Omni Focus ယာဥ်လိုင်းမှ ယာဥ်မောင်းများအပါဝင်၊ အခြားဝန်ထမ်းများ စိတ်ဆန္ဒရှိမှသာ လာရောက်တာဝန်ထမ်းဆောင်ရန် ယနေ့ ကြေညာချက် ထုတ်ပြန်

Omni Focus ယာဥ်လိုင်းမှ ယာဥ်မောင်းများအပါဝင်၊ အခြားဝန်ထမ်းများ စိတ်ဆန္ဒရှိမှသာ လာရောက်တာဝန်ထမ်းဆောင်ရန် ယနေ့ ကြေညာချက် ထုတ်ပြန်

ဂေထော
ရန်ကုန်၊ ဧပြီ ၁၊ ၂၀၂၀ (မော်ကွန်း)

ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် Omni Focus – YBS ဘတ်စ်ယာဥ်လိုင်းများအားလုံးရှိ ယာဥ်မောင်းများနှင့် အခြားဝန်ထမ်းများကို Covid 19 ကူးစက်ရောဂါကာကွယ်ရေးအတွက် ယနေ့မှစတင်ကာ မိမိတို့ စိတ်ဆန္ဒရှိမှသာ လာရောက်ထမ်းဆောင်ကြရန် Omni Focus – YBS ၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

ထိုသို့ဆောင်ရွက်မှုများကြောင့် ယာဥ်မောင်းများ၏ လာရောက်တာဝန်ထမ်းဆောင်မှုအပေါ် မူတည်၍ နေ့စဥ်ယာဥ်လိုင်းများ၏ ခရီးစဥ်များပြေးဆွဲမှု၊ ယာဥ်လိုင်းတစ်ခုလုံးစီ၏ ယာဥ်အစီးရေ ထွက်ရှိမှုများ အနည်းငယ်ပြောင်းလဲသွားနိုင်ကြောင်း အသိပေးဖော်ပြထားသည်။

“ကျွန်တော်တို့ယာဥ်မောင်းတွေကလည်း ကားတွေကိုနေ့စဥ်မောင်းဖို့ လုပ်နေရတယ်၊ ရုံးကိုလာရတယ်၊ ကားပေါ်မှာ ခရီးသည် အတက်အဆင်းတွေနဲ့လုပ်နေရတယ်။ အဲဒီမှာလည်းကျွန်တော်တို့ မဖြစ်နိုင်ဘူးဆိုတဲ့ဟာက မရှိသလောက်ပါပဲ၊ ရာခိုင်နှုန်းများတာပေါ့နော်၊ အဲဒီအပေါ်မှာ သူတို့ (ယာဥ်မောင်း) ဘက်ကိုလည်း ထောက်ထားပြီးတော့ ကျွန်တော်တို့ စဥ်းစားလိုက်တာပါ” Omni Focus ကုမ္ပဏီ၏ ဦးဆောင်ညွန်ကြားရေးမှူး ဦးထွန်းတောက်ဝင်းက ပြောသည်။

Covid 19 ကူးစက်ရောဂါကာလအတွင်းမှာ ကုမ္ပဏီဘက်က စီစဥ်ဆောက်ရွက်ထားသည့်အတိုင်း လုပ်ဆောင်သွားမည်ဖြစ်ပြီး ကာလတစ်ခုကျော်လွန်သည့်အချိန်၌ ယာဥ်မောင်းနှင့် ကုမ္ပဏီတို့ နှစ်ဦးနှစ်ဘက် အဆင်ပြေစေရန် ညှိုနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် Covid 19 ကူးစက်ရောဂါကာကွယ်ရေးအတွက် ပြည်သူအများစုက နေအိမ်တွင်သာ နေထိုင်ကြသည့်အတွက် ခရီးသွားပြည်သူများ အလွန်နည်းပါးနေပြီး ကားအစီးရေနည်းသွားခြင်းကြောင့် ပြည်သူအချို့မှာတော့ ကားစောင့်ဆိုင်းသည့်အချိန်ကြာမှုတစ်ခု ကြုံလာနိုင်သည်ဟု ဦးထွန်းတောက်ဝင်းက ရှင်းပြသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယမန်ညတွင် ထုတ်ပြန်ထားသည့် စာရင်းများအရ Covid 19 ရောဂါပိုးကူးစက်ခံရသူ ၁၅ ဦးအထိရှိနေပြီး ကူးစက်ခံရသူထဲ၌ အမှတ် (၅) အမျိုးသားလူနာသည် ယမန်နေ့ နံနက်တွင် ကွယ်လွန်သွားခဲ့သည်။

ဓာတ်ပုံ – ဂေထော


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."