အောင်ပိုင်
ရန်ကုန် – ဇူလိုင် ၂၈၊ ၂၀၂၀ (မော်ကွန်း)
အဆင့်မြင့်ပညာကဏ္ဍတွင် Online Learning အတွက် လိုအပ်သည့် ပစ္စည်းကိရိယာများကို ကျောင်းသားများအား ထောက်ပံ့ပေးသွားမည်ဟု ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောသည်။
ကိုဗစ်-၁၉ ရောဂါကြောင့် တက္ကသိုလ်များပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးသည့်အတွက် Online Learning စနစ်ကို အကောင်အထည်ဖော်ရာတွင် ကျောင်းသားများ လိုအပ်သည့် ပစ္စည်းကိရိယာများကို မည်ကဲ့သို့ စီစဉ်ဆောင်ရွက်မည်ကို မော်ကွန်းက မေးမြန်းရာတွင် ပြောခြင်းဖြစ်သည်။
“ကျောင်းသားတွေအတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို အပိုင်မပေးဘူး၊ ထောက်ပံ့ပေးမယ်။ ဒါပဲပြောထားတယ်။” ဟု ၎င်းက ဆိုသည်။
လိုအပ်သည့် ပစ္စည်းကိရိယာ အရေအတွက်ကို စာရင်းပြုစုပုံနှင့် သုံးစွဲမည့်ငွေပမာဏကို မေးမြန်းရာ ပြင်ဆင်နေဆဲဖြစ်ပြီး ပြော၍မရသေးကြောင်း ၎င်းက ဆက်ပြောသည်။
Online Learning နှင့် ပတ်သက်၍ ဒဂုံတက္ကသိုလ်ကျောင်းသား နှစ်ထောင့်ငါးရာကျော်ကို ထိုကျောင်းမှ ကထိကတစ်ဦးက စစ်တမ်းကောက်ယူရာတွင် ကွန်ပျူတာမရှိသည့် ကျောင်းသားအရေအတွက်မှာ ထက်ဝက်ကျော်ရှိပြီး ဒီစနစ်တွင် ပါဝင်ပညာသင်ကြားရန် လိုအပ်သည့် ပစ္စည်းကိရိယာများကို ဝယ်ယူနိုင်ခြင်းမရှိသည့် ကျောင်းသားအရေအတွက်မှာလည်း စစ်တမ်းဖြေဆိုသူများ၏ ထက်ဝက်နီးပါး ရှိသည်။
ရန်ကုန်တက္ကသိုလ် နိင်ငံရေးသိပ္ပံဌာနမှ ကျောင်းသားများက ပြုစုထားသည့် Online Learning ဆိုင်ရာ သုတေသနစစ်တမ်းတွင်လည်း ဖြေဆိုသူ ကျောင်းသား ၅၀၀ ဝန်းကျင်၏ ထက်ဝက်ခန့်တွင် အင်တာနက်သုံးစွဲနိုင်သည့် ကွန်ပျူတာမရှိသည်ကို တွေ့ရသည်ဟု ဖော်ပြသည်။
အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များကော်မတီက တက္ကသိုလ်များတွင် Online မှ သင်ကြား၊ သင်ယူခြင်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဇူလိုင် ၁၄ ရက်က အသိပေးနှိုးဆော်စာကို ထုတ်ပြန်ထားသည်။
#Dailynews