ရန်ကုန် – ၂၀၂၅ ဇန်နဝါရီ ၁၅ (မော်ကွန်း)
ဒီသီတင်းပတ်အတွင်းမှာ အမေရိကန် တစ်ဒေါ်လာကို ကျပ် ၂၀၀ နီးပါးနဲ့ ရွှေတစ်ကျပ်သားကို ကျပ်ငါးသိန်းဝန်းကျင် မြင့်တက်ခဲ့ပြီးနောက်မှာ စစ်ကောင်စီဗဟိုဘဏ်ဟာ နိုင်ငံခြားငွေလဲလှယ်တဲ့ ဟွန်ဒီလုပ်ငန်းလုပ်ကိုင်သူအများအပြားကို ဖမ်းဆီးအရေးယူခဲ့ပါတယ်။
ပြီးခဲ့တဲ့လပိုင်းက တစ်လလုံးနီးပါး တည်ငြိမ်နေတဲ့ နိုင်ငံခြားငွေဈေးနဲ့ရွှေဈေးနှုန်းဟာ ဒီလ ပထမအပတ်ခန့်ကစပြီး ဆက်တိုက်မြင့်တက်လာခဲ့တယ်လို့ ရွှေငွေဈေးကွက်လေ့လာစောင့်ကြည့်သူတချို့က ပြောပါတယ်။
ဒီဇင်ဘာလပိုင်းမှာ ကန်ဒေါ်လာ လဲလှယ်နှုန်းဟာ တစ်ဒေါ်လာကို ၄,၃၀၀ ကျပ်ဝန်းကျင်မှာ ရှိနေရာ ဒီလပိုင်းမှာတော့ တစ်ဒေါ်လာကို ၄,၆၀၀ ကျပ် ဝန်းကျင်ကို ရောက်ရှိလာပါတယ်။
အလားတူ တစ်ကျပ်သားကို ကျပ်သိန်း ၆၀ ဝန်းကျင်မှာ တည်ငြိမ်နေတဲ့ ပြည်တွင်းအခေါက်ရွှေဈေးဟာလည်း ဒီလပိုင်းမှာ တစ်ကျပ်သားကို ကျပ် ၆၅ သိန်းဝန်းကျင်ထိ မြင့်တက်ခဲ့ပြီး တစ်ကျပ်သား ငါးသိန်းဝန်းကျင် မြင့်တက်ခဲ့တာပါ။
အဲဒီလို ရွှေ၊ ဒေါ်လာဈေး မြင့်တက်ခဲ့ပြီးနောက် ဒီနေ့မှာတော့ စစ်ကောင်စီဗဟိုဘဏ်ဟာ အွန်လိုင်းကနေ နိုင်ငံခြားငွေကြေး ရောင်းချသူတွေကို ဖော်ထုတ်အရေးယူထားတယ်လို့ ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိမှာ သံသယဖြစ်ဖွယ် တရားမဝင်နိုင်ငံခြားငွေ လဲလှယ်.၊ ဝယ်ယူ ၊ ရောင်းချတဲ့ လူပုဂ္ဂိုလ် ၂၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးခဲ့ပြီး လူပုဂ္ဂိုလ် ၁၅ ဦးကို တရားစွဲတာ၊ အမှုဖွင့်အရေးယူတာတွေ ပြုလုပ်ထားတယ်လို့ ထုတ်ပြန်ထားတာပါ။
ဒါ့အပြင် လူမှုကွန်ရက်ကနေ နိုင်ငံခြားငွေကြေး ရောင်းချနေတဲ့ Facebook Group ၁၂ ခု ၊ Facebook Page ငါးခု ၊ လူပုဂ္ဂိုလ်နဲ့ Facebook Account ပိုင်ရှင် ၁၀ ခုတို့ကိုလည်း ဖော်ထုတ်အရေးယူထားပြီး ဗဟိုဘဏ်ရဲ့ တရားဝင်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေကြေးကို ရောင်းချလဲလှယ်တာတွေကို ဆက်လက်ပြီးအရေးယူဖော်ထုတ်သွားမယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ကန်ဒေါ်လာနဲ့ ရွှေဈေးတွေအပြင် တရုတ်ယွမ်၊ ထိုင်းဘတ် လဲလှယ်နှုန်းတွေလည်း ဈေးကွက်ထဲမှာ မြင့်တက်လာတာပါ။
