ရန်ကုန် – ၂၀၂၂ ၊ ဩဂုတ် ၁၈ ရက် (မော်ကွန်း)
နိုင်ငံတကာမှာ နာမည်ကြီး NIVEA အလှကုန်ပစ္စည်းနဲ့ Hansaplast ထုတ်လုပ်တဲ့ Beiersdorf ကုမ္ပဏီဟာ မြန်မာနိုင်ငံမှ ထွက်ခွါတော့မယ်လို့ Beiersdorf Myanmar မှ တာဝန်ရှိသူတစ်ဦးကမော်ကွန်းကို ပြောပါတယ်။
“အခုဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံတွင်းစျေးကွက် အခြေအနေတွေကြောင့် ဆက်လည်ပတ်ဖို့ မဖြစ်နိုင်တော့လို့ပါ။ Beiersdorf ကုမ္ပဏီရဲ့ လုပ်ငန်းကိစ္စအဝဝ ကိုလည်း လာမယ့် ဒီဇင်ဘာလကုန်ကြရင် DKSH ကို လွှဲပြောင်းပေးအပ်သွားမှာဖြစ်ပါတယ်” လို့ ၎င်းကပြောပါတယ်။
ကုမ္ပဏီမှဝန်ထမ်းတွေကိုတော့ လစာနှစ်နှစ်စာ လျော်ကြေးပေးပြီးအနားပေးလိုက်တယ်လို့ ကနဦး သိထားရပေမယ့် မော်ကွန်းမှ အတည်ပြုနိုင်ဖို့ ကုမ္ပဏီမှ တာဝန်ရှိသူတွေကို ဆက်သွယ်နေတုန်းပါ။
Beiersdorf ကုမ္ပဏီဟာ ဂျာမနီအခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ Hansaplast နဲ့ NIVEA အလှကုန်ပစ္စည်းတွေကို အဓိကထုတ်လုပ်ရောင်းချတာပါ။
ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံက အခုလိုထွက်ခွါသွားပေမယ့် ကုမ္ပဏီရဲ့ ထုတ်ကုန်တွေကိုတော့ အရင်တိုင်းပဲဝယ်ယူအသုံးပြုနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။
အခုလွှဲပြောင်းပေးအပ်ခဲ့တဲ့ DKSH Myanmar ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ၁၉၉၆ ကတည်းက လည်ပတ်နေတဲ့ကုမ္ပဏီဖြစ်ပြီး အဓိကကတော့ မိတ်ဖက်ကုမ္ပဏီတွေရဲ့ လူသုံးကုန်ပစ္စည်းအမျိုးမျိုးကို ဖြန့်ဖြူးရောင်းချပေးနေတာပါ။
စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း တယ်လီနောမြန်မာအပါအဝင် နာမည်ကြီး နိုင်ငံတကာကုမ္ပဏီတစ်ချို့မြန်မာနိုင်ငံကထွက်ခွါနေကြတာပါ။
#Dailynews