် ပတ်သက်ပြီး ယခုလို မှတ်ချက်ပေးသည်။

”သူတို့မှာ တကယ်တမ်းလက်တွေ့ဆောင်ရွက်တဲ့အခါ ကျတော့ ပညာပေးထားတဲ့ အချက်အလက်တွေကိုလည်း မေ့ ကောင်းမေ့နေတာ ဖြစ်ပါလိမ့်မယ်”ဟု ဒေါ်စန်းစန်းလွင်က ပြောသည်။

တောင်သူများအနေဖြင့် စိုက်ပျိုးရေးဝန်ထမ်းများမှ ဘက် စုံသီးနှံကာကွယ်ရေး နည်းလမ်းများကို အခြေခံကာ ပညာပေးမှု ပိုင်းကို ဆောင်ရွက်နေသော်လည်း ဓာတုပိုးသတ်ဆေးနှင့် နှိမ်နင်းနေမှုကို ဆောင်ရွက်ခြင်း၊ ဆေးသုံးစွဲပြီးနောက် ရိပ်သိမ်းချိန်တွင် စောင့်ဆိုင်းရမည့်ကာလကို လိုက်နာခြင်းမရှိ သည့်အတွက် လက်ရှိအချိန်တွင် စားသုံးသူများအနေဖြင့် ဓာတ်ကြွင်းပြဿများကို ကြုံတွေ့နေရသည်ဟု ဒေါ်စန်းစန်းလွင်က ဆို သည်။

သို့သော် တောင်သူလယ်သမားများကမူ သူတို့ကို စိုက်ပျိုးရေးဌာနမှ ဝန်ထမ်းများက ကျေးရွာများအထိလာရောက်ကာ သင်တန်းပို့ချခြင်းမရှိဟု ဆိုကြ သည်။

ဦးအောင်ကြီးကတော့ ”စိုက်ပျိုးရေးဌာနက လူတွေ သင်တန်းလာပေးတာတော့ မကြုံဖူး ဘူး။ ဆေးကုမ္ပဏီက လူတွေ သူတို့ ဆေးလာရောင်းရင်း သုံးစွဲနည်း တွေကို ပြသွားတာတော့ ရှိ တယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ပိုးသတ် ဆေးပါသည့် အသီးအရွက်များကို စားသုံးသည့် အဆင့်မရောက်မီ ပိုးသတ်ဆေးကို ကိုင်တွယ်၊ ရော စပ်သည့် အဆင့်မှာပင် စိတ်ချရသည့် အခြေအနေမရှိ Living Vine Technical Services မှ ဇီဝနည်း ပညာနှင့် စားသောက်ကုန်သိပ္ပံဌာနခွဲမှ နည်းပညာအမှုဆောင် ဒေါက်တာစိုးခိုင်က ထောက်ပြသည်။

”ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ပြည်သူလူထုကို တိတိ ကျကျ ပြတ်ပြတ်သားသားပေးတဲ့ ညွှန်ကြားချက်မရှိဘူး။ ပြီး တော့ ပိုးသတ်ဆေးကိုလည်း ပြည်သူလူထုက အခုမှ ကြောက်ရ ကောင်းမှန်းသိတာ”ဟု သူက ဆိုသည်။

စားသုံးသူ ကာကွယ်ရေးအသင်း ဦးဗအုပ်ခိုင်ကတော့ စိုက်ပျိုးရေးမှ တာဝန်ရှိသူများအနေဖြင့် တစ်ရွာဝင်၊ တစ်ရွာထွက် မဟောပြောနိုင်သည့်တိုင် တီဗီတွင် တောင်သူများသုံးစွဲရမည့် နည်းလမ်း၊ ဈေးကွက်ပို့ရမည့်အချိန်တို့ကို ဇာတ်လမ်း၊ ဇာတ် ကွက်များနှင့် ပညာပေးမှုများ ပြုလုပ်သင့်သည်ဟုဆိုသည်။

