ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရတက်လာခဲ့သည်မှာ ယခုနှစ် မတ်လကုန်တွင် တစ်နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ ထိုတစ်နှစ်အတွင်း ပြောင်းလဲချိန်တန်သည့်အရာများအနက်မှ မည်သည့်အရာများ အမှန်တကယ် ပြောင်းလဲခဲ့ သနည်းဆိုလျှင် လက်ဆုပ်လက်ကိုင်ပြစရာ မရှိသလောက် နည်းပါးခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။
တပ်မတော်အစိုးရ၏ အုပ်ချုပ်မှု အလွဲအမှားများကြောင့် အစစအရာရာ ချွတ်ခြုံကျခဲ့ရသော တိုင်းပြည်ကို နေ့ချင်းညချင်း ပြောင်း၍မရနိုင်သော်လည်း NLD တက်လာသည့်တစ်နှစ်တာအတွင်းလုပ်ဆောင်ခဲ့သည်များကို ဆန်းစစ်ကြည့်မည်ဆိုလျှင် မြေစမ်း ခရမ်းပျိုးဆိုသကဲ့သို့ အစမ်းသဘောလုပ်ဆောင်ခဲ့သည်များကိုသာ တွေ့ရသည်။
ရန်ကုန်မြို့တွင်း အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ် အသွင်သဏ္ဌ္ဌာန်သာ ပြောင်းလဲပြီး အနှစ်သာရ မပြောင်းလဲသည့် ဖြစ်စဉ်၊ ကွမ်းစားသုံးမှုလျော့ကျရေးနှင့် စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးမှုပပျောက်ရေး မအောင်မြင်သည့် ဖြစ်စဉ်၊ ကျူးကျော်များကို အိမ်နေရာပေးပြီး အလုပ်ပါပေးမည် ဆိုသော်လည်း ယနေ့အထိ အကောင်အထည် ဘာမျှ မမြင်ရသေးသည့် ဖြစ်စဉ်တို့သည် စနစ် တကျ အကောင်အထည်ဖော်မှု အားနည်းပြီး စိတ်ခံစားမှုနောက် လိုက်ပါလုပ်ဆောင်ခဲ့သည့် ဖြစ်ရပ်များထဲမှ အချို့ဖြစ်ပါသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးရရှိရေးမှာလည်း ဇာတ်မျောကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီး စစ်ဘေးရှောင်များ နေရပ်ပြန်ရေးမှာ မှန်းဆမရဖြစ်နေပါသည်။ ပုံစံဟောင်း၊ ပုံစံသစ်နှစ်မျိုးဖြင့် အကျပ်ရိုက်နေသော ရခိုင်ပဋိပက္ခကိုလည်း ငြိမ်းအေး အောင် မဖြေရှင်းနိုင်သေးသဖြင့် မြန်မာ့ပုံရိပ်သည် ကမ္ဘာ့အလယ်တွင် လက်ညှိုးထိုး ကဲ့ရဲ့စရာ ဖြစ်မြဲဖြစ်လျက် ရှိပါသည်။ ထို့ပြင် ဖွဲ့စည်း ပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးမှာလည်း အသံပင် မကြားရတော့ပါ။
ပြောင်းလဲချိန်တန်သည်များကို မပြောင်းလဲနိုင်သည့် တစ်ချိန်တည်းတွင် တစ်နှစ်အတွင်း NLD အစိုးရ၏ အကြီးမားဆုံး ဆုံးရှုံးမှု တွေထဲက တစ်ခုကို ဆွဲထုတ်ပြပါဆိုလျှင် တိုင်းရင်းသားအများစု၏ ယုံကြည်ကိုးစားမှုအား လက်လွှတ်လိုက်ရခြင်းကို ထောက်ပြရလိမ့်မည်။
ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ မဲအများဆုံးရခဲ့သော ရခိုင်အမျိုးသားပါတီကို ရခိုင်ပြည်နယ်ဆိုင်ရာ ဝန်ကြီးချုပ် ရွေးချယ် တင်မြှောက်ခွင့် မပေးခဲ့မှု၊ တိုင်းရင်းသားဒေသများတွင် သေနတ်သံများ တိတ်သွားအောင် မစွမ်းဆောင်နိုင်မှု၊ မွန်ပြည်နယ်တွင် သံလွင် မြစ်ကို ဖြတ်သန်းတည်ဆောက်ထားသော တံတားနာမည်ကို မွန်တိုင်းရင်းသားများ စိတ်ကြိုက် နာမည်ပေးခွင့်မပြုဘဲ လွှတ်တော်က မဲအများစုဖြင့် ၎င်းတို့ စိတ်ကြိုက်နာမည်ကို အတည်ပြုလိုက်သည့် ဖြစ်စဉ်တို့ကြောင့် NLD သည် တိုင်းရင်းသားများအား မျက်နှာသာ မပေး၊ ထောက်ထားညှာတာမှု မရှိဟု ဝေဖန်စရာဖြစ်ခဲ့ရသည်။
ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များ၏ စွမ်းဆောင်ရည်မှာလည်း ကျေနပ်လောက်ဖွယ်ရာ မတွေ့ရသေးသဖြင့် ၎င်းတို့ကို လွှတ် တော်ထဲ ပို့ပေးခဲ့ကြသည့် ပြည်သူများမှာ အားမလိုအားမရဖြစ်လျက်ရှိသည်။ ‘လူကို မကြည့်ဘဲ ပါတီကို ကြည့်ပြီး မဲပေး’ ခဲ့သည်မှာ မှားလေပြီလားဟူ၍ပင် ထောက်ပြဝေဖန်စရာ ဖြစ်နေပါသည်။
အစိုးရဖွဲ့နိုင်လျှင် မည်သည့်အရာများ အကောင်အထည်ဖော်မည်ဟု မိုးခြိမ်းသကဲ့သို့ ကြွေးကြော်ခဲ့သော ကတိကဝတ်များမှာ လည်း ရုပ်လုံးမပေါ်သေးသဖြင့် အဆိုပါ ကတိကဝတ်များကို NLD မေ့များ မေ့သွားပြီလားဟူ၍ပင် မေးမြန်းရမလို ဖြစ်နေပါသည်။ အထူးသဖြင့် အခြေခံဥပဒေပြင်ဆင်ရေးဟု ကြွေးကြော်ကာ လွှတ်တော်ထဲ ဝင်သွားခဲ့ကြသော်လည်း တစ်နှစ်ပြည့်သည့်အချိန်တွင် အသံသဲ့သဲ့မျှပင် မကြားရတော့။
မည်သို့ပင်ဆိုစေ ကျန်ရှိသည့်လေးနှစ်အတွင်း ကတိကဝတ်များကို အစိုးရသစ် မေ့မသွားစေရေး အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံရေးလေ့လာသူများ၊ သတင်းမီဒီယာများ အပါအဝင် ပြည်သူများအနေဖြင့် အစဉ်တစိုက် စောင့်ကြည့်ပြောဆို ထောက်ပြပေး ကြပါရန် ကျွန်ုပ်တို့ မော်ကွန်းက တိုက်တွန်းလိုက်ပါသည်။ ။
၂၀၁၇-ဧပြီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၅)မှ အယ်ဒီတာအာဘော် ဖြစ်ပါသည်။
မော်ကွန်း အယ်ဒီတာအဖွဲ့