လက်ရှိ ဒေါ်လာဈေးထပ်မံမြင့်တက်မှုက ပြည်တွင်းမှာ ကုန်ဈေးနှုန်းတွေ ထပ်မံမြင့်တက်လာမလားဆိုတာ စောင့်ကြည့်ရမယ်လို့ ဈေးကွက်လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။
“ရွှေဈေးကတော့ သူဈေးတန်းတစ်ခုနဲ့ သွားနေတာပေါ့။ ဒီမှာ ဒေါ်လာလိုအပ်ချက်ပြန်ပြီးတက်လာတဲ့သဘောရှိတယ်။ နှစ်စပိုင်းဆိုတော့ သွင်းကုန်တွေအတွက် ဒေါ်လာ Demand (ဝယ်လိုအား) က တက်နေတယ်။ ကျပ်ငွေက ရေရှည်မတောင့်ခံနိုင်ဘူး။ ဒေါ်လာဈေးတက်တော့ ရွှေဈေးကလည်း လိုက်တက်တာပါ။ ဟွန်ဒီတွေကို ဖမ်းတာက ဖြေရှင်းနည်းတော့မဟုတ်ဘူး” လို့ ရွှေနဲ့ ငွေကြေးဈေးကွက် စောင့်ကြည့်သူလေ့လာသူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကတော့ ဒေါ်လာနဲ့ ရွှေဈေးနှုန်းတွေ ပြန်လည်ကျဆင်းခဲ့ပေမယ့် အခြေခံစားသောက်ကုန်နဲ့ ဆေးဝါး၊ လူသုံးကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေ ကျဆင်းခဲ့တာမရှိပါဘူး။
လက်ရှိမှာလည်း ငွေဈေးနှုန်း မတည်မငြိမ်ဖြစ်နေတာက သွင်းကုန်လုပ်ငန်းတွေ လုပ်ကိုင်ရ ခက်ခဲစေတယ်လို့ ပြည်ပကနေ လူသုံးကုန်နဲ့ အလှကုန်ပစ္စည်းနဲ့ ဆေးဝါးတွေ တင်သွင်းနေသူတချို့က ပြောပါတယ်။
ပြည်ပကနေ ဆေးဝါးတွေ တင်သွင်းရောင်းချသူတစ်ဦးကတော့ “လောလောဆယ်တော့ ဈေးက ငြိမ်နေပါသေးတယ်။ နောက်ပိုင်း ဘယ်လိုလာမလဲတော့ မသိဘူး။ အရင်လှောင်ထားပြီးသားတွေလည်း ရှိနေသေးတော့ ပြောရခက်သေးတယ်။ ဒေါ်လာဈေးတက်ပြီးမှ နောက်ပိုင်းရောက်လာမယ့် အမျိုးအစားတွေတော့ ဈေးပြောင်းသွားတာမျိုးရှိနိုင်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီဗဟိုဘဏ်ဟာ ပြီးခဲ့နှစ်ထဲမှာတော့ ဒေါ်လာဈေးမြင့်တက်မှုကို ထိန်းချုပ်ဖို့အတွက် အွန်လိုင်းပလက်ဖောင်းကနေ လုပ်ငန်းရှင်တွေကို ဒေါ်လာတွေ သန်းရာနဲ့ချီ အလုံးအရင်း ထုတ်ရောင်းပေးခဲ့တာကြောင့် ဈေးကွက် အနည်းငယ် ပြန်လည်ငြိမ်သက်သွားခဲ့သေးတယ်။
စစ်တပ်က အာဏာမသိမ်းခင်ကတော့ ကန်ဒေါ်လာဈေးက တစ်ဒေါ်လာ ၁,၃၀၀ ကျပ်ဝန်းကျင်နဲ့ ရွှေဈေး တစ်ကျပ်သားကို ကျပ်ရှစ်သိန်း ဝန်းကျင်ပဲ ရှိခဲ့ရာက စစ်ကောင်စီလက်ထက်မှာ ရွှေနဲ့ဒေါ်လာဈေးတွေ လေးဆနီးပါး စံချိန်တင် မြင့်တက်ခဲ့တာပါ။

ပုံစာ – နိုင်ငံခြားငွေကြေးတွေနဲ့ အခေါက်ရွှေတုံးတချို့
ဓါတ်ပုံ – မော်ကွန်း