”အခုက အဲဒါမျိုးတွေ မရှိဘဲနဲ့ တလွဲ ပညာပေး၊ တလွဲ ဆံပင်ကောင်းနေကြတာပေါ့”ဟု တီဗီကြော်ငြာများတွင် မင်း သမီး၊ မင်းသားများ၏ တလွဲသရုပ်ဆောင်မှုများကို ရည်òန်း၍ ပြောပြသည်။

ကြုံရာသုံး

ထို့အပြင် တောင်သူတို့သည် ဓာတ်မြေသြဇာ၊ အပင်အား တိုးဆေးနှင့် ပိုးသတ်ဆေးတို့ သုံးစွဲရာတွင်လည်း တံဆိပ်မျိုးစုံ၊ အမျိုးအစားမျိုးစုံတို့ကိုသုံးစွဲကြလေသည်။ တချို့သော ဆေးဘူး များတွင် သုံးစွဲရမည့် နည်းလမ်းနှင့် ဆေးတွင် ပါဝင်သည့် အချိုး အစားများကို မြန်မာစာနှင့် အင်္ဂလိပ်စာတို့ဖြင့် ဖော်ပြထားကြ သော်လည်း တောင်သူများသုံးစွဲနေကြသည့် တချို့သော စိုက်ပျိုး ရေးသုံးဆေးဘူးများတွင် တရုတ်စာ သို့မဟုတ် ယိုးဒယားစာများ နှင့်သာ ရေးသားထားကြသည်။

ထိုသို့သော နာမည်မခေါ် တတ် သည့် ဆေးဘူးများကို တောင်သူ များက ဘူးခွံ၊ အိတ်ခွံတွင် ပါသည့် တံဆိပ်များကိုကြည့် ကာ နာမည် ပေးကြသည်။ ဘူးခွံ၊ အိတ်ခွံတွင် ပိုးသုံးကောင်ပုံပါလျှင် ပိုးသုံး ကောင် ပိုးသတ်ဆေး၊ ပိုး တစ်ကောင်ပါလျှင် ပိုးတစ် ကောင် ပိုးသတ်ဆေးဟု ကင်ပွန်းတပ် လိုက်ကြသည်။

ညောင်ဝင်းကျေးရွာ အသက် ၄၆ နှစ်အရွယ် တောင်သူ အမျိုး သမီးတစ်ဦးသည် သူ့အိမ်ဝန်းကျင် အနီးမှ သုံးလက်စဆေးထုပ်အား သွားယူပြီးပြသည်။ သူယူ လာပြသည့် ဆေးထုပ်အခွံ တွင် ပိုးမွှားသုံးကောင်မှလွဲ၍ မြန်မာ စာ၊ အင်္ဂလိပ်စာ တစ်လုံးတစ် ပါဒမျှ မတွေ့ရ။

”ပိုးသုံးကောင်ဆေးလေ။ ဆေးပြင်းတယ်။ ပိုးသေတယ်ဆို လို့ သွားဝယ်တာ။ တစ်ထုပ် ငါးရာပဲပေးရတယ်။ ပိုးဆေးဆိုင်တွေ မှာ ရောင်းတာ”ဟု ထိုတောင်သူအမျိုးသမီးက ပြောသည်။

ထိုပိုးသုံးကောင်ဆေးအား ပိုးသေသည်၊ ဆေးပြင်းသည်၊ ဆေးကောင်းသည်ဟု တစ်ယောက်စကား၊ တစ်ယောက်နား ဆိုသည့်အတိုင်း နာမည်ကျော်လာသဖြင့် သူ၏အနီးပတ်ဝန်းကျင် မှ အခြားတောင်သူများသည်လည်း အသုံးပြုကြသည်ဟု သူက ဆက်ပြောသည်။

ထိုအမျိုးသမီးနှင့် မေးမြန်းနေစဉ် အိမ်ရှေ့သို့ တောင်သူ အမျိုးသားတစ်ဦးရောက်လာပြီး ဒေါသတကြီးဖြင့် အော်ဟစ် လျက် ”မင်း ငါတို့ ထမင်း အိုးလာခွဲတာလား။ ငါတို့က တရားဝင်ပိုးသတ်ဆေးကို သုံးတာကွ”ဟု ဆိုလေသည်။

