ရေဂင်
ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၂၃ (မော်ကွန်း)
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲကျင်းပရေးအတွက် ပြန်လည်စိစစ်ပေးရန် ပြည်နယ်အစိုးရနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့၏ သဘောထားမှတ်ချက်ကို တောင်းခံထားကြောင်း ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအုတ်ငေါလ်က ပြောသည်။
“ ပလက်ဝနယ်နဲ့ ပတ်သက်လို့ ဒီနေ့နောက်ဆုံးထားပြီး ပြည်နယ်အစိုးရ၊ ပြည်ထဲရေး ဝန်ကြီးဌာနတွေဆီကနေ သဘောထားတောင်းခံခိုင်းတယ်။ ဒီနေ့ နေ့လယ်ကပဲ အစည်းအဝေးလုပ်ပြီး ညနေမှ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို စာပို့ဖို့လုပ်ထားတယ်” ဟု သူက ပြောသည်။
ပလက်ဝမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးစံသာကျော်က ပလက်ဝမြို့နယ်အတွင်း မဲပေးနိုင်မည့် မဲဆန္ဒရှင် ဦးရေ ၆၃,၀၀၀ ကျော်ရှိနေပြီး မဲရုံပေါင်း ၁၇၆ ရုံ၊ မဲရုံဝန်ထမ်း ၂,၀၀၀ ကျော် ရှိကြောင်း ပြောသည်။
ပလက်ဝတွင် ရွေးကောက်ပွဲကျင်းပရန် ကြေညာပြီးဖြစ်သော်လည်း ဘေးကင်းလုံခြုံမှုမရှိပါက ရွေးကောက်ပွဲကို ပြန်လည်ရွှေ့ဆိုင်းပေးမည်ဖြစ်ကြောင်း ပြီးခဲ့သည့် အောက်တိုဘာ (၂၁) ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားခဲ့သည်။
Chin Human Right Organization (CHRO) မှ အချက်အလက်ရှာဖွေရေး တာဝန်ခံဖြစ်သူ ဆလိုင်းတေရက ပလက်ဝမြို့နှင့် အနည်းငယ်အလှမ်းဝေးသည့် ကျေးရွာများတွင် ရွေးကောက်ပွဲကျင်းပနိုင်ရန် လုံခြုံရေးအနေအထားမှာ စိုးရိမ်ရသည့်အနေအထားဖြစ်ပြီး ဒေသခံများမှာလည်း ရွေးကောက်ပွဲနှင့် ပတ်သက်၍ စိတ်ဝင်စားမှု နည်းနေသည်ဟု ပြောသည်။
တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲများဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ်ကိုးခုနှင့် အခြားလေးမြို့နယ်မှ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၅၂ ခုကို ရွေးကောက်ပွဲမကျင်းပမည့် နယ်မြေများအဖြစ် အောက်တိုဘာ ၁၆ ရက်က ထုတ်ပြန်ကြေညာခဲ့သော်လည်း တိုက်ပွဲဖြစ်ပွားမှုများသည့် ဒေသတစ်ခုဖြစ်သော ပလက်ဝမြို့နယ်ကို ကော်မရှင်က ချန်လှပ်ထားခဲ့သည့်အပေါ် နိုင်ငံရေးပါတီတစ်ချို့က ဝေဖန်နေကြသည်။
#Dailynews

