ဂေထော
ရန်ကုန် – ၂၀၂၀ နိုဝင်ဘာ ၁၈ (မော်ကွန်း)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၏ နောင်အနာဂတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စနှင့်ပတ်သက်ပြီး ကမ်းလှမ်းချက်အပေါ် ပါတီဗဟိုကော်မတီအလုပ်အမှုဆောင်အစည်းအဝေး၏ အဆုံးအဖြတ် ရယူမည်ဟု မွန်ညီညွတ်ရေးပါတီက မော်ကွန်းသို့ပြောသည်။
“အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်တဲ့အခါမှာ တိုင်းရင်းသားအင်အားစုတွေနဲ့ ဒီမိုကရက်တစ်အင်အားစုတွေ အားလုံးစုပေါင်း လုပ်ဆောင်မှသာလျှင် ဖက်ဒရယ်နိုင်ငံကို တည်ဆောက်နိုင်မယ်၊အမျိုးသားရေးကိုတည်ဆောက်နိုင်မယ်ဆိုတာ ကျွန်တော်တို့ပါတီမှာ မူလကတည်းက ရပ်တည်ချက် သဘောထားရှိပြီးသားပါ”ဟု ယင်းပါတီ၏ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) နိုင်လယိတမ က ဆိုသည်။
ဗဟိုကော်မတီအလုပ်အမှုဆောင်အစည်းအဝေးကို တစ်ပတ်အတွင်း ပြုလုပ်မည်ဖြစ်သည်။ ယမန်နေ့တွင် နေ့လည် ၁ နာရီခွဲက NLD က မွန်ညီညွတ်ရေးပါတီ၏ ဗဟိုဌာနချုပ်ရုံးသို့ နိုဝင်ဘာ ၁၁ ရက်စွဲဖြင့် တရားဝင်အကြောင်းကြားစာတစ်စောင် ပေးပို့ခဲ့ခြင်းဖြစ်သည်။
၎င်းစာထဲတွင် တိုင်းရင်းသားပါတီနှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့၏ ရည်မှန်းချက်များတူညီသည့်အတွက် အဖွဲ့ချုပ်အနေနှင့် နောင်အနာဂတ်တွင် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများကို အလေးထားဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဖော်ပြသည်။
တိုင်းရင်းသားပါတီများအနေဖြင့်လည်း အဖွဲ့ချုပ်က ဖော်ဆောင်မည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ဒီမိုကရေစီဖက်ဒရယ်ပြည်ေထာင်စုအရေးနှင့်ပတ်သက်ပြီး တိုင်းရင်းသားပါတီ ၄၈ ခု ပါဝင်သော ထုတ်ပြန်ချက်တစ်စောင် ကြေညာခဲ့သည်။
ထို့သို့ တိုင်းရင်းသားပါတီထံ NLD ၏ အိတ်ဖွင့်ပေးစာများ၊ပူးပေါင်းဆောင်ရွက်မှု ကမ်းလှမ်းချက်များသည် ပြီးခဲ့သည့် သက်တမ်းအတွင်း မတွေ့ရှိခဲ့ပေ။ယခုနှစ်အထွေထွေရွေးကောက်ပွဲအပြီး တိုင်းရင်းသားပါတီများထံ ပြည်ထောင်စုအရေးနှင့်ပတ်သက်သည့် ကမ်းလှမ်းများသည် ထူးခြားနေကြောင်း နိုင်လယိတမက မှတ်ချက်ပေးသည်။
မွန်ညီညွတ်ရေးပါတီသည် ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်သောအထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း လွှတ်တော် ၁၁ နေရာနှင့် ကရင်ပြည်နယ်တွင် မွန်လူမျိုးရေးရာလွှတ်တော် တစ်နေရာ အနိုင်ရရှိခဲ့သည်။
ပုံစာ – အောက်တိုဘာ ၃၁ ရက်က စမ်းချောင်းမြို့နယ်တွင် မွန်ညီညွတ်ရေးပါတီဝန်းရံသူများ စက်ဘီးစီးနင်းကြစဉ်။
ဓာတ်ပုံ – ဂေထော
#Dailynews