တကယ်တော့ မြန်မာနိုင်ငံတွင် တရားဝင်အဖြစ် သတ်မှတ် ထားသော စိုက်ပျိုးရေးသုံးဆေးပစ္စည်းများတွင် အသုံးပြုပုံ အဆင့်ဆင့်နှင့် ပါဝင်သည့် ဓာတုဆေးအချိုးအစားများကို မြန်မာ စာဖြင့် ဖော်ပြထားရမည်ဖြစ်သည်။ ထိုစာများ ပါဝင်ခြင်းမရှိပါက တရားမဝင် စိုက်ပျိုးရေးသုံးပစ္စည်းအဖြစ် သတ်မှတ်ကြောင်း ဒေါ်စန်းစန်းလွင်က ဆိုသည်။

သူကဆက်လက်၍ ပိုးသတ်ဆေးအရောင်းဆိုင်များတွင် မှတ်ပုံတင်ထားခြင်းမရှိသောဆေးများ၊ အရည်အသွေးမပြည့်မီ သောဆေးများသည်လည်း တရားမဝင်ပိုးသတ်ဆေးဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင် ခွင့်ပြုထားသည့် ပိုးသတ်ဆေးစုစုပေါင်း ၂,၂၄၄ မျိုးရှိပြီး နောက်ပိုင်းတွင် တရား မဝင် ပိုးသတ်ဆေးများကိုလည်း ကွင်းဆင်းလေ့လာဆောင်ရွက်သွားဖို့ရှိသည်ဟု ဒေါ်စန်းစန်းလွင်က မော်ကွန်းသို့ပြောသည်။

အော်ဂန်းနစ်စိုက်ပျိုးရေးထွက်ကုန်များနှင့် သဘာဝမြေ သြဇာ ထုတ်လုပ်ရောင်းချသော ရှမ်းမောမြေကုမ္ပဏီမှ လုပ်ငန်းဖွံ့ ဖြိုးရေးမန်နေဂျာ ဒေါ်နုနုရီ၏ အဆိုအရ တွံတေးဘက်တွင် D30 အမည ်DDT(Dichlorodipheny Itrichloroethane) ပိုး သတ်ဆေးသုံးစွဲနေမှုကို ၂ဝ၁၃၊ ဒီဇင်ဘာအတွင်း စားနပ်ရိက္ခာအန္တရာယ်ကင်းဝေးရေးနှင့်ပတသ်သက်ပြီး သုတေသန သွားလုပ်စဉ်က တွေ့ခဲ့ရသည်ဟုဆိုပါသည်။

အဆိုပါပိုးသတ်ဆေးသည် အဆိပ်ပြင်းထန်သည့်အတွက် တစ်ကမ္ဘာလုံးတွင် ပိတ်ပင်ထားသောဆေးဖြစ်သည်။ ယင်းဆေး အား တရားမဝင် လမ်းကြောင်းမှ သွင်းလာကြပြီး ပြည်တွင်း ရောက်သည့်အချိန်တွင် ၁ဝဝ စီစီ ပုလင်းများဖြင့် ထုတ်လုပ်ရောင်းချနေခြင်းဖြစ်သည်ဟု ဒေါ်နုနုရီကဆိုသည်။

”မြင်းခွာရွက်မှာ အဲဒီD30ကို သုံးတယ်။ DDT သည် တကယ့်ကို အဆိပ်ပြင်း၊ အန္တရာယ်ပြင်းလွန်အားကြီးလို့ ကမ္ဘာနဲ့ အဝန်း ကမ္ဘာ့အဆင့်အနေနဲ့ နိုင်ငံတကာရဲ့ ပိုးသတ်ဆေးလောက မှာ ပိတ်ထားတယ်”ဟု ဒေါ်နုနုရီက ဆိုသည်။

(၂၀၁၅) ၊ဖေဖော်ဝါရီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ် (၂၀)မှ မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။

ခင်မောင်မြင့်ရေးသည် ၊ သီတာဝင်း နှင့် သီရိဟန်ပံ့ပိုးသည်။

အပိုင်း(၁)   |   အပိုင်း(၃)

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